ONE Friday Fights 57 မွေထိုင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများဖြစ်သည့် စိုးလင်းဦး၊ သန့်ဇင်၊ မိုးထက်အောင်တို့ ပါဝင်ယှဉ်ပြိုင်ထိုးသတ်မည်

ONE Friday Fights 57 မွေထိုင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများဖြစ်သည့် စိုးလင်းဦး၊ သန့်ဇင်၊ မိုးထက်အောင်တို့ ပါဝင်ယှဉ်ပြိုင်ထိုးသတ်မည်
Photo: ONE
Photo: ONE
Published 25 March 2024

မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများဖြစ်သည့် စိုးလင်းဦး၊ သန့်ဇင်၊ မိုးထက်အောင်တို့သည် ONE Championship အဖွဲ့အစည်းက ဦးဆောင်ပြုလုပ်သည့် ONE Friday Fights 57 မွေထိုင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။

ONE Friday Fights 57 မွေထိုင်းပြိုင်ပွဲကို လာမည့် မတ် ၂၉ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး တွဲဆိုင်း ၁၂ ဆိုင်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ONE Friday Fights  မွေထိုင်းပြိုင်ပွဲများတွင် မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများ အခါအားလျော်စွာ ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်နေသော်လည်း ယခုကဲ့သို့ ပြိုင်ပွဲတစ်ခုတည်းတွင် မြန်မာကစားသမား သုံးဦးစလုံးကို တစ်ပြိုင်တည်းထည့်သွင်းအသုံးပြုခြင်းမှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။

ယခုအခြေအနေကို ကြည့်ခြင်းဖြင့် ONE Championship  အဖွဲ့အစည်းသည် အပတ်စဉ် သောကြာနေ့တိုင်း ဘန်ကောက်မြိုတွင် ပြုလုပ်နေသည့် ONE Friday Fights  မွေထိုင်းပြိုင်ပွဲများတွင် မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများကို ထည့်သွင်းအသုံးပြုရခြင်းကို နှစ်ခြိုက်သဘောကျလာနေလျက်ရှိကြောင်း သိရသည်။

မတ်၂၉ ရက်တွင် ကျင်းပပြုလုပ်မည့် ONE Friday Fights 57 မွေထိုင်းပြိုင်ပွဲတွင် စိုးလင်းဦးမှာ ပေါ်တူဂီနိုင်ငံသား မွေထိုင်းဖိုက်တာ ဖာဘီယိုရိစ်နှင့်လည်းကောင်း၊ သန့်ဇင်မှာ အိမ်ရှင်ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာနှင့်လည်းကောင်း၊ မိုးထက်အောင်မှာ ဂျပန်နိုင်ငံသား မွေထိုင်းဖိုက်တာနှင့်လည်းကောင်း ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။

စိုးလင်းဦးနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ပေါ်တူဂီနိုင်ငံသား မွေထိုင်းဖိုက်တာ ဖာဘီယိုရိစ်သည် အသက် ၂၆ နှစ်ရှိပြီဖြစ်ပြီး အရပ် ၅ ပေ ၈ လက်မရှိကာ ONE Friday Fights  မွေထိုင်းပြိုင်ပွဲ ၄ ပွဲ ထိုးသတ်ထားရာ နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားသည်။

မြန်မာ့ရိုးရာလက်ဝှေ့ပရိသတ်များက သံမဏိဟု တင်စားခေါ်ဝေါ်ကြသည့် စိုးလင်းဦးသည် ပြီးခဲ့သည့်ဖေဖော်ဝါရီအတွင်းက ONE Friday Fights  မွေထိုင်းပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ဘက်ဂျပန်မွေထိုင်းဖိုက်တာကို တတိယအချီတွင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့သည်။

 

Most Read

Most Recent