ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒေါ်နယ်ထရန့်ထက် ဂျိုးဘိုင်ဒင်ကို ပိုမိုနှစ်သက်သည်ဟု အင်တာဗျူးတစ်ခုတွင် ဖြေကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒေါ်နယ်ထရန့်ထက် ဂျိုးဘိုင်ဒင်ကို ပိုမိုနှစ်သက်သည်ဟု အင်တာဗျူးတစ်ခုတွင် ဖြေကြား
ဖေဖော်ဝါရီ ၁၄ ရက်က မော်စကို၌ ပြုလုပ်သည့်အနာဂတ် နည်းပညာများ ဖိုရမ်တွင် ပူတင် မိန့်ခွန်းပြောကြားနေပုံကို တွေ့ရစဉ် (Photo:AFP)
ဖေဖော်ဝါရီ ၁၄ ရက်က မော်စကို၌ ပြုလုပ်သည့်အနာဂတ် နည်းပညာများ ဖိုရမ်တွင် ပူတင် မိန့်ခွန်းပြောကြားနေပုံကို တွေ့ရစဉ် (Photo:AFP)
Published 15 February 2024

ဖေဖော်ဝါရီ ၁၄ ရက် ရုပ်သံအင်တာဗျူးတွင် ရုရှားသမ္မတဗလာ ဒီမာပူတင်က ၎င်းသည် ဒေါ်နယ်ထရန့်ထက် ဂျိိုးဘိုင်ဒင်ကို ပိုမိုနှစ်သက်သည်ဟု ပြောဆိုခဲ့သော်လည်း မည်သည့် အမေရိကန်သမ္မတနှင့်မဆို အ လုပ်လုပ်ရန်ဆန္ဒရှိသည်ဟု ပြောကြားခဲ့သည်။

ပူတင်ကို တွေ့ဆုံမေးမြန်းခဲ့သူ ပါဗယ်ဇာရူဘင်က ဒီမိုကရက် ဂျိုးဘိုင်ဒင်နှင့် ရီပတ်ဘလီကင် ထရန့်တို့ထဲက မိမိတို့အတွက် မည်သူက ပိုကောင်းသလဲဟု မေးမြန်းခဲ့သည်။

“ဘိုင်ဒင်ပါ။ သူက အတွေ့အကြုံပိုများတယ်။ ခန့်မှန်းလို့ရတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဂိုဏ်းဟောင်း နိုင်ငံရေးသမားတစ်ဦး ဖြစ်ပါ တယ်”ဟု ပူတင်က မဆိုင်းမတွ ဖြေခဲ့သည်။

“ဒါပေမဲ့ ကျွန်တော်တို့ကတော့ အမေရိကန်ပြည်သူတွေ ယုံကြည်တဲ့ ဘယ်သမ္မတနဲ့မဆို အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်”ဟု ပူတင်က ဖြည့်စွက်ပြောသည်။

ယင်းသည် ဘိုင်ဒင်နှင့်ထရန့်တို့ နှစ်ကြိမ်ဆက် ထိပ်တိုက်တွေ့မည်ဟု မျှော်လင့်ရသည့် ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပူတင်က ပထမဆုံးအကြိမ် မှတ်ချက်ပေးခြင်းဖြစ်သည်။

အမေရိကန်၌ နိုင်ငံရေးဆိုင်ရာ မရေရာမှု မြင့်တက်နေချိန်ဖြစ်ပြီး အမေရိကန်နှင့်ရုရှားတို့၏ ဆက်ဆံရေး နှစ်ပေါင်း ၆၀ ကျော်ကာလတွင် အနိမ့်ဆုံးအနေအထားကို ရောက်ရှိနေချိန် ပူတင်၏ စကားများသည် အမှန်ကို ပြောခြင်းဆိုသည်ထက် ဂုဏ်သိက္ခာထိခိုက် အောင်ပြောဆိုခြင်းဖြစ်သည်ဟု ယူဆဖွယ်ရာရှိသည်။

ဘိုင်ဒန်သည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို ရုရှားကျူးကျော်မှုအား အနောက်အုပ်စုတုံ့ပြန်မှုကို ဦးဆောင်ခဲ့သည့်အပြင် နေတိုးမဟာမိတ်အဖွဲ့ကို အဖွဲ့ဝင်အင်အားတိုးချဲ့မှု၊ ရုရှားကို ပိတ်ဆို့မှုများ ဆက်တိုက်ချ မှတ်မှု၊ ယူကရိန်းကို လက်နက်နှင့်အကူအညီ ဘီလျံပေါင်းများစွာ ပ့ံပိုးပေးမှုတို့ကိုလည်း ဆောင်ရွက်ခဲ့သူဖြစ်သည်။

ထရန့်၏ ပထဆုံး သမ္မတသက်တမ်းတွင် ပူတင်ကို ဝေဖန်မှုမရှိသလောက်ဖြစ်ခဲ့သည့်အပြင် ကာကွယ်ရေးအသုံးစရိတ် အလုံအလောက်မပေးသော နေတိုးအဖွဲ့ဝင်နိုင်ငံများကို ရုရှား တိုက်ခိုက်အောင် တွန်းအားပေးမည်ဟု လွန်ခဲ့သောရက်ပိုင်းတွင် ပြောဆိုခဲ့သည့် စကားများကို အခြေခံ၍ ပြောရမည်ဆိုပါက ထရန့်သည် ရုရှားခေါင်းဆောင် ပူတင်ကို ပိုုမိုအကျပ်တွေ့အောင် လုပ်လိုက်ခြင်းဖြစ်သည်ဟု အကဲခတ်များက ယုံကြည်ထားကြသည်။

အမေရိကန်ရွေးကောက်ပွဲတွင် မဆီမဆိုင် စွက်ဖက်ခြင်းသည် မှားလိမ့်မည်ဟု ပြောဆိုထားသည့်တိုင် ပူတင်က အမေရိကန် သမ္မတအဖြစ် ဝင်ရောက်အရွေးခံမည့် ကိုယ်စားလှယ်နှစ်ဦး၏ အကြောင်းကို ပြောဆိုခဲ့သည့်အပြင် ဘိုင်ဒင်၏ စိတ်ကျန်းမာရေးအခြေအနေကိုပင် ဆွေးနွေးပြောဆိုသွားခဲ့သည်။

ပူတင်သည် ၁၉၉၉ ခုနှစ်ကတည်းက သမ္မတ သို့မဟုတ် ဝန်ကြီးချုပ်အဖြစ် အာဏာရရှိထားသူဖြစ်သည်။ အသက် ၇၁ နှစ်ရှိ ပြီဖြစ်သော ပူတင်သည် ဂျိုးဘိုင်ဒင်ထက် ၁၀ နှစ်ငယ်ပြီး ထရန့်ထက် ခြောက်နှစ်ငယ်သည်။

ပူတင်သည် ရှေ့လတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ သမ္မတဖြစ် အရွေးခံရရန် သေချာနေသည်။ ယူကရိန်းစစ်ပွဲကို အတိုက်အခံလုပ်ခဲ့သော ကိုယ်စားလှယ်လောင်းနှစ်ဦးမှာ တရားမဝင် စာရွက်စာတမ်းများ တင်ပြသည့်အတွက် ရွေးကောက်ပွဲဝင်ရန် အရည်အချင်းမပြည့်မီဟု ဆုံးဖြတ်ခံခဲ့ရသည်။

Ref:Reuters

Most Read

Most Recent