မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းတိုးဖွယ်ရှိကြောင်း နည်းပြ ဂွါဒီယိုလာ အရိပ်အမြွက်ဖွင့်ဟ

မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းတိုးဖွယ်ရှိကြောင်း နည်းပြ ဂွါဒီယိုလာ အရိပ်အမြွက်ဖွင့်ဟ
Photo: Getty Images
Photo: Getty Images
Published 27 July 2024

 

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ၎င်းအနေဖြင့် အသင်းနှင့် စာချုပ်သက်တမ်းတိုးဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။

မန်စီးတီးအသင်းနှင့် ချုပ်ဆိုထားသည့် ဂွါဒီယိုလာ၏ လက်ရှိစာချုပ်မှာ ၂၀၂၄-၂၅ ရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ ဂွါဒီယိုလာအနေဖြင့် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပါက အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

သို့သော် မန်စီးတီးအသင်းတာဝန်ရှိသူများသည် အသင်းသမိုင်းတွင် အအောင်မြင်ဆုံးနည်းပြဖြစ်သည့် ဂွါဒီယိုလာအား လက်လွှတ်လိုခြင်းမရှိဘဲ အနည်းဆုံး တစ်နှစ်ထပ်မံသက်တမ်းတိုးရန် အလိုရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ၂၀၁၆-၁၇ ရာသီအစတွင် စတင်ကိုင်တွယ်ခဲ့ပြီး အသင်းတာဝန်ရှိသူများက ၎င်းအား အသင်းကို ဆယ်နှစ်ပြည့်မြောက်သည့်အထိ ကိုင်တွယ်စေလိုနေခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

ဂွါဒီယိုလာသည် ယခင်က လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးပါက အသင်းမှထွက်ခွာဖွယ်ရှိကြောင်း ပြောကြားလေ့ရှိသော်လည်း ယခုအခါ အသင်းနှင့် စာချုပ်သက်တမ်းတိုးဖွယ်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဂွါဒီယိုလာသည် နယူးယောက်မြို့တွင် ပြုလုပ်သည့် Puma ပါတီ တက်ရောက်စဉ်တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဂွါဒီယိုလာက "ခင်ဗျား ကြိုက်နှစ်သက်တဲ့ အလုပ်တစ်ခုကို လုပ်ရနေရမယ်ဆိုရင် ဘာလို့ အဲဒီအလုပ်ကို ရပ်တန့်ရမှာလဲ။ ကျွန်တော် ကတော့ မန်စီးတီးအသင်းကို ကိုင်တွယ်နည်းပြရတာကို အရမ်းကြိုက်ပါတယ်။ မန်စီးတီးက ကျွန်တော့်ကို ငှားထားတယ်။ ဒီတော့ ဆက်သွားကြတာပေါ့"ဟု ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ငါးကြိမ်ဆက်တိုက်ရယူရန် ရေပန်းအစားဆုံးဖြစ်နေကြောင်းလည်း သိရသည်။ 

Most Read

Most Recent