လူသေဆုံးမှုများပြားခဲ့သည့် အဆိုးရွားဆုံး လောင်ခဲ့သော တောမီးများ

လူသေဆုံးမှုများပြားခဲ့သည့် အဆိုးရွားဆုံး လောင်ခဲ့သော တောမီးများ
Photo:AFP
Photo:AFP
Published 11 February 2024

အနည်းဆုံးလူ ၁၃၁ ဦးသေဆုံးခဲ့ရသည့် ချီလီအလယ်ပိုင်းက တောမီးသည် ယခုရာစုနှစ်တွင် အပြင်းထန်ဆုံး တောမီးထဲတွင် ပါဝင်ခဲ့သည်။

ချီလီမီးသတ်သမားများသည် နွေရာသီ အပူလှိုင်းကျရောက်နေချိန်တွင် တောမီးများကို ကြိုးစားပမ်း စား ငြိှမ်းသတ်ခဲ့ရသည်။

ဖေဖော်ဝါရီ ၂ ရက်တွင် စတင်လောင်ခဲ့သည်ဟု ယူဆရသော တောမီးများသည် ဖေဖော်ဝါရီ ၇ ရက်တွင် ငြိမ်းသွားခဲ့သည်။ မီးသတ်သမား ၂,၀၀၀ ခန့်သည် တောမီးများ ကို ငြိှမ်းသတ်ခဲ့ရသည်။

လူသေဆုံးမှုများပြားခဲ့သည့် အခြားတောမီးများကို ဖော်ပြပေးလိုက်ပါသည်။ 

၂၀၀၉- သြစတြေးလျ(၁၇၉ ဦး သေဆုံး)

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် သြစတြေးလျအရှေ့ တောင်ပိုင်းပြည်နယ် ဝီတိုရိယတွင်  မီးမုန်တိုင်းများက မြို့ရွာများကို ဝင်မွှေသွားခဲ့သောကြောင့် လူ ၁၇၉ ဦး သေဆုံးခဲ့ရသည်။ ထိုနေ့ကို အနက်ရောင် စနေနေ့ဟု ခေါ်ခဲ့ကြသည်။

ကင်းလိတ်၊ မယ်ရီဗီးလ်၊ နာဘီသွန်း၊ စထရာသီဝမ်၊ ဖလားဝါးဒေး တို့အပါအဝင် မြို့လုံးကျွတ် ပျက်စီး သွားခဲ့သည် သို့မဟုတ် ဆိုးရွာစွာ ပျက်စီးခဲ့သည်။ တောမီးသည် သီတင်းပတ်ချီ လောင်ခဲ့သည်။

တောမီးလောင်စေသည့် ပြင်းထန်မိုးလေဝသ အခြေအနေတွင် ယခုတောမီးလောင်ခဲ့ခြင်းဖြစ်သည်။  သြစတြေးလျ၏ လူ့အသက်ဆုံးရှုံးမှု အများဆုံး တောမီးဖြစ်သည်။

လူသေဆုံးမှု များပြားခဲ့သလို အိုးမဲ့အိမ်မဲ့ဖြစ်သွားသူလည်း များပြားခဲ့သည်။ အဆိုပါနေ့တွင် တောမီး ၄၀၀ လောင်နေခဲ့သည်ဟု ဆိုပါသည်။ ထို့ကြောင့်လည်း ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်ကို အနက်ရောင် စနေနေ့ဟု ခေါ်ကြခြင်း ဖြစ်သည်။

၂၀၁၈- ဂရိ (၁၉၃ဦး သေဆုံး)

ဂရိနိုင်ငံ၏ အဆိုးရွားဆုံး တောမီးတွင် လူ ၁၉၃ ဦး သေဆုံးသွားခဲ့သည်။ ၂၀၁၈ ခုနှစ် ဇူလိုင်လထဲတွင် အေသင်မြို့အနီးရှိ မာတီးကမ်းရိုးတန်းမြို့၌ တောမီးသည် အိမ်များ၊ ကားများကို လောင်ခဲ့သည်။ မည်း တူးနေသော မီးလောင်ရာများသာ ကျန်ရစ်ခဲ့သည်။

သေဆုံးသူအများစုမှာ ထွက်ပြေးရန် ကြိုးစားစဉ် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားကာ ပိတ်မိပြီး သေဆုံး ခဲ့ကြခြင်းဖြစ်သည်။ အခြားလူများသည် မီးဘေးမှ လွတ်ရန် ပင်လယ်ထဲ ခုန်ချရာမှ ရေနစ်သေဆုံးခြင်းဖြစ် သည်။

၂၀၂၃- ဟာဝိုင်ယီ(၁၀၀ ဦးသေဆုံး)

၂၀၂၃ ခုနှစ် သြဂုတ် ၈ ရက် တွင် အမေရိကန်ပြည်နယ်တစ်ခုဖြစ်သော ဟာဝိုင်ယီ၌ လောင်သော တောမီးသည် နှစ်ပေါင်းတစ်ရာကျော်တွင် အမေရိကန်ပြည်ထောင်စု၌ လောင်သည့် အပြင်းထန်ဆုံး တောမီးဖြစ်သည်။

တောမီးသည် ဧက ၂,၀၀၀ ခန့်(ဟက်တာ ၈၀၀) ကို လောင်ခဲ့သည်။ Maui ကျွန်းပေါ်တွင် လူ ၁၀၀ သေဆုံးခဲ့သည်။ လူအနည်းငယ်သည် ပျောက်ဆုံးစာရင်းထဲ ပါနေဆဲဖြစ်သည်။

၂၀၂၁- အယ်လ်ဂျီးရီးယား(၉၀ ကျော် သေဆုံး)

၂၀၂၁ ခုနှစ် သြဂုတ်လထဲတွင် အယ်လ်ဂျီးရီးယားမြောက်ပိုင်း၌ တောမီး ဒါဇင်ချီလောင်ခဲ့စဉ် လူ ၉၀ ကျော်သေဆုံးခဲ့သည်။

တောမီးများသည် အယ်လ်ဂျီးရီးယား ပြည်နယ် ၅၈ ခုထဲက ပြည်နယ် ၂၆ ခုကို ထိခိုက်စေခဲ့သည်။ တီဇီအူဇူပြည်နယ်သည် အဆိုးဆုံး ထိခိုက်ခဲ့သည်။

အစိုးရက တောမီးများလောင်သည့်အတွက် မီးရှို့သူများနှင့် ပြင်းထန်အပူလှိုင်းတို့ကို အပြစ်တင်ခဲ့သည်။ ပညာရှင်များကမူ နှစ်စဉ် တောမီးရာသီအတွက် ပြင်ဆင်ရန် ပျက်ကွက်ခဲ့သော အာဏာပိုင်များကို ဝေဖန်ခဲ့သည်။

၂၀၁၈- ကယ်လီဖိုးနီးယား(၈၆ ဦးသေဆုံး)

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက် အရုဏ်တက်ချိန်တွင် ကယ်လီဖိုးနီးယားပြည်နယ်၏ အပြင်းထန်ဆုံး ခေတ်သစ် တောမီးသည် ဆန်ဖရန်စစ္စကို မြောက်ဘက် ကီလိုမီတာ ၂၄၀ ခန့်ဝေးသော ပါရာဒိုက်မြို့တွင်  စတင်လောင်ခဲ့သည်။ သီတင်းနှစ်ပတ် ကျော်ကြာခဲ့သော တောမီးတွင် လူ ၈၆ ဦးသေဆုံးခဲ့သည်။

Camp Fire တောမီးဟု အမည်ပေးခဲ့သော တောမီးသည် အနီးနားရှိ သစ်သားစိုက်ခင်းများကို လောင်ခဲ့ပြီး ထူထပ်စွာ ပေါက်နေသောအပင်များ၊ သစ်တိုသစ်စ ပုံများကို လျင်မြန်စွာ လောင်ကာ မြေဟက်တာ ၆၂,၀၀၀ ကျော်ကို ၀ါးမျိုသွားခဲ့သည်။

ဗို့အားများသော လျှပ်စစ်ဝါယာကြိုးများက မီးများကို စတင် လောင်စေခဲ့သည်ဟု စုံစမ်းစစ်ဆေးရာတွင် တွေ့ရှိခဲ့သည်။

ဤတောမီးသည် အာမခံ ဆုံးရှုံးမှုအပိုင်းမှ ပြောရမည်ဆိုပါက ၂၀၁၈ ခုနှစ်တွင် ကမ္ဘာပေါ်၌ ဆုံးရှုံးမှုအများဆုံး သဘာဝဘေးန္တရာယ် တစ်ခုဖြစ်ခဲ့သည်။ ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းသည် ၁၆ ဒသမ ၆၅ ဘီလျံ ရှိသည်ဟု ဆိုသည်။

နွေရာသီ အပူချိန်မြင့်တက်ချိန်တွင် တောမီးအန္တရာယ်သည် ကြီးမားသည်။ အပူလှိုင်းကျ ရောက်ချိန်တွင် တောမီးများ လောင်ရန် လွယ်ကူစေပါသည်။ ထို့ကြောင့် တောမီးအန္တရာယ်သည် မပေါ့ဆသင့်ပေ။                          Ref:AFP

Most Read

Most Recent