၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၏ ကွာတားဖိုင်နယ်တွင် အသင်းခေါင်းဆောင် မက်ဆီ ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း အာဂျင်တီးနားလက်ထောက်နည်းပြ ပြောကြား

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၏ ကွာတားဖိုင်နယ်တွင် အသင်းခေါင်းဆောင် မက်ဆီ ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း အာဂျင်တီးနားလက်ထောက်နည်းပြ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 1 July 2024

အာဂျင်တီးနားအသင်း၏ လက်ထောက်နည်းပြဖြစ်သူ ဝေါ်လ်တာဆမ်မြူရယ်က အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီသည် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဆင့်တွင် ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

မက်ဆီသည် အာဂျင်တီးနားအသင်း၏ အုပ်စုနောက်ဆုံးပွဲတွင် အရန်စာရင်း၌သာ ပါဝင်ခဲ့ပြီး ဝင်ရောက်မကစားခဲ့ပေ။ အစောပိုင်းက ထွက်ပေါ်ခဲ့သော သတင်းများအရ အာဂျင်တီးနားအသင်းအနေဖြင့် အဆိုပါပွဲရလဒ်မှာ အရေးမပါတော့သဖြင့် နည်းပြ စကာလိုနီက မက်ဆီကို အနားပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင်မူ မက်ဆီသည် ချီလီနှင့်ပွဲ၌ ညာဘက်တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် ပီရူးနှင့်ပွဲတွင် မကစားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများ ထပ်မံထွက်ပေါ်လာခဲ့သည်။

ယခုအခါ လက်ထောက်နည်းပြ ဝေါ်လ်တာဆမ်မြူရယ်က နောက်ပိုင်းသတင်းကို အတည်ပြုခဲ့ခြင်းဖြစ်ပြီး မက်ဆီ၏ ဒဏ်ရာအခြေအနေမှာ တစ်နေ့ထက်တစ်နေ့ တိုးတက်ကောင်းမွန်နေကြောင်းလည်း ပြောကြားခဲ့သည်။

''အခြေအနေက တိုးတက်မှုရှိနေပါတယ်။ ဒါပေမဲ့ တစ်နေ့ချင်း ဆွေးနွေးသွားရမှာဖြစ်ပြီး ဆရာဝန်တွေနဲ့လည်း ညှိနှိုင်းသွားရမှာပါ''ဟု ပြောကြားခဲ့သည်။

မက်ဆီ အရန်ခုံထိုင်ခဲ့သည့် ပီရူးနှင့်ပွဲတွင် ပွဲထွက်ကစားခွင့်ရခဲ့သည့် တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကလည်း လာမည့်ပွဲ၌ မက်ဆီ ကစားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

''လီယို(မက်ဆီ)က အခြေအနေကောင်းပါတယ်။ လာမယ့်ပွဲမှာ သူ ကစားနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ ကျွန်တော် သွင်းယူခဲ့တဲ့ဂိုးကိုလည်း သူ့အတွက် ရည်ညွှန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော်တို့အတွက် ဘယ်လိုအဓိပ္ပာယ် ရှိသလဲဆိုတာ သိထားတာကြောင့်ပါ'' ဟု ပြောကြားခဲ့သည်။

အာဂျင်တီးနားအသင်းသည် ကွာတားဖိုင်နယ်တွင် အီကွေဒေါအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Most Read

Most Recent