ပါကစ္စတန်၏ အင်အားကြီးပါတီနှစ်ခုက ညွန့်ပေါင်းအစိုးရဖွဲ့ရန် တရားဝင်သဘောတူညီမှုရရှိကြောင်း ပြောကြား

ပါကစ္စတန်၏ အင်အားကြီးပါတီနှစ်ခုက ညွန့်ပေါင်းအစိုးရဖွဲ့ရန် တရားဝင်သဘောတူညီမှုရရှိကြောင်း ပြောကြား
ဖေဖော်ဝါရီ ၁၃ ရက်က အစ္စလာမ်မာဘက်မြို့တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် PPP ပါတီ ဥက္ကဋ္ဌ ဘူတိုဇာဒါရီ (လယ်) က အမှာစကားပြောကြားနေစဉ် (Photo:AFP)
ဖေဖော်ဝါရီ ၁၃ ရက်က အစ္စလာမ်မာဘက်မြို့တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် PPP ပါတီ ဥက္ကဋ္ဌ ဘူတိုဇာဒါရီ (လယ်) က အမှာစကားပြောကြားနေစဉ် (Photo:AFP)
Published 21 February 2024

ပါကစ္စတန်၏ အဓိကနိုင်ငံရေးပါတီနှစ်ခုက ညွန့်ပေါင်းအစိုးရဖွဲ့ရန် သဘောတူညီမှုရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်က ပြောကြားခဲ့သဖြင့် အနိုင်အရှုံးမပြတ်သားခဲ့သည့် ရွေးကောက်ပွဲအပြီးတွင် ၁၀ ရက်ကြာ  အချေအတင်ဆွေးနွေးညှိနှိုင်းမှုများကို အဆုံးသတ်သွားစေခဲ့သည်။

ဘူတိုဇာဒါရီ၏ ပါကစ္စတန် ပြည်သူ့ပါတီ (PPP) နှင့် ဝန်ကြီးချုပ်ဟောင်း နာဝပ်ဇ် ရှရစ်ဖ်၏ ပါကစ္စတန်မွတ်ဆလင်အဖွဲ့ချုပ် -နာဝက်ဇ် (PML-N) ပါတီတို့သည် ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲအပြီး သောင်မတင် ရေမကျအခြေအနေအတွက် ဆွေးနွေးညှိနှိုင်းမှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးနောက် သဘောတူညီချက်ရရှိခဲ့ခြင်း ဖြစ်သည်။

ညွန့်ပေါင်းအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်နေရာအတွက် အဆိုပြုမည့် ကိုယ်စားလှယ်လောင်းသည် ယခင်ဝန်ကြီးချုပ်ဟောင်း ရှာဘက်ဇ်ရှရစ်ဖ် ဖြစ်လာလိမ့်မည်ဟု ဘူတိုဇာဒါရီက အစ္စလာမ်မာဘက်မြို့တော်တွင် ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် ၎င်း၏ဖခင်ဖြစ်သူ အဆစ်ဖ်အလီဇာဒါရီသည် ပါကစ္စတန် သမ္မတနေရာအတွက် ကိုယ်စားလှယ်လောင်းဖြစ်လာလိမ့်မည်ဟု ဘူတိုဇာဒါရီက ပြောကြားခဲ့သည်။

နာဝပ်ဇ်၏ ညီဖြစ်သူ ရှာဘက်ဇ်က ၎င်းတို့ပါတီနှစ်ခုသည် အစိုးရဖွဲ့ရန် လုံလောက်ပြီး အခြားပါတီငယ်များကိုလည်း ထောက်ခံပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၈ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အကြီးဆုံးပါတီဖြစ်သည့် PML-N ပါတီသည် ၇၉ နေရာရရှိခဲ့ပြီး PPP ပါတီက ၅၄ နေရာရရှိခဲ့သည်။

ထိုပါတီနှစ်ခုသည် အခြားပါတီငယ် လေးခုနှင့်အတူ နေရာ ၂၆၄ နေရာရှိသည့် လွှတ်တော်တွင် အလွယ်တကူ လူများစု နေရာရရှိခဲ့သည်။

လူဦးရေ ၂၄၁ သန်းရှိသည့် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် ပါကစ္စတန်နိုင်ငံတွင် အစိုးရဖွဲ့ရန် နှောင့်နှေးကြန့်ကြာနေမှုကြောင့် ပါကစ္စတန်သည် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်း၊ ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်း၊ အကြမ်းဖက်မှုများ များပြားလာခြင်းတို့နှင့် ရင်ဆိုင်နေရချိန်တွင် စီးပွားရေးအကျပ်အတည်းနှင့် ရုန်းကန်နေရချိန်တွင် စိုးရိမ်မှုများကိုပါ ထပ်မံမြင့်တက်စေခဲ့သည်။

ဘူတိုဇာဒါရီက နိုင်ငံရေးပါတီများသည် အမြန်ဆုံး အစိုးရဖွဲ့ရန် တွန်းအားပေး လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

ပါကစ္စတန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်အသစ်ကို လွှတ်တော်တွင် မဲပေးရွေးချယ်ပြီးနောက် ဖေဖော်ဝါရီ ၂၉ ရက်တွင် လွှတ်တော်အစည်းအဝေး ခေါ်ယူရမည်ဖြစ်သည်။

ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံခဲ့ရသည့် အတိုက်အခံ (PTI) ပါတီမှ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းသည် ဇန်နဝါရီလနှောင်းပိုင်းနှင့် ဖေဖော်ဝါရီလ အစောပိုင်းတို့တွင် အကျင့်ပျက်ခြစားမှု၊ အစိုးရလျှို့ဝှက်ချက်များကို ပေါက်ကြားစေမှုနှင့် ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာဥပဒေ ချိုးဖောက်မှုစွဲချက်များအတွက် စုစုပေါင်း ထောင်ဒဏ် ၃၁ နှစ် ချမှတ်ခံခဲ့ရသည်။

ခန်းကို တရားစွဲဆိုကာ ထောင်ဒဏ်ချမှတ်မှုများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်ကကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ၎င်းဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိစေရန် နိုင်ငံရေးအကြောင်းရင်းဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ခန်းကိုထောက်ခံသူများက ပြောဆိုထားသည်။

Ref:Reuters

Most Read

Most Recent