မန္တလေးမြို့တွင် မော်တော်ဆိုင်ကယ် မောင်းနှင်လာသူကို ဓားများဖြင့် ထိုး၍ ဆိုင်ကယ် လုယူသွားသူ လေးဦးနှင့် သက်သေခံဆိုင်ကယ် ဝယ်ယူခဲ့သူများအား ဖမ်းဆီးရမိ

မန္တလေးမြို့တွင် မော်တော်ဆိုင်ကယ် မောင်းနှင်လာသူကို ဓားများဖြင့် ထိုး၍ ဆိုင်ကယ် လုယူသွားသူ လေးဦးနှင့် သက်သေခံဆိုင်ကယ် ဝယ်ယူခဲ့သူများအား ဖမ်းဆီးရမိ
Published 21 February 2024

မန္တလေးမြို့တွင် Scoopyi အနက်ရောင် မော်တော်ဆိုင်ကယ် မောင်းနှင်လာသူကို ဓားများဖြင့် ထိုး၍ ဆိုင်ကယ် လုယူသွားသူ လေးဦးနှင့် သက်သေခံဆိုင်ကယ် ဝယ်ယူခဲ့သူများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ တစ်နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၃ လမ်း၊ ၂၇ x ၂၉(A)  လမ်းကြားတွင် လူတစ်ဦး ဓားဒဏ်ရာဖြင့် လဲကျနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာတွင် အမျိုးသား တစ်ဦးသည် ဓားဒဏ်ရာများဖြင့် လဲကျသေဆုံးလျက်ရှိသည်ကို တွေ့ရှိရကြောင်း နစကမှ ထုတ်ပြန်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စိစစ်ချက်များအရ သေဆုံးသူသည် ယင်းနေ့တွင် ၅၃ လမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ Scoopyi အနက်ရောင် မော်တော်ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် ၂၇ x ၂၉(A) လမ်းကြားသို့ အရောက်၌ တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာသည့် လူ လေးဦးပါ ဆိုင်ကယ်နှစ်စီးမှ ရှေ့မှပိတ်ရပ်ပြီး ဆိုင်ကယ် နောက်တွင် လိုက်ပါလာသူများမှ အသင့်ယူဆောင်လာသော ဓားများဖြင့် ထိုး၍ဆိုင်ကယ်အား လုယူမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် စိစစ်ဆောင်ရွက်ခဲ့ရာ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သည့် ချမ်းမြေ့အောင် (ခ)ဒေါက်ဒေါက် (၂၂)နှစ်၊ တိုးဝေ(ခ)တိုးတက်(ခ) အားထစ်(၁၇ နှစ်)၊ ရဲဝင်းအောင်(၁၇ နှစ်)၊ ကျော်ကြီး(ခ) ကျော်ကျော်မြင့်(၁၈ နှစ်)တို့ လေးဦးနှင့် သက်သေခံဆိုင်ကယ်အား ဝယ်ယူခဲ့သူများအား သက်သေခံပစ္စည်းများနှင့်အတူ ဖြစ်စဉ်ဖြစ်ပွားပြီး ၃၅ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများအား ကနဦးစစ်ဆေးချက်များအရ ၎င်းတို့သည် မန္တလေးမြို့ပေါ်ရှိ လူအသွားအလာ နည်းပါးသည့်နေရာများတွင် အုပ်စုဖွဲ့၍ တန်ဖိုးကြီး မော်တော်ဆိုင်ကယ်များအား ဓါးထောက် လုယက်မှုများ အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် သက်သေခံပစ္စည်းများ ဆက်လက် သိမ်းဆည်းရမိရေးနှင့် ၎င်းတို့အား ဥပဒေနှင့် အညီအရေးယူ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent