ဟူရ်သီတို့က ပင်လယ်နီတွင် ကုန်သင်္ဘောများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသောကြောင့် သင်္ဘောများအတွက် အာမခံကြေးများ မြင့်တက်

ဟူရ်သီတို့က ပင်လယ်နီတွင် ကုန်သင်္ဘောများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသောကြောင့် သင်္ဘောများအတွက် အာမခံကြေးများ မြင့်တက်
နိုဝင်ဘာလထဲတွင် ဟူသီရ်သူပုန်များက ဖမ်းဆီးခဲ့သော Galaxy Leader ကုန်သင်္ဘောကြီးကို တွေ့ရစဉ် (Photo-AFP)
နိုဝင်ဘာလထဲတွင် ဟူသီရ်သူပုန်များက ဖမ်းဆီးခဲ့သော Galaxy Leader ကုန်သင်္ဘောကြီးကို တွေ့ရစဉ် (Photo-AFP)
Published 23 February 2024
Ref:AFP

ပင်လယ်နီတွင် ယီမင်၏ဟူသီရ်သူပုန်တို့က ကုန်သင်္ဘောများကို တိုက်ခိုက်မှုများကြောင့် အာမခံကြေးများကို မြင့်တက်သွားစေခဲ့ရာ ကုန်တင်ခများမြင့်တက်နေခြင်းနှင့် အချိန်ပိုကြာသောအခြားလမ်းကြောင်းမှ သင်္ဘောများ ခုတ်မောင်းနေရခြင်းတို့ကြောင့် များပြားနေသော ကုန်ကျစရိတ်များကို ပိုမိုမြင့်တက်စေခဲ့သည်။

ဟူသီရ်တို့သည် ပင်လယ်နီကို ဖြတ်သန်းသော ကုန်သင်္ဘောများကို နိုဝင်ဘာကတည်းက တိုက်ခိုက်ခဲ့သည်။ ပင်လယ်နီသည် ကမ္ဘာလုံးဆိုုင်ရာကုန်သွယ်မှု ၁၂ ရာခိုင်နှုန်းဖြတ်သန်းလျက်ရှိသည့် ရေကြောင်းအချက်အချာ နေရာတစ်ခုဖြစ်သည်။

ရေကြောင်းဖြင့် ကုန်သေတ္တာ သယ်ယူပို့ဆောင်မှုသည် ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်လိုက်ပါက ၂၀၂၄ ခုနှစ် ယခုအချိန်ထိ သုံးပုံတစ်ပုံနီးပါး ကျဆင်းခဲ့သည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အချက် အလက်များအရ သိရသည်။

ယီမင်ဒေသအများအပြားကို ထိန်းချုပ်ထားသော ဟူသီရ်သည် အရေးပါသော ရေလမ်းကြောင်းကို နိုဝင်ဘာကတည်းက အနှောင့်အယှက်ပေးနေခဲ့သည်။ အစ္စရေး-ဟားမာ့စ် စစ်ပွဲအတွင်း ဂါဇာရှိ ပါလက်စတိုင်းပြည်သူများနှင့်အတူ စည်းလုံးညီညွတ်မှုရှိကြောင်း ပြသသည့်အနေဖြင့် ယင်းသို့    တိုက်ခိုက်နေခြင်းဖြစ်သည်ဟုဟူသီရ်အဖွဲ့က ပြောကြားထားသည်။

ပင်လယ်နီသည် မြေထဲပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ဆက်သွယ်ထားခြင်းဖြစ်ရာ ဥရောပနှင့်အာရှကို ချိတ်ဆက်ပေးထားခြင်းဖြစ်သည်။ နှစ်စဉ်သင်္ဘော ၂၀၀၀၀ သည် ပင်လယ်နီကို အဝင်အထွက် လုပ်နေသော ဂိတ်ပေါက်ဖြစ်သည့် စူးအက်တူးမြောင်းကို ဖြတ်သန်းသည်။

ကမ္ဘာ့ကုန်သွယ်ရေး၏ ၁၂ ရာခိုင်နှုန်းသည် ပင်လယ်နီကို ဖြတ်သန်းခြင်းဖြစ်သောကြောင့် ပင်လယ်နီသည် အရေးပါသော ရေလမ်းကြောင်းဖြစ်သည်ဟု သင်္ဘောဖြင့် ကုန်ဆောင်ပို့ဆောင်သော အပြည်ပြည်ဆိုင်ရာ ကုန်သည်များအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ပင်လယ်နီ အနီးတစ်ဝိုက်ခုတ်မောင်းနေသော သင်္ဘောများကို ဟူရ်သီကျူးကျော်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းက အမေရိကန်ပြည်ထောင်စုနှင့်ဗြိတိန်တို့၏ တိုက်ခိုက်မှုများကို ဦးတည်စေခဲ့ပြီး အမေရိကန်နှင့်ဗြိတိန်တို့ ပူးပေါင်းကာ ဟူသီရ်ပစ်မှတ်များကို လက်ဦးမှုရယူတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်တိုင် ဟူသီရ်တို့က ပင်လယ်နီတွင် သင်္ဘောများကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ဥရောပနှင့်အာရှကို ဆက်သွယ်ထားသည့် ပင်လယ်နီဒေသကို ရှောင်၍ အာဖရိက တောင်ဘက်ဖျားပိုင်းရှိ ဂွတ်ဟုပ်အငူမှ တစ်ဆင့်လမ်းလွှဲ၍သွားခြင်းက အချိန်များစွာကြာမြင့်ပြီး ကုန်တင်ခလည်း များပြားနေသည်ဟု ဆိုသည်။

ကုန်သင်္ဘောများသည် အာမခံအမျိုးအစားသုံးမျိုးရှိထားရန် လိုအပ်သည်။ သင်္ဘောကိုယ်ထည် အာမခံသည် သင်္ဘောထိခိုက်မှုများအတွက် ကာမိစေပြီး ကုန်ပစ္စည်းအာမခံသည် သင်္ဘောပေါ်တွင်တင်လာသော ကုန်ပစ္စည်းများအတွက် အာမခံဖြစ်သည်။  ထိခိုက်နစ်နာမှုနှင့် အကာအကွယ် အာမခံတို့သည် ကြားလူများကြောင့်ဖြစ်ရသော ထိခိုက်မှုများအတွက် အာမခံဖြစ်သည်။  ယခုအခါသင်္ဘောများအတွက် ပရီမီယံကြေးများ မြင့်တက်နေသည်ဟု သိရသည်။

Most Read

Most Recent