ဘားအံမြို့ရှောင်လမ်းသစ်တွင် ကရင်ဇာတ်အဖွဲ့ မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိ

ဘားအံမြို့ရှောင်လမ်းသစ်တွင် ကရင်ဇာတ်အဖွဲ့ မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိ
Published 19 February 2024

ဘားအံမြို့ရှောင်လမ်းသစ်တွင် ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁၀ နာရီခွဲခန့်က ကရင်ဇာတ်အဖွဲ့ မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

အဆိုပါကရင်ဇာတ်အဖွဲ့မှာ မူးကဝါ‌ကျေးရွာဘက်မှ ဇာတ်ကပြီး ခလောက်နို့ကျေးရွာဘက်သို့ ပြန်လာစဉ် ဘားအံမြို့ရှောင်လမ်းသစ် ကြာအင်းတောင်ကြားလမ်း (ရဲသာ) ကုန်းဆင်းတွင် လမ်းဘေး‌ချောင်းအတွင်းသို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်အတွင်းမှာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ အဲဒီအပြင်ကို အနီရောင် အဆင့်လူနာခြောက်ဦး၊ အဝါရောင်အဆင့် လူနာလေး ဦး၊ အစိမ်းရောင်အဆင့် လူနာတစ်ဦးရှိခဲ့တယ်” ဟု ပြောကြားသည်။

ဒဏ်ရာရရှိသူများအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက မြေပြင်ကုသမှု ဆောင်ရွက်ပေးပြီးနောက် ဘားအံပြည်သူ့ ဆေးရုံကြီးသို့ကူညီပို့ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ကရင်ဇာတ်အဖွဲ့ မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူများအား မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ)၊ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (နောင်လုံ)၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ကမော့ကစင်)၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(အုန်းတပင်)၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ KCO တို့မှ ဘားအံမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent