■ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလကို နောက်ထပ် ခြောက် လ တိုးမြှင့်သတ်မှတ်

■ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလကို နောက်ထပ် ခြောက် လ တိုးမြှင့်သတ်မှတ်
Published 31 July 2024

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသည် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလကို နောက်ထပ် ခြောက်လ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၂/၂၀၂၄)ကို ယနေ့ (ဇူလိုင် ၃၁ ရက်) နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့် ယူ၍ ဆေးကုသမှုခံယူနေသဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များကို လိုအပ်သလို ဆက်လက် ဆောင်ရွက်နိုင်ရန် အလို့ငှာ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ယာယီသမ္မတတာဝန် ဝတ္တရားများကို လွှဲပြောင်းအပ်နှံခဲ့သောကြောင့် အဆိုပါ အစည်းအဝေးသို့   ယာယီသမ္မတ (တာဝန်)တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူး ဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အစည်းအဝေးတွင် ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယာယီ သမ္မတ ဦးမြင့်ဆွေ ဆေးခွင့်ယူ၍ တာဝန်ဝတ္တရားများဆောင်ရွက်ရန် ပျက်ကွက် နေချိန်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များကို လိုအပ်သလိုဆက်လက်ဆောင်ရွက်နိုင်ရန်အလို့ငှာ ယာယီသမ္မတ တာဝန်ဝတ္တရားများကို ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)ခုနှစ် နှင့်အညီ လွှဲပြောင်းအပ်နှံခဲ့မှုအခြေ အနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံ့တာဝန်များအား စတင်ထမ်းဆောင် ချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာ၌ လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးကို အန္တိမ ရည်မှန်းချက်အဖြစ် ချမှတ် ထားမှုအခြေအနေများ၊ ရွေးကောက်ပွဲအား အရေးပေါ်ကာလကြေညာပြီး(၂)နှစ်ပြည့် မြောက်သည့်အချိန်တွင်ကျင်းပရန် ရည်ရွယ်ဆောင်ရွက်ခဲ့သော်လည်း ဆူပူအကြမ်းဖက်မှု များကြောင့် ဆောင်ရွက်နိုင်ခဲ့မှုမရှိသည့် အခြေအနေများ၊ နိုင်ငံတော် အတွင်း တည်ငြိမ် အေးချမ်းမှုရှိအောင်ဆောင်ရွက်နေမှုအခြေအနေများ၊ ဝိသမလောဘစီးပွားရေးသမား များ၏ နိုင်ငံတော်စီးပွားရေး ကျဆင်းအောင် ဆောင်ရွက်ခဲ့မှုအပေါ် နိုင်ငံ့စီးပွားရေး တိုးတက်မှုရှိအောင် ဆောင်ရွက် နေမှု အခြေအနေများ၊ ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး ပညာရေးကဏ္ဍမြှင့်တင်ပေး နေမှုအခြေအနေများ၊ ပြည်သူအားလုံး၏ ကျန်းမာရေးအဆင့်အတန်း ပိုမိုမြင့်မား လာစေရေးထောက်ပံ့ ဖြည့်ဆည်းပေးနေမှု အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်အောင်ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အကောင် အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ဦးစွာတင်ပြခဲ့ကြောင်း သိရသည်။ 

ထို့အတူ NUG၊ PDF  အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ လုပ်ရပ်များကြောင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရန်လိုအပ်နေမှု အခြေအနေများ၊ ရွေးကောက်ပွဲ ကျင်းပရာတွင် ခိုင်လုံမှန်ကန်သော မဲစာရင်းများ ရရှိရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်ရန် မဖြစ်မနေလိုအပ်နေသည့် အခြေအနေများကြောင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်း တိုးမြှင့်ပေးနိုင်ရန် ဖွဲ့စည်း ပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တင်ပြခဲ့ကြောင်း သိရသည်။

ယင်းနောက်  ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ယာယီ သမ္မတ(တာဝန်)တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)ခုနှစ် ပုဒ်မ ၄၂၅ နှင့်အညီ “နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေ ကြေညာ ထားသည့် ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent