မွန်ပြည်နယ်တွင် မြို့နယ်အချို့ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ် ရေကျော်နေသဖြင့် ဘီးလင်းမြို့နယ်အတွင်း ကားလမ်းအားယာယီပိတ်ထား

မွန်ပြည်နယ်တွင် မြို့နယ်အချို့ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ် ရေကျော်နေသဖြင့် ဘီးလင်းမြို့နယ်အတွင်း ကားလမ်းအားယာယီပိတ်ထား
Photo-CJ
Photo-CJ
Published 26 July 2024

ယခုဇူလိုင်လ တတိယအပတ်အတွင်း မိုးရက်ဆက်ရွာသွန်းနေမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး၊ ဘီးလင်းမြို့နယ်အတွင်း ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ် ရေကျော်နေသည့် အတွက် ကားလမ်းအား ယာယီပိတ်ထားကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ (၂၆) ရက် နံနက်(၈)နာရီခွဲအချိန် တိုင်းတာချက်များအရ ဘီးလင်းမြစ်ရေမှာ ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် (၁၀၂၂) စင်တီမီတာကို ကျော်လွန်ကာ (၁၁၀၄) စင်တာမီတာသို့ ရောက်ရှိနေပြီး မိုးဆက်လက်ရွာသွန်းနေသည့်အတွက်ကြောင့် မြစ်ရေဆက်လက်တိုးလာနိုင်ကြောင်း ဘီးလင်းဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ဘီးလင်းမြို့ ဘီးလင်းသကြားစက်နှင့် အရက်စက်ရုံအနီး ရန်ကုန် - မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၂၆/၄) နှင့် (၁၂၆/၅) အကြား ရေပြင်အကျယ် ပေ (၇၀၀) ခန့် နှင့် ရေအနက် (၂) ပေခန့်ရှိနေကြောင်း၊ အလားတူ ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာ နှင့် အဝန်းကြီးကျေးရွာကြား ရန်ကုန် - မော်လမြိုင် ကားလမ်းမိုင်တိုင်အမှတ် (၁၂၉/၃) နှင့် (၁၂၉/၄) ကြားတွင် ရေပြင်အကျယ် ပေ (၅၀၀) နှင့် အနက် (၄) ပေခန့်အထိရှိနေကြောင်း ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ဘီးလင်းမြို့ ဘီးလင်းသကြားစက်ရှေ့က ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ကို ရေက မနေ့ညပိုင်းကတည်းကကျော်နေတော့ ကားတွင်သွားလာလို့မရတော့ဘူး။ အဲ့ဒီအပြင်ကို မစောတံတား ဘက်ခြမ်းမှာလည်း ကားလမ်းပေါ်ကို ရေကျော်နေလို့ လမ်းကိုယာယီပိတ်ထားရပါတယ်’’ဟု ပြောကြားသည်။

လက်ရှိတွင် ဘီးလင်းမြို့ ကန်သာယာရပ်ကွက်အပါအဝင် ဘီးလင်းမြစ်ကမ်းဘေးရပ်ကွက်များမှ အိမ်ထောင်စုပေါင်း (၁၈၉) စုမှ  လူဦးရေ (၈၅၀) ခန့်မှာ ဘီးလင်းမြို့နယ် အားကစားရုံ နှင့် အခြားယာယီ ရေဘေးရှောင်စခန်းများတွင် ခေတ္တပြောင်းရွေ့ နေထိုင်နေကြကြောင်းလည်း လူမှုကူညီကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။

အလားတူ မိုးရက်ဆက်ရွာသွန်းပြီး တောင်ကျရေတိုးနေသည့်အတွက် အတ္တရံမြစ်ရေ တိုးလာမှုကြောင့် ကျိုက်မရောမြို့ကမ်းနားပိုင်းနှင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်း အတ္တရံမြစ်ရေ ဝင်ရောက်မှုများရှိနေကြောင်း ကျိုက်မရောမြို့ခံများထံမှ သိရသည်။

“လောလောဆယ်တော့ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လောက်တဲ့အထိတော့ မဖြစ်သေးဘူး။ မိုးဆက်ရွာနေမယ်ဆိုရင်တော့ ကွင်းအပိုင်းက ရွေ့ပြောင်းလုပ်သားမိသားစုတွေကို ယာယီကယ်ဆယ်ရေး စခန်းဖွင့်ပေးရမယ့် အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်” ဟု ကျိုက်မရောမြို့ခံတစ်ဦးက ပြောကြားသည်။

ထို့အတူ ရေးမြစ်ဖျားပိုင်းရှိ ကျောင်းရွာကျေးရွာတွင် မြစ်ရေတိုးလာနေသည့်အတွက် ရေးမြို့ရှိ ကမ်းနားပိုင်းနှင့် အနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံလူမှုကူညီကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။

မွန်ပြည်နယ် မိုးဆက်လက်ရွာသွန်းနိုင်သည့်အတွက်ကြောင့် ရေကြီးရေလျှံခြင်းများအပြင် မြေပြိုမှုများဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။

Most Read

Most Recent