ပါရာဂွေးနှင့်ပွဲ၌ ခြေစွမ်းပြနိုင်ခဲ့သော်လည်း ကိုပါအမေရိကပြိုင်ပွဲသည် ကွင်းများ၊ ဒိုင်များနှင့် ပြိုင်ပွဲတာဝန်ရှိသူများကြောင့် အမြဲခက်ခဲသည်ဟု ဗင်နီစီယပ်စ် ဝေဖန်

ပါရာဂွေးနှင့်ပွဲ၌ ခြေစွမ်းပြနိုင်ခဲ့သော်လည်း ကိုပါအမေရိကပြိုင်ပွဲသည် ကွင်းများ၊ ဒိုင်များနှင့် ပြိုင်ပွဲတာဝန်ရှိသူများကြောင့် အမြဲခက်ခဲသည်ဟု ဗင်နီစီယပ်စ် ဝေဖန်
Photo: Getty Images
Photo: Getty Images
Published 1 July 2024

ပါရာဂွေးအသင်းအား (၄-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် (၂)ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သော ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က ကိုပါအမေရိကပြိုင်ပွဲသည် ကွင်းများ၊ ဒိုင်များနှင့် ပြိုင်ပွဲတာဝန်ရှိသူများကြောင့် အမြဲခက်ခဲသည်ဟု ဝေဖန်ပြောကြားခဲ့သည်။

ဗင်နီစီယပ်စ်သည် လက်ရှိအချိန်၌ ဘရာဇီးလ်အသင်း၏ အဓိကအကျဆုံး ဦးဆောင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၏ အုပ်စုအဖွင့်ပွဲတွင် ကော်စတာရီကာအသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသူလည်းဖြစ်သည်။

သို့သော် ၎င်းသည် ပါရာဂွေးအသင်းအား ဂိုးပြတ်အနိုင်ရခဲ့သည့်ပွဲတွင် (၂)ဂိုးသွင်းယူကာ ဝေဖန်သံများကို တိတ်ဆိတ်စေခဲ့သူဖြစ်သည်။

ထို့ပြင် အဆိုပါပွဲမှ ဘရာဇီးလ်အသင်း၏ စွမ်းဆောင်ရည်မှာ လက်ရှိနည်းပြ ဒိုရီဗောလက်ထက် အကောင်းဆုံးပွဲတစ်ပွဲဖြစ်ကြောင်း ချီးကျူးမှုများလည်း ရှိခဲ့သည်။

ဘရာဇီးလ်အသင်းသည် ယင်းပွဲတွင် အနိုင်ရရှိခဲ့သောကြောင့် အုပ်စုပထမနေရာဖြင့် နောက်တစ်ဆင့်တက်ရောက်နိုင်ရန် မျှော်လင့်ချက်ရှိသွားခဲ့ကြောင်းလည်း သိရသည်။

သို့ရာတွင် ယင်းပွဲအပြီးတွင် ဗင်နီစီယပ်စ်က ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ESPN က ဖော်ပြခဲ့သည်။

''ကိုပါအမေရိကပြိုင်ပွဲက အမြဲခက်ခဲပါတယ်။ ကွင်းတွေကြောင့်၊ ကျွန်တော်တို့ကို အမြဲဆန့်ကျင်တတ်တဲ့ ဒိုင်တွေကြောင့်၊ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(CONMEBOL)တာဝန်ရှိသူတွေရဲ့ လူတွေအပေါ် ပြုမူဆက်ဆံပုံတွေကြောင့်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ သန်မာစွာ ရပ်တည်နေပါတယ်။ နိုင်ပွဲရယူခြင်းနဲ့ပဲ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ စကားပြောရင် CONMEBOL က ကျွန်တော်တို့ပြောတာ အရမ်းများတယ်လို့ ပြောပါတယ်''ဟု ဗင်နီစီယပ်စ်က ပြောကြားခဲ့သည်။

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကို အမေရိကန်နိုင်ငံတွင် ကျင်းပနေခြင်းဖြစ်ပြီး မြက်ခင်းတုကွင်းများ ပါဝင်နေသည့်အတွက် ဝေဖန်ပြစ်တင်မှုအချို့ ရှိခဲ့ကြောင်းလည်း သိရသည်။

အာဂျင်တီးနားနည်းပြ စကာလိုနီကလည်း အုပ်စုအဖွင့်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ရသည့်ကွင်း၏ မျက်နှာပြင်အရည်အသွေးမှာ ကစားသမားများအတွက် အခက်အခဲရှိစေကြောင်း ဝေဖန်ခဲ့ဖူးသည်။

ဗင်နီစီယပ်စ်က ပြိုင်ပွဲတာဝန်ရှိသူများနှင့် ဒိုင်လူကြီးများကိုပါ ဝေဖန်ပြစ်တင်ခဲ့သည့်အတွက် ပွဲဆူအောင် ပြုလုပ်ခြင်းဖြစ်သည်ဟု ၎င်းအား ပြန်လည်ဝေဖန်မှုများ ရှိလာခဲ့ကြောင်းလည်း သိရသည်။

သို့သော် ဘရာဇီးလ်နည်းပြ ဒိုရီဗောကမူ ဗင်နီစီယပ်စ်သည် ပါရာဂွေးနှင့်ပွဲတွင် ပြီးပြည့်စုံလုနီးပါး ကစားပုံကို ပြသသွားနိုင်ခဲ့သည်ဟု ချီးကျူးပြောကြားခဲ့သည်။

''ဗင်နီစီယပ်စ်က အကောင်းဆုံးပွဲတစ်ပွဲကို ကစားခဲ့တာပါ။ ပြီးပြည့်စုံလုနီးပါး ဖြစ်ခဲ့ပါတယ်''ဟု ဒိုရီဗောက ဆိုခဲ့သည်။

ဗင်နီစီယပ်စ်သည် အချက်အလက်မှတ်တမ်းများအရ ယင်းပွဲ၌ စွမ်းဆောင်ရည်အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရကြောင်းလည်း သိရသည်။

Most Read

Most Recent