ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲ တတိယနေရာလုပွဲတွင် စိုးမိုးဇော် အိမ်ရှင်ဖိုက်တာကို အရှုံးပေး

ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲ တတိယနေရာလုပွဲတွင် စိုးမိုးဇော် အိမ်ရှင်ဖိုက်တာကို အရှုံးပေး
Photo: WURKZ
Photo: WURKZ
Published 13 May 2024

ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲ ၆၃ ဒသမ ၅ ကီလိုတန်း ချန်ပီယံခါးပတ်လုပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့်  ရိုးရာလက်ဝှေ့သမား စိုးမိုးဇော်သည် တတိယနေရာလုပွဲတွင် အိမ်ရှင် ကမ္ဘောဒီးယားဖိုက်တာကို အချီပြီးဆုံးသည်အထိ မထိုးသတ်ဘဲ အရှုံးပေးခဲ့ကြောင်း သိရသည်။

Kun Khmer Warriors  ဟု အမည်ပေးထားသည့် ကမ္ဘောဒီးယားရိုးရာ ခွန်ခမာပြိုင်ပွဲ ၆၃ ဒသမ ၅ ကီလိုတန်း ခါးပတ်လုပွဲ နောက်ဆုံးဖိုင်နယ်နေ့ပွဲစဉ်များကို မေ ၁၂ ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲတွင် စိုးမိုးဇော်သည် တတိယနေရာလုပွဲအဖြစ် အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ ဆက်ချိုချော့နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။

စိုးမိုးဇော်သည် ပထမအချီမှ တတိယအချီအထိ အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာထက် လက်ရည်မနိမ့်ဘဲ ယှဉ်ပြိုင်ထိုးသတ်နိုင်ခဲ့သည်။

သို့သော် စိုးမိုးဇော်သည် ဆီမီးဖိုင်နယ်တွင် အိမ်ရှင်ဖိုက်တာ ခေါင်းဖြင့်တိုက်ထားမှုကြောင့် ရရှိထားသည့် ဘယ်မျက်ခုံးကွဲဒဏ်ရာမှာ ယခုပွဲတွင် ထပ်မံထိမိပြီး ဆက်လက်ထိုးသတ်ရန် အခြေအနေမပေးတော့သောကြောင့် တတိယအချီအပြီးတွင် ဆက်လက်မထိုးသတ်တော့ဘဲ အရှုံးပေးခဲ့ရခြင်းဖြစ်သည်။

စိုးမိုးဇော်သည် ကွာတားဖိုင်နယ်အဆင့်တွင် သုံးပွဲထိုးသတ်ခဲ့ရပြီး နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးဖြင့် ဆီမီးအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

Most Read

Most Recent