မွန်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 စာမေးပွဲတွင် လာရောက်ဖြေဆိုရန်ပျက်ကွက်သူ ၁၇၀၀ ကျော်ရှိ

မွန်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 စာမေးပွဲတွင် လာရောက်ဖြေဆိုရန်ပျက်ကွက်သူ ၁၇၀၀ ကျော်ရှိ
Published 23 February 2024

မွန်ပြည်နယ်အတွင်း ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ကျင်းပခဲ့သော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အစိုးရစစ်စာမေးပွဲတစ်ခုဖြစ်သည့် Grade-5 စာမေးပွဲအား လာရောက်ဖြေဆိုရန် ပျက်ကွက်သူပေါင်း ၁၇၀၀ ကျော်ရှိခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

စာမေးပွဲပျက်ကွက်သူများစာရင်းအရ ကျိုက်ထိုခရိုင်အတွင်း ၄၄၃ ဦး၊ သထုံခရိုင်အတွင်း ၃၄၀ ဦး၊ မော်လမြိုင်ခရိုင်အတွင်း ၇၀၁ ဦးနှင့် ရေးခရိုင်အတွင်း ၂၅၄ ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။

“မွန်ပြည်နယ် ၁၀ မြို့နယ်လုံးမှာ Grade-5 အစိုးရစစ်စာမေးပွဲဖြေဆိုဖို့ စာရင်းရှိ ကျောင်းသားကျောင်းသူ အရေအတွက်က ၃၃၂၂၇ ဦးရှိပြီးတော့ မြန်မာစာစတင်ဖြေဆိုတဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ လာရောက်ဖြေဆိုကြတဲ့ ကျောင်းသားကျောင်းသူ အရေအတွက်က ၃၁၄၈၉ ဦးသာ ဖြေဆိုခဲ့ပါတယ်” ဟု မွန်ပြည်နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

စာမေးပွဲဖြေဆိုရင် ပျက်ကွက်သူအများစုမှာ တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဒေသများမှ စစ်ဘေးရှောင်ကျောင်းသားကျောင်းသူများ ဖြစ်နိုင်သည်ဟု ယူဆကြောင်းလည်း ၎င်းက ဆိုသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း KNU ကျိုက်ထိုမြို့နယ်က ၎င်းတို့ အုပ်ချုပ်မှုနယ်မြေအတွင်း အစိုးရအခြေခံပညာကျောင်းများ ဖွင့်လှစ်ခြင်းမပြုသည့်အတွက် ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၂၀ ကျော် ပိတ်ထားခဲ့ရသည့်အပြင် ဘီးလင်းမြို့နယ်အတွင်း တိုက်ပွဲများမကြာခဏဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အတူ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက သထုံမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် ဒေသခံ ၁၅၀၀ ခန့်မှာလည်း နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေရပြီး ၎င်းတို့အထဲတွင် ကျောင်းနေအရွယ်ကလေးများနှင့် သက်ကြီးရွယ်အိုများ ပါဝင်ကြသည်ဟု စစ်ဘေးရှောင်အရေး ကူညီနေသူများ၏ ပြောကြားချက်များအရ သိရသည်။

အလားတူ မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်းရှိ ချောင်းနှစ်ခွဒေသအတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံ ၃၀၀၀၀ ခန့်မှာ နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေရသည့်အပြင် အခြေခံပညာကျောင်းပေါင်း ၂၀ ကျော်မှာလည်း ပိတ်ထားခဲ့ရကြောင်း ဒေသခံစစ်ဘေးရှောင်များ၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် ရေးမြို့နယ်အတွင်းတွင်လည်း ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားခြင်း၊ စာသင်ကျောင်းများတွင် မိုင်းပေါက်ကွဲမှုများဖြစ်ပွားခြင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက်ကြောင့် မိသားစုအလိုက် တည်ငြိမ်သည့်ဒေသများသို့ ပြောင်းရွှေ့မှုများရှိခဲ့ကြောင်းနှင့် ထိုအခြေအနေများကြောင့် အစိုးရစစ်စာမေးပွဲ Grade-5 ဖြေဆိုရန် ပျက်ကွက်သူများပြားသွားရခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုမှုများရှိသည်။

Most Read

Most Recent