■ အယ်လ်ရှာဘတ်နှင့်ပွဲတွင် မဖွယ်မရာပြုလုပ်ခဲ့သောကြောင့် စီရော်နယ်လ်ဒို ဝေဖန်ခံနေရပြီး အရေးယူခံရဖွယ်ရှိ

■ အယ်လ်ရှာဘတ်နှင့်ပွဲတွင် မဖွယ်မရာပြုလုပ်ခဲ့သောကြောင့် စီရော်နယ်လ်ဒို ဝေဖန်ခံနေရပြီး အရေးယူခံရဖွယ်ရှိ
Published 27 February 2024

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် အယ်လ်ရှာဘတ်အသင်းနှင့်ကစားသည့်ပွဲအပြီးတွင် မဖွယ်မရာပြုလုပ်ပြခဲ့သောကြောင့် ဝေဖန်မှုများခံနေရသလို အရေးယူခံရဖွယ်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၅ ရက်က ယှဉ်ပြိုင်ကစားသည့် ဆော်ဒီလိဂ်ပွဲစဉ်တွင် အယ်လ်နာဆာအသင်းက အယ်လ်ရှာဘတ်အသင်းအား အဝေးကွင်း၌ (၂-၃) ဂိုးဖြင့် အနိုင်ရပြီး စီရော်နယ်လ်ဒိုက ၂၁ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် တစ်ဂိုးသွင်းယူပေးခဲ့သည်။

ပွဲအပြီးတွင် အိမ်ရှင်အယ်လ်ရှာဘတ်အသင်းပရိသတ်များက စီရော်နယ်လ်ဒို၏ အဓိကပြိုင်ဘက်ဖြစ်သူ မက်ဆီ၏အမည်ကိုအော်၍ လှောင်ပြောင်ခဲ့ကြသည်။

သို့ဖြစ်ရာ စီရော်နယ်လ်ဒိုက လက်တစ်ဖက်ကို နားတွင်ကပ်၍ နားထောင်သည့်အမူအရာပြုလုပ်ပြီးနောက် ခါးကိုညွှတ်ကာ လက်ဖြင့် မဖွယ်မရာအပြုအမူပြုလုပ်၍ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

၎င်း၏အပြုအမူနှင့်ပတ်သက်၍ နာမည်ကြီး ဆော်ဒီစာရေးဆရာနှင့် ရုပ်သံတင်ဆက်သူ အယ်လ်ဖာရက်ဂျ်က ပြင်းထန်စွာဝေဖန်ခဲ့သလို စည်းကမ်းထိန်းသိမ်းရေးကော်မတီအတွက် အကြီးမားဆုံး စမ်းသပ်မှုဖြစ်ကြောင်း လူမှုမီဒီယာ X တွင် ရေးသားခဲ့သည်။

ထို့ပြင် ဆော်ဒီသတင်းစာ Asharq al-Awsat ကလည်း ဆော်ဒီဘောလုံးအဖွဲ့ချုပ်အနေဖြင့် ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါဖြစ်ရပ်မှာ ရုပ်သံကင်မရာများတွင် တွေ့မြင်ရခြင်းမရှိသော်လည်း ပွဲကြည့်စင်ပေါ်မှ ဖုန်းဖြင့်ရိုက်ကူးထားသည့်ဗီဒီယိုမှာ လူမှုမီဒီယာတွင် ပျံ့နှံ့နေခြင်းဖြစ်သည်။

စီရော်နယ်လ်ဒိုသည် ဖေဖော်ဝါရီလဆန်းပိုင်းက Riyadh Season Cup ဗိုလ်လုပွဲ (ရာသီဝက်ကာလခြေစမ်းပွဲ)အပြီးတွင်လည်း အယ်လ်ဟီလာအသင်းအား ရှုံးနိမ့်ပြီးနောက်  ပွဲကြည့်စင်ပေါ်မှပစ်ချလိုက်သည့် ပြိုင်ဘက်အသင်း၏ လည်စည်းပဝါကို ကောက်ယူ၍ ဘောင်းဘီအတွင်းသို့ ထည့်ပြီးနောက် ပြန်လည်လွှင့်ပစ်ခဲ့သောကြောင့် ဝေဖန်ခံခဲ့ရသည်။

ဆော်ဒီလိဂ်တွင် ပြိုင်ဘက်ပရိသတ်များက မက်ဆီအမည်ခေါ်၍ ၎င်းအား မကြာခဏ လှောင်ပြောင်လေ့ရှိသည်။

Most Read

Most Recent