၂၀၂၅ တွင် ဒေါ့မွန်အသင်းထံသို့ ရာထူးတစ်ခုခုဖြင့် ကလော့ပ် ပြန်ဖွယ်ရှိကြောင်း The Independent ဖော်ပြ

၂၀၂၅ တွင် ဒေါ့မွန်အသင်းထံသို့ ရာထူးတစ်ခုခုဖြင့် ကလော့ပ် ပြန်ဖွယ်ရှိကြောင်း The Independent ဖော်ပြ
Photo: Daily Mail
Photo: Daily Mail
Published 4 May 2024

 

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်သည် ၂၀၂၅ ခုနှစ်တွင် ၎င်းကိုင်တွယ်ခဲ့သည့် အသင်းဟောင်း ဒေါ့မွန်အသင်းထံသို့ ရာထူးသစ်တစ်ခုခုဖြင့် ပြန်လာဖွယ်ရှိနေကြောင်း The Independent က ဖော်ပြခဲ့သည်။ 

အသက် (၅၆) နှစ်အရွယ်ရှိ ဂျာမန်လူမျိုးနည်းပြ ကလော့ပ် က အင်အားမရှိတော့သဖြင့် ယခုရာသီကုန်တွင် (၉) နှစ်နီးပါး ကိုင်တွယ်လာခဲ့သည့် လီဗာပူးလ်အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း ဇန်နဝါရီလကုန်ပိုင်းတွင် ကြေညာခဲ့သည်။ ကလော့ပ်သည် လီဗာ ပူးလ်အသင်းမှထွက်ခွာမည့်အကြောင်း ကြေညာချက်တွင် နည်းပြဘဝမှာပင် အနားယူဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။ 

သို့သော် ကလော့ပ်က နည်းပြအလုပ် ဆက်လုပ်၊ မလုပ်ကို နောက်ဆုံးဆုံးဖြတ်ချက်မချမီ အချိန်ပေးစဉ်းစားဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကလော့ပ်သည် မေ (၁၉) ရက်တွင် ကစားမည့် လီဗာပူးလ်-ဝုလ်ဗ် ပွဲကို ၎င်း၏လီဗာပူးလ်နည်းပြဘဝ နောက်ဆုံးပွဲစဉ်အဖြစ် ကိုင်တွယ်မည်ဖြစ်သည်။ ကလော့ပ်သည် လီဗာပူးလ်အသင်းနှင့်လမ်းခွဲပြီးပါက အနည်းဆုံး တစ်နှစ်အနားယူမည်ဟုလည်း ပြောကြားထားသည်။ 

ယခုအခါ The Independent သတင်းစာက ကလော့ပ်အနေဖြင့် ၂၀၂၅ ခုနှစ်တွင် ၎င်းကိုင်တွယ်ခဲ့ဖူးသည့် ဒေါ့မွန်အသင်းထံသို့ ရာထူးသစ်တစ်ခုခုဖြင့် ပြန်လာရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ လက်ရှိ ဒေါ့မွန်အသင်းနည်းပြ တာဒစ်သည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီက ဘွန်ဒစ်လီဂါချန်ပီယံဆုကို ရယူရန် အခြေအနေကောင်းနေပြီး နောက်ဆုံးပွဲစဉ်တွင် လက်လွှတ်ခဲ့ရသည့် အတွက် ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ 

ထို့ပြင် တာဒစ်၏လက်ရှိစာချုပ်မှာ ၂၀၂၅ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။ သို့သော် ကလော့ပ်သည် ဒေါ့မွန်အသင်းထံသို့ နည်းပြအဖြစ် ပြန်လာဖွယ်မရှိဘဲ ဘောလုံးအကြီးအကဲကဲ့သို့ ထိပ်တန်းရာထူးတစ်ခုဖြင့် ပြန်လာဖွယ်ရှိကြောင်း သိရသည်။ ကလော့ပ်သည် ဒေါ့မွန်ကို (၇)နှစ်ကိုင်တွယ်ခဲ့ပြီး ဖလား (၅) လုံး ရယူပေးခဲ့သည်။ 

Most Read

Most Recent