၂၀၂၄ အာဆီယံ ယူ-၁၆နှင့် အာဆီယံ ယူ-၁၉ပြိုင်ပွဲများအတွက် အုပ်စုမဲခွဲမှုကို မေ ၃၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်မည်

၂၀၂၄ အာဆီယံ ယူ-၁၆နှင့် အာဆီယံ ယူ-၁၉ပြိုင်ပွဲများအတွက် အုပ်စုမဲခွဲမှုကို မေ ၃၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်မည်
Photo: AFF
Photo: AFF
Published 27 May 2024

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲများအတွက် အုပ်စုမဲခွဲမှုကို လာမည့်မေ ၃၀ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ယင်းပြိုင်ပွဲနှစ်ခုစလုံးကို အင်ဒိုနီးရှားနိုင်ငံအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ပြုထားသောကြောင့် အုပ်စုမဲခွဲပွဲကိုလည်း အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်(PSSI) ရုံးစိုက်ရာ ဂျာကာတာမြိုတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည်  ၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာကာတမြို့ရှိ ပရိသတ်(၂၀၀၀၀) ဆံ့ Manahan Stadium နှင့် Sriwedari Football Field တွင် လာမည့် ဇွန် (၂၁) ရက်မှ ဇူလိုင် (၄)ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာယာမြို့ရှိ ပရိသတ်(၄၆၀၀၀) ကျော်ဆံ့  Gelora Bung Tomo ကွင်းနှင့် ပရိသတ်(၂၀၀၀၀) ဆံ့ Gelora 10 November ကွင်းတို့တွင် လာမည့် ဇူလိုင်(၁၇)ရက်မှ (၂၉) ရက်အထိ ကျင်းပမည်ဖြစ်သည်။

AFF သည် ၂၀၂၄   အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲကို မူလက လာမည့် ဇွန်(၁၇) ရက်တွင်လည်းကောင်း၊ ၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို မူလက ဇွန်(၂၀) ရက်တွင်လည်းကောင်း ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း နောက်ဆုတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းပြိုင်ပွဲနှစ်ခုစလုံးတွင် မြန်မာအသင်းများ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။

မြန်မာ ယူ-၁၆ အသင်းကို ဂျပန်နိုင်ငံသား နည်းပြ မီတမီချီတာယုကလည်းကောင်း၊ မြန်မာ ယူ-၁၉ အသင်းကို ဦးအောင်နိုင်ကလည်းကောင်း တာဝန်ယူကိုင်တွယ်နေသည်။

မြန်မာ ယူ-၁၉ အသင်းနှင့် ယူ-၁၆ အသင်းတို့သည် ယခုနှစ်အတွင်း အာဆီယံပြိုင်ပွဲအပြင် အာရှဖလား ခြေစစ်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်(PSSI) ၏ အဆိုအရ ၂၀၂၄   အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန် အကောင်းဆုံးပြင်ဆင်လိုသောကြောင့် ယခုကဲ့သို့ နောက်ဆုတ်ကျင်းပခွင့်ရရန် အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) ထံသို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄ ခုနှစ်အတွင်း ပြိုင်ပွဲရှစ်ခု ကျင်းပရန်အတည်ပြုထားပြီး ယင်းပြိုင်ပွဲများထဲမှ ပြိုင်ပွဲနှစ်ခုကို အုပ်စုခွဲဝေမှုများ ပြုလုပ်ထားပြီးဖြစ်သည်။

အုပ်စုခွဲဝေမှုများပြုလုပ်ပြီး ကျင်းပမည့်ကာလနှင့် ကျင်းပမည့်ပြိုင်ပွဲပုံစံတို့ကို အတည်ပြုထားသည့် ပြိုင်ပွဲနှစ်ခုမှာ  အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ(ASEAN Club Championship)နှင့်  အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ(ASEAN Mitsubishi Electric Cup) တို့ဖြစ်သည်။

Most Read

Most Recent