NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် EAO ခုနစ်ဖွဲ့မှ ကိုယ်စားလှယ်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် EAO ခုနစ်ဖွဲ့မှ ကိုယ်စားလှယ်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး
Published 14 February 2024

အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်ချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့သည် ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်ချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်ချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေး ကော်မတီဝင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အဖွဲ့ဝင် ခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊  ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ ဆက်ဆံရေးဌာနမှူး စောကျော်သန်းဌေး၊ မွန်ပြည်သစ်ပါတီ(NMSP)မှ ဗဟိုကော်မတီဝင် နိုင်ဗညားမွန်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)မှ ဗဟိုဦးစီးကော်မတီဝင် နန်းမိုးမိုးစောနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ခွန်တီးလားတို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်ချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကိုယ်စား KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး တို့က နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့်ပတ်သက်ပြီး အဖွဲ့အစည်းများ၏ သဘောထားများ၊ အကြံပြုချက်များကို ဆွေးနွေးညှိနှိုင်းကြကြောင်း သိရသည်။

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အဖွဲ့ဝင် ခွန်ဥက္ကာနှင့် အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်ချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က နိဂုံးချုပ် အမှာစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။ 

တွေ့ဆုံပွဲတွင် တိုင်းရင်းသား ပြည်သူလူထု၏အကျိုးကို ရှေးရှု၍ လက်ရှိဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကို ငြိမ်းချမ်းရေးစားပွဲဝိုင်း၌ တွေ့ဆုံညှိနှိုင်းဖြေရှင်းကြရန်၊ ပဋိပက္ခကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသည့် အရပ်သားပြည်သူများကို အကာအကွယ်ပေးရေးနှင့် အကူအညီ အထောက်အပံ့များ အမြန်ဆုံးရရှိရေး ပဋိပက္ခအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများသို့ တိုက်တွန်းကြောင်းကို တက်ရောက်လာကြသူများက တူညီသည့် သဘောထားကို ထုတ်ဖော်ခဲ့ကြကြောင်းလည်း နစကမှ ထုတ်ပြန်သည်။

 

Most Read

Most Recent