ယနေ့ညကစားမည့် FA ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ညကစားမည့် FA ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : AFP
Photo : AFP
Published 27 February 2024

နော်တင်ဟမ် နှင့် မန်ယူ

အဲရစ်တန်ဟက်ဂ်အတွက် နောက်ထပ် အဝေးကွင်းပွဲကျပ်တစ်ပွဲဖြစ်နေလိမ့်မယ်။ နော်တင်ဟမ်ဖောရက်စ်ရဲ့ လက်ရှိကစားနေတဲ့ ခြေစွမ်း၊ အသင်းရဲ့ Rhythm နဲ့ နူနိုလက်ထက်မှာ ရနေတဲ့ ရလဒ်ပိုင်းတွေက မန်ယူနိုက်တက်အတွက် စိုးရိမ်စရာ အခြေအနေတွေလည်းဖြစ်တယ်။ ဒါ့အပြင် ဒီရာသီ ပရီးမီးယားလိဂ်မှာ ထိပ်တိုက်တွေ့ဆုံခဲ့တုန်းကလည်း မန်ယူနိုက်တက်အသင်းက ဖောရက်စ်ကွင်းမှာ ရှုံးထားတာတွေ့ရတယ်။ ဖူလ်ဟမ်ကို ရှုံးခဲ့တဲ့ပွဲက တက်နေတဲ့ Rhythm ပျက်နေတာ တစ်ခုတည်းသာ မဟုတ်ဘဲ မန်ယူနိုက်တက်အသင်းဟာ စိတ်ချလို့မရသေးဘူးဆိုတာကိုလည်း ပြတယ်။ ဒီပွဲက ယူနိုက်တက် အဝေးကွင်းမှာ နိုင်မယ့်ပွဲမျိုးတော့ မဟုတ်ဘူး။ အိုးလ်ထရက်ဖို့ဒ်မှာ ပြန်ကန်ပွဲကစားရတာကအမြင့်ဆုံးမျှော်လင့်ချက်ဖြစ်မယ်။ 

ချယ်လ်ဆီး နှင့် လိဒ်စ်

ချယ်လ်ဆီးအသင်းက အခုအချိန်မှာ ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာတယ်။ အသင်းလိုက် မာကျောမှု အားကောင်းလာတယ်။ ကစားပုံလည်း အဆင့်အတန်းရှိလာတယ်။ တိုက်စစ်လမ်းကြောင်းကောင်းတွေနဲ့ အတူ ကြိုးစားအားထုတ်မှုနဲ့ မာကျောမှုတွေကို မြင်လာရတယ်။ လိဒ်စ်က လိဂ်ချန်ပီယံရှစ်မှာ Rhythm မှန်နေတဲ့အသင်းပါ။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ ချယ်လ်ဆီးပဲ နိုင်မယ်။ 

ဝုလ်ဗ် နှင့် ဘရိုက်တန်

တကယ်စိတ်ဝင်စားစရာကောင်းတဲ့ ပွဲပါ။ နှစ်သင်းစလုံးက ကစားပုံ အဆင့်အတန်းရှိတယ်။ ကိုယ်ပိုင်ကစားဟန်တွေကို ပီပီပြင်ပြင် ပုံဖော်နိုင်ကြတဲ့အသင်းတွေလည်းဖြစ်တယ်။ ဝုလ်ဗ် အသင်းရဲ့ တစ်ဦးချင်း ကစားဟန်နဲ့ မြန်ဆန်တဲ့ တန်ပြန်တိုက် စစ်တွေကို ကစားကွက် ထိန်းချုပ်ရတာ အားသန်တဲ့ ဘရိုက်တန် အသင်းသတိကြီးကြီးထား ကာကွယ်ရမယ်။ ဝုလ်ဗ်ကိုပဲ ပိုကြိုက်ပါတယ်။ 

လီဗာပူးလ် နှင့် ဆောက်သမ်တန်

လီဗာပူးလ်အသင်းရဲ့ ခြေစွမ်းက တော်တော်လေး အားရစရာကောင်းတဲ့အနေအထားမှာ ရှိတယ်။ တိုက်စစ်ပိုင်း အားကောင်းသလောက် ခံစစ်ကလည်း ဗန်ဒိုက်ပုံမှန်ခြေစွမ်းနဲ့အတူ  အားကောင်းလာတယ်။ ရလဒ်ပိုင်းက အကောင်းဆုံးပုံစံကို ရောက်နေတာ တွေ့ရတယ်။ ဆောက်သမ်တန်အသင်းက လီ ဗာပူးလ်ကို ယှဉ်ကစားဖို့ ခက်သလို၊ အန်ဖီးလ်လည်းဖြစ်နေတယ်။ လီဗာပူးလ်ပဲ အနိုင်ရလိမ့်မယ်။