ဂါဇာ၌ ချက်ချင်းအပစ်အခတ်ရပ်စဲရန် တောင်းဆိုထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာဖြင့် ထပ်မံ ပယ်ချ

ဂါဇာ၌ ချက်ချင်းအပစ်အခတ်ရပ်စဲရန် တောင်းဆိုထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာဖြင့် ထပ်မံ ပယ်ချ
ကုလသမဂ္ဂလုံခြုံရေးကောင်စီ$ ဂါဇာ အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို မဲခွဲနေပုံအား ဖေဖော်ဝါရီ ၂၀ ရက်တွင် တွေ့ရစဉ် (Photo:AFP)
ကုလသမဂ္ဂလုံခြုံရေးကောင်စီ$ ဂါဇာ အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို မဲခွဲနေပုံအား ဖေဖော်ဝါရီ ၂၀ ရက်တွင် တွေ့ရစဉ် (Photo:AFP)
Published 21 February 2024

အမေရိကန်ပြည်ထောင်စုသည် ဂါဇာ၌  ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားသော ကုလသမဂ္ဂလုံခြံုံရေးကောင်စီဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။

ယင်းသို့ပယ်ချလိုက်ခြင်းကြောင့် အမေရိကန်သည် မဟာမိတ်နိုင်ငံများထံမှ ပြင်းထန်သော ဝေဖန်မှုများကို ခံခဲ့ရပြီး အစ္စရေးကို ဖေးမကူညီနေသည့်အတွက် သမ္မတ ဂျုးဘိုင်ဒင်သည်လည်း ဖိအားများ တိုးလာသည့်အ နေအထားကို ရင်ဆိုင်နေရသည်။

မဲမခွဲမီ အမေရိကန်သည် ၎င်း၏ ကိုယ်ပိုင်မူကွဲမူကြမ်းတစ်ခုကို တင်ပြခဲ့သည်။ အဆိုပါမူကြမ်း၌ ယခင် အမေရိကန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်များနှင့် မတူသော အကြောင်းအရာများ ပါဝင်လာခဲ့သည်။ အ ပစ်အခတ်ရပ်စဲရေးဆိုသော စကားရပ် ပါဝင်လာသည်ဆိုသော်လည်း ချက်ချင်းအပစ်အခတ်ရပ်စဲရန် တောင်းဆိုထားသည့် အချက်မပါခဲ့ပေ။

အယ်လ်ဂျီးရီးယားနိုင်ငံက သီတင်းပတ် သုံးပတ်ကြာရေးဆွဲခဲ့သော ဖေဖော်ဝါရီ ၂၀ ရက် ဆုံးဖြတ်ချက်သည် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက လေးစားရမည့် ချက်ချင်းလက်ငင်းဖြစ်သော လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားသည်။

“အမေရိကန်ရဲ့ဗီတိုဟာ လုံးလုံးအဆင် အခြင်မဲ့နေပြီး အန္တရာယ်များပါတယ်”ဟု ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းကိုယ်စားလှယ် ရီးယက်မန်ဆာက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၀ ရက်တွင် ဆုံးဖြတ်ချက်ကို မဲခွဲခြင်းသည် ဖြစ်ချင်သော ဆန္ဒသာဖြစ်ပြီး တာဝန်မသိတတ်ရာကျနေသည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမက်စ်ဂရင်းဖီးလ်က ပြောကြားခဲ့သည်။

“အရေးကြီးတဲ့ ဆွေးနွေးမှုတွေကို ပျက်သွားစေလိမ့်မယ့် ဆုံးဖြတ်ချက်တစ်ရပ်ကို ကျွန်မတို့ မထောက်ခံနိုင်ပါဘူး”ဟု ဂါဇာ၌ ဓားစာခံများလွတ်မြောက်ရေး ကိစ္စဆွေးနွေးပွဲများကို ၎င်းက ရည်ညွှန်းပြောကြားခဲ့သည်။

ဆုံးဖြတ်ချက်ကို ဗီတိုအာဏာဖြင့် ပယ်ချခဲ့ခြင်းကြောင့် အမေရိကန်သည် နိုင်ငံအများအပြား၏ ဝေဖန်မှုများကို ခံခဲ့ရသည်။ တရုတ်၊ ရုရှားတို့သာမက အမေရိကန်မဟာမိတ်များဖြစ်သော ပြင်သစ်၊ မောလ်တာ၊ ဆလို ဗေးနီးယားတို့ကလည်း ဝေဖန်ခဲ့သည်။

“ဂါဇာမှာ အရပ်သားတွေ သေဆုံးနေတာ ရပ်သွားရမှာဖြစ်တာကြောင့် ဆုံးဖြတ်ချက်ကို ကျွန်တော်တို့က ထောက်ခံမဲပေးခဲ့တာပါ။ ပါလက်စတိုင်းသားတွေ ခံစားနေရတဲ့ ဒုက္ခဟာ လူသားတွေကြုံနေရတဲ့ ဒုက္ခဆိုတာ ထက်ကို ကျော်လွန်နေပါတယ်” ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆိုင်ရာ ဆလိုဗေးနီးယား ကိုယ်စားလှယ် ဆမ်မြူရယ်ဇဘိုဂါက ပြောကြားခဲ့သည်။

“လူတွေ ထိခိုက်ဆုံးရှုံးတာနဲ့ လူသားချင်း စာနာမှုအခြေအနေတို့ဟာ သည်းခံလို့မရတဲ့ အနေအထားဖြစ်နေပါပြီ။ အစ္စရေး စစ်ဆင်ရေးတွေ ရပ်ရပါမယ်”ဟု ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ် နီကိုလက်စ်ဒီရီဗဲယားက ပြောကြားခဲ့သည်။

“ဆုံးဖြတ်ချက်မူကြမ်းဟာ ပါလက်စတိုင်းပြည်သူတွေထံ ခိုင်မာတဲ့ သတင်းစကားပါးမှု ဖြစ်ပါတယ်။ ကံမကောင်းစွာဘဲ လုံခြုံရေးကောင်စီဟာ ထပ်မံပျက်ကွက်ခဲ့ပါတယ်”ဟု အယ်လ်ဂျီးရီးယားသံတမန် အေမာဘန် ဂျာမာက သတင်းထောက်များကို ထုတ်ဖော်ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent