ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် မောင်းနှင်နေသည့် ခရီးသည်တင် မော်တော်ယာဉ်များ Telematics စနစ်တပ်ဆင်ရမည်

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် မောင်းနှင်နေသည့် ခရီးသည်တင် မော်တော်ယာဉ်များ Telematics စနစ်တပ်ဆင်ရမည်
Published 18 July 2024

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် မောင်းနှင်နေသည့် ခရီးသည်တင်မော်တော်ယာဉ်များ Telematics စနစ်တပ်ဆင်ရမည်ဖြစ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

အမြန်လမ်းမကြီးများ ဥပဒေနှင့်အညီ စည်းကမ်းတကျ သွားလာစေရန်၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရန်နှင့် ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် Telematics စနစ်စက်များ တပ်ဆင်ပြီး ၂၄ နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်တပ်ဆင်ခြင်းနှင့် ပညာပေးကာလအဖြစ် ရက်ပေါင်း ၁၂၀ သတ်မှတ်ထားရာ ဇွန် ၁၈ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ သတ်မှတ်ထားကြောင်း၊ အောက်တိုဘာ ၁၆ ရက်မှ စတင်ပြီး Telematics စနစ်စက်များ တပ်ဆင်ထားခြင်းမရှိသည့် ခရီးသည်တင်ယာဉ်ကြီးများကို အမြန်လမ်းသုံးစွဲခွင့် ပြုမည်မဟုတ်ကြောင်း လမ်းဦးစီးဌာနက ထုတ်ပြန်ထားသည်။

“Telematics စနစ် တပ်ဆင်တာကတော့ ကောင်းတယ်။ ယာဉ်မောင်းအများစု မောင်းနေရင်းနဲ့ ကီလိုတက်မှန်းမသိဘဲ မောင်းမိတာတွေဖြစ်တယ်။ အဲ့ဒါတပ်ထားရင် ကီလိုကိုလည်း ထိန်းပြီးသားဖြစ်မယ်” ဟု အဝေးပြေးယာဉ်မောင်းနှင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးတွင် မော်တော်ယာဉ်တိမ်းမှောက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသဖြင့် လူသေဆုံးမှုများရှိနေသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်-မန္တလေး လမ်းမကြီးတွင် ပါဝင်သည့် ရန်ကုန်- နေပြည်တော် အမြန်လမ်းတွင် ရပ်ထားသည့် လိုက်ထရပ်ယာဉ်ကို နစ်ဆန်းကွန်ဒိုယာဉ်က ဝင်တိုက်သဖြင့် အမျိုးသားတစ်ဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။

Most Read

Most Recent