ဇင်ဘာဘွေတွင် ကာလဝမ်းရောဂါကာကွယ်ဆေးတိုက်ကျွေးမှုကို အရှိန်မြှင့်တင်

ဇင်ဘာဘွေတွင် ကာလဝမ်းရောဂါကာကွယ်ဆေးတိုက်ကျွေးမှုကို အရှိန်မြှင့်တင်
ဇင်ဘာဘွေနိုင်ငံ ဟာရာရီမြို့တော်၏ ဆင်ခြေဖုံး ကာဝက်ဇာနာရပ်ကွက်တွင် ကာလဝမ်းရောဂါ ကာကွယ်ဆေးများ တိုက်ကျွေးမှုရန် ပြင်ဆင်နေပုံကို တွေ့ရစဉ်(Photo: AFP)
ဇင်ဘာဘွေနိုင်ငံ ဟာရာရီမြို့တော်၏ ဆင်ခြေဖုံး ကာဝက်ဇာနာရပ်ကွက်တွင် ကာလဝမ်းရောဂါ ကာကွယ်ဆေးများ တိုက်ကျွေးမှုရန် ပြင်ဆင်နေပုံကို တွေ့ရစဉ်(Photo: AFP)
Published 17 February 2024

ဇင်ဘာဘွေနိုင်ငံတွင် ကာလဝမ်းရောဂါကာကွယ်ဆေးတိုက်ကျွေးမှုကို စတင်ခဲ့သည်မှာ သီတင်းနှစ်ပတ်ကြာမြင့်လာခဲ့ချိန်တွင် သတ်မှတ်ထားသည့်နေရာဒေသများ၌ ကာ ကွယ်ဆေးတိုက်ကျွေးမှုများကို အရှိိန်မြှင့်လုပ်ဆောင်ရန် ကျန်းမာရေးတာဝန်ရှိသူများက တိုက်တွန်းခဲ့သည်။

ကာကွယ်ဆေးများတိုက်ကျွေးမှုနှင့်အတူ လက်ရှိတွင် ဇင်ဘာဘွေနိုင်ငံအတွင်း ရောဂါကူးစက်မှုများ နှေးကွေးသွားသည့် အစောပိုင်းလက္ခဏာများကို တွေ့မြင်ခဲ့ရပြီး ကာလဝမ်းရောဂါဘေးမှ သက်သာရာရလာ ခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

ဇင်ဘာဘွေနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖြစ်ပွားခဲ့သည့် ကာ လဝမ်းရောဂါကူးစက်ဖြစ်ပွားမှုကြောင့် တစ်နှစ်အတွင်း ရောဂါဖြစ်ပွားသူ ၂၂၀၀၀ ကျော်ရှိကာ လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့သည်။

သန့်ရှင်းသည့် သောက်သုံးရေရရှိရေးအတွက် အဝီဇိတွင်းရေကို သုံးစွဲမှုမှအစလူအုပ်စုလိုက်စုရုံးမှုများကို ကန့်သတ်မှုများအထိ ကျန်းမာရေးစီမံချက်များကြောင့် ကာလဝမ်းရောဂါကူးစက်မှုကို တားဆီးရာတွင် အောင်မြင်မှုအနည်းငယ်ရရှိခဲ့ကာ ကာကွယ်ဆေးမဟာမိတ်အဖွဲ့ဖြစ်သည့် Gavi က ထောက်ပံ့ပေးမည့် ကာလဝမ်းရောဂါကာကွယ်ဆေးများသည်လည်း ဇင်ဘာဘွေပြည်သူများကို ပုံမှန်ဘဝပြန်လည်ရရှိစေရန် မျှော် လင့်ချက်များ မြင့်တက်စေခဲ့သည်။

ဇင်ဘာဘွေ၏ မြို့တော် ဟာရာရီ၏ ဆင်ခြေဖုံးရပ်ကွက် ကူဝက်ဇာနာသည် ကာလဝမ်းရောဂါဖြစ်ပွားသည့် ဗဟိုချက်ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်မှ စတင်ကာ ကာကွယ်ဆေးများကို တိုက်ကျွေးခဲ့သည်။

“၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကာလဝမ်းရောဂါကူးစက်မှုကို ကျွန်တော်မှတ်မိပါသေးတယ်။ အဲဒီတုန်းက တော်တော်ကို ကြောက်ဖို့ကောင်းပါတယ်”ဟု ကူဝက်ဇာနာ ရပ်ကွက်တွင်နေထိုသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုအချိန်က ဖြစ်ပွားခဲ့သည့် ကာလဝမ်းရောဂါကူးစက်မှုများသည် ဇင်ဘာဘွေနိုင်ငံ၏ လူသေဆုံးမှုအများဆုံး ကာလဝမ်းရောဂါကူးစက်မှုဖြစ်ပြီး လူပေါင်း ၄၃၀၀ နီးပါးသေဆုံးခဲ့သည်။

ဇင်ဘာဘွေနိုင်ငံအပြင် ဗဟိုအာဖရိကနှင့် တောင်အာဖရိက နိုင်ငံများတွင်လည်း မကြာသေးမီလများအတွင်း ကာလဝမ်းရောဂါများ ကူးစက်ဖြစ်ပွားခဲ့သည်။

ဇမ်ဘီယာ၊ မာလာဝီ၊ ဒီအာကွန်ဂို၊ မိုဇမ်ဘစ်နိုင်ငံများတွင် မကြာသေးမီလများအတွင်း ကာလဝမ်းရောဂါများကူးစက်ဖြစ်ပွားမှုများ၊ သေဆုံးမှုများရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း အာဖရိက၏ နိုင်ငံခုနစ်နိုင်ငံတွင် ကာလဝမ်းရောဂါကူး စက်ဖြစ်ပွားမှုများကြောင့် လူပေါင်း ၄၀၀၀ ကျော်သေဆုံးကာ ရောဂါကူးစက်ခံရသူပေါင်း ၂၂၀၀၀၀ ကျော်ရှိခဲ့သည်။

ထို့ပြင် အာဖရိကဦးချိုဒေသရှိ ဆိုမာလီယာနိုင်ငံတွင်လည်း အယ်နီညိုဖြစ်စဉ်ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုများ၊ ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံအလယ်ပိုင်း ဟီရာအန်ဒေသတွင် ကာလဝမ်းရောဂါကူးစက်ပျံ့နှံ့မှုများ လျင်မြန်စွာမြင့်တက်နေသည့်အပေါ် နိုင်ငံတကာကယ်ဆယ် ရေးကော်မတီ (IRC)က ယခုလအစောပိုင်းတွင် သတိပေးခဲ့သည်။

ကာလဝမ်းရောဂါသည် ဆိုးရွားသည့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ဖြစ်စေတတ်သည့် ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး သန့်ရှင်းမှုမရှိသည့် သောက်သုံးရေနှင့် အစားအစာများမှတစ်ဆင့် ကူးစက်ပျံ့နှံ့လေ့ရှိသည်။

ထိုရောဂါသည် ဆင်းရဲမွဲတေမှု၊ သန့်ရှင်းသည့် သောက်သုံးရေမရရှိမှုအခြေအနေများနှင့် ဆက်နွှယ်လျက်ရှိသည်။

ကာလဝမ်းရောဂါသည် ဖွံ့ဖြိုးပြီးနိုင်ငံများအပေါ် သက်ရောက်မှုအနည်းငယ်သာရှိခဲ့သည်ဟုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပြောကြားခဲ့သည်။

Ref: gavi.org

Most Read

Most Recent