မြန်မာ့လက်ရွေးစင်အသင်းနှင့် ပွဲမတိုင်မီ အာဂျင်တီးနားလူမျိုးနည်းပြ ဟက်တာကူးပါးကို ဆီးရီးယားဘောလုံးအဖွဲ့ချုပ်(SFA) သက်တမ်းတိုးစာချုပ် ချုပ်ဆို

မြန်မာ့လက်ရွေးစင်အသင်းနှင့် ပွဲမတိုင်မီ အာဂျင်တီးနားလူမျိုးနည်းပြ ဟက်တာကူးပါးကို ဆီးရီးယားဘောလုံးအဖွဲ့ချုပ်(SFA) သက်တမ်းတိုးစာချုပ် ချုပ်ဆို
Photo: SFA
Photo: SFA
Published 11 March 2024

ဆီးရီးယားဘောလုံးအဖွဲ့ချုပ်(SFA) သည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ပွဲမတိုင်မီ အာဂျင်တီးနားလူမျိုးနည်းပြ ဟက်တာကူးပါးကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။

ဆီးရီးယားဘောလုံးအဖွဲ့ချုပ်(SFA) သည် ဆီးရီးယားလက်ရွေးစင်အသင်းနည်းပြဖြစ်သူ ဟက်တာကူးပါးကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန်ခြေစစ်ပွဲပြီးဆုံးချိန်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန်ခြေစစ်ပွဲမှာ ဒုတိယအဆင့်သာ ရောက်ရှိနေသေးပြီး တတိယအဆင့်ပြိုင်ပွဲများကို လာမည့်စက်တင်ဘာ၊ စတုတ္ထအဆင့်ပြိုင်ပွဲများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ၊ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် နိုဝင်ဘာတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ဆီးရီးယားလက်ရွေးစင်အသင်းသည် လက်ရှိ ဒုတိယအဆင့် ခြေစစ်ပွဲတွင် အုပ်စု(B) ၌ ဂျပန်၊ မြောက်ကိုရီးယား၊ မြန်မာအသင်းတို့နှင့်အတူ ကျရောက်နေသည်။

ဆီးရီးယားလက်ရွေးစင်အသင်းသည် အုပ်စုတွင်းနှစ်ပွဲကစားထားရာ မြောက်ကိုရီးယားအသင်းကို(၁-၀) ဂိုးဖြင့် အနိုင်ရရှိထားသော်လည်း ဂျပန်အသင်းကို (၀-၅) ဂိုးဖြင့်ရှုံးနိမ့်ထားသည်။

နည်းပြဟက်တာကူးပါးသည် ပြီးခဲ့သည့် ၂၀၂၄ အာရှဖလားပြိုင်ပွဲတွင် ဆီးရီးယားလက်ရွေးစင်အသင်းကို ရှုံးထွက် ၁၆ သင်းအဆင့်သို့ ပို့ဆောင်ပေးခဲ့ပြီး ၁၆ သင်းအဆင့်တွင် အီရန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ကာ ကွာတားအဆင့်နှင့်လွဲချော်ခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် ဆီးရီးယားဘောလုံးအဖွဲ့ချုပ်(SFA) သည် နည်းပြဟက်တာကူးပါးကို ယခုကဲ့သို့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။

ဟက်တာကူးပါးသည် ဆီးရီးယားလက်ရွေးစင်အသင်းမတိုင်မီ နိုင်ငံလက်ရွေးစင်အသင်းများအဖြစ် ဂျော်ဂျီယာ၊ အီဂျစ်၊ ဥဇဘက်ကစ္စတန်၊ ကွန်ဂိုအသင်းများ၊ ကလပ်အသင်းများအဖြစ် မာယော့ကာ၊ ဗလင်စီယာ၊ အင်တာမီလန်၊  ဘက်တစ်၊ ပါးမား အစရှိသည့်အသင်းများကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယခုလအတွင်း၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲများအဖြစ် မတ် ၂၁ ရက်တွင် ဆီးရီးယားလက်ရွေးစင်အသင်း နှင့်  အိမ်ကွင်း၊ မတ်၂၆ ရက်တွင် အဝေးကွင်း နှစ်ပွဲဆက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းအုပ်စုပွဲနှစ်ပွဲအတွက် မတ် ၁၁ ရက်မှ စတင်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ပဏာမကစားသမား ၃၅ ဦးရွေးချယ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဆီးရီးယားလက်ရွေးစင်အသင်းတို့၏ မတ် ၂၁ ရက်တွင် ကစားမည့်ပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ညနေ ၆ နာရီတွင် ကျင်းပမည်ဖြစ်ပြီး မတ် ၂၆ ရက်တွင်ကစားမည့် အဝေးကွင်းပွဲကို ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent