ထိုင်းတွင် မြန်မာလုပ်ငန်းရှင်တစ်ဦးကို ကင်မရွန်းနိုင်ငံသားနှစ်ဦးက သတ်ဖြတ်ပြီး ဘတ်ငွေငါးသန်း ယူဆောင်ကာ စင်ကာပူသို့ ထွက်ပြေးနေ

ထိုင်းတွင် မြန်မာလုပ်ငန်းရှင်တစ်ဦးကို ကင်မရွန်းနိုင်ငံသားနှစ်ဦးက သတ်ဖြတ်ပြီး ဘတ်ငွေငါးသန်း ယူဆောင်ကာ စင်ကာပူသို့ ထွက်ပြေးနေ
Published 17 February 2024

ထိုင်းနိုင်ငံတွင် မြန်မာလုပ်ငန်းရှင်တစ်ဦးကို ကင်မရွန်းနိုင်ငံသား နှစ်ဦးက သတ်ဖြတ်ပြီး ဘတ်ငွေငါးသန်း ယူဆောင်ကာ စင်ကာပူသို့ ထွက်ပြေးနေသည်ဟု ဘန်ကောက်ပိုစ့် သတင်းတွင် ဖော်ပြသည်။

အသတ်ခံရသူ မြန်မာနိုင်ငံသား လုပ်ငန်းရှင်မှာ အသက် ၅၀ အရွယ်ရှိပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဆူခွန်ဝစ်လမ်းမပေါ်ရှိ ကွန်ဒိုတိုက်ခန်း ၂၃ လွှာမှာ နေထိုင်သူ ဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

အသတ်ခံရသူမှာ မည်သူဖြစ်‌ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန် ထားခြင်းမရှိဘဲ မျက်နှာ၊ နားနှင့် ဦးခေါင်းတွင် ‌သွေးထွက်ဒဏ်ရာ များဖြင့် နေအိမ်တွင် လဲကျသေဆုံး‌နေသည်ကို ဖေဖော်ဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့ နေလယ်ပိုင်းတွင် ရဲတပ်ဖွဲ့က တွေ့ရှိခဲ့‌‌ကြောင်းဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်ပြီး သံသယရှိသူ ကင်မရွန်းနိုင်ငံ သား နှစ်ဦးမှာ ဘတ်ငွေငါးသန်းကို ယူဆောင်ပြီး ဗုဒ္ဓဟူးနေ့မှာပင် ဒွန်မောင်း လေဆိပ်မှတစ်ဆင့် စင်ကာပူနိုင်ငံသို့ ထွက်ပြေးသွား ခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့က အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပိုလ်) နှင့် ပူးပေါင်းဖမ်းဆီးရန် စီစဉ်နေသည်ဟု သတင်းတွင်ဖော်ပြသည်။

လူသတ်မှုကျူးလွန်သည်ဟု သံသယရှိသူနှစ်ဦး မှာ“ဂျွန်”နှင့် “ဝီလျံ”ဟု ခေါ်ဆိုသည့်အသက် ၃၀ ကျော်အရွယ် ကင်မရွန်း နိုင်ငံသားများဖြစ်‌ကြောင်း၊ အသတ်ခံရသူ မြန်မာလုပ်ငန်းရှင်၏ မွေးစားမိခင် ထွက်ဆိုချက်အရ သူမအား မေ့‌မြောရန် ၎င်းတို့က လည်ပင်းညှစ်ခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဘန်ကောက်ပိုစ့်တွင် ဖော်ပြသည်။

ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်ကွန်ဒိုတိုက်ခန်းတွင်တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာမှတ်တမ်းကို စစ်ဆေးရာတွင် အခင်းဖြစ်မတိုင်မီ အင်္ဂါ‌နေ့ ညပိုင်းတွင် တိုက်ခန်းထဲသို့ ဝင်ရောက်သူ လေးဦးသာရှိပြီး ယင်းလေးဦးမှာ အသတ်ခံရတဲ့သူမြန်မာလုပ်ငန်းရှင်အမျိုးသား၊ သူ၏ ‌မွေးစားမိခင်အပြင် ကျန်သူနှစ်ဦးမှာ လူသတ်မှုကျုးလွန်သည် ဟု သံသယရှိသူကင်မရွန်းနိုင်ငံသားနှစ်ဦး ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အခင်းဖြစ်‌နေရာတွင် ခရီးဆောင်အိတ် နှစ်လုံးတွေ့ရပြီးတစ်လုံးတွင် သေဆုံးသူ၏ စာရွက်စာတမ်းများ၊ ကျန်အိတ်တစ်လုံးတွင် ငွေစက္ကူ အတု ပြုလုပ်ရာတွင် အသုံးပြုသည့် ဓာတု‌ဗေဒပစ္စည်းအချို့နှင့် အနက်ရောင်စက္ကူအစည်းလိုက်ထည့်ထားသည့် စက္ကူအိတ်တစ်လုံး လည်း ထပ်တွေ့ခဲ့ရသည်ဟု သတင်းတွင် ဖော်ပြထားသည်။

အသတ်ခံရသည့် မြန်မာနိုင်ငံသားမှာ ထိုင်းနိုင်ငံကို မကြာခဏ လာရောက်လည်ပတ်သူဖြစ်ပြီး ဘန်ကောက်-ရန်ကုန် ခရီးစဉ် အကြိမ် ၅၀ ကျော်နှင့် ဘန်ကောက်-ဟနွိုင်းကိုလည်း ခရီးစဉ် အကြိမ် ၅၀ ကျော်သွားလာထား‌ကြောင်း ယင်းမှတ်တမ်းသိရှိသူ မျက်မြင်သက်သေတစ်ဦးက ရဲတပ်ဖွဲ့သို့ ပြောကြားထားသည်။

အသတ်ခံရသူ၏ စီးပွားရေးလုပ်ငန်းများကို ထိုင်းရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေပြီး အသေးစိတ် အချက်အလက်များကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးထံ ဆက်လက်စုံစမ်းနေသည်ဟု ဘန်ကောက်ပိုစ့်တွင် ဖော်ပြသည်။

Most Read

Most Recent