ဧရာဝတီတိုင်းဒေသကြီးရှိ သမိုင်းဝင်ဆံတော်ရှင် မော်တင်စွန်းဘုရားပွဲတော် မတ်လအတွင်း ကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီးရှိ သမိုင်းဝင်ဆံတော်ရှင် မော်တင်စွန်းဘုရားပွဲတော် မတ်လအတွင်း ကျင်းပမည်
Published 9 February 2024

ဧရာဝတီတိုင်းဒေသကြီးရှိ သမိုင်းဝင်ဆံတော်ရှင် မော်တင်စွန်းဘုရားပွဲတော်ကို လာမည့်မတ်လအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မော်တင်စွန်းဘုရားပွဲတော်ကို မတ် ၁၀ ရက်မှစ၍ ၁၅ ရက်ကြာကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

ပွဲတော်ကျင်းပမည့် အစီအစဉ်နှင့်ပတ်သက်၍  မြတ်မော်တင်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့စာရေး ဦးကျော်စွာဝင်းက “ဒီနှစ် ဘုရားပွဲတော်ကို မတ် ၁၀ ရက်နေ့မှာ စပါမယ်။ ၁၅ ရက်ကြာ ကျင်းပဖို့ရှိပါတယ်။ အစီအစဉ်တွေကတော့ အစနေ့မှာ ဖွင့်ပွဲလုပ်ပါမယ်။ ဘုရားရင်ပြင်တော်ပေါ်မှာ ဘုရားအနေ ကဇာတင်အခမ်းအနား ကျင်းပပါမယ်။ ရေစက်ချအခမ်းအနားလည်း လုပ်ပါမယ်။ ပွဲတော်မှာ စျေးဆိုင်ခန်းအများအပြားရှိပါမယ်။ တပေါင်းလဆန်း ၉ ရက်နေ့ကနေ လပြည့်နေ့အထိ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်မှုလည်းပြုလုပ်မှာပါ။ တပေါင်းလပြည့်နေ့မှာတော့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနဲ့ ပွဲတော်ပိတ်သိမ်းပွဲ အခမ်းအနားကျင်းပပါမယ်” ဟု ဆိုသည်။

“ပွဲတော်ကာလမှာ စျေးဆိုင်ခန်းပေါင်း ၄၀၀ ကျော်လောက်ရှိမှာပါ။ နိဗ္ဗာန်ကုန်ဆိုင်တို့၊ စားသောက်ဆိုင်တို့၊ အထည်ဆိုင်တို့၊ သီးနှံဆိုင်တို့ရှိပါမယ်။ ဒေသထွက်ကုန်တို့၊ ငါးခြောက်တို့ ရောင်းတဲ့ဆိုင်တွေလည်းရှိပါမယ်။ မော်တင်စွန်းကနေ နာရီဝက်လောက် ဆက်သွားရင် ငွေတောင်ဆိုတာရှိတယ်။ ရေချိုးအပန်းဖြေလို့ရတယ်။ အဲဒီဘက်မှာလည်း ဆိုင်ခန်း ၂၀၀ လောက်ရှိမယ်။ ဘုရားဖူးတွေက ညပိုင်းဆို ဘုရားကိုလာကြတယ်။  နေ့ပိုင်းဆို အဲဒီဘက်ကိုသွားပြီး အပန်းဖြေကြလေ့ရှိပါတယ်။ ဘုရားပွဲတော်ရက် တပေါင်းလဆန်း ၁၀ ရက်နေ့ကနေ လပြည့်နေ့အထိဆို တိုးလို့ မပေါက်အောင် ဘုရားဖူးတွေ လာကြလေ့ရှိတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ပင်လယ်ကမ်းစပ်ရှိ မော်တင်အငူဖြစ်သော မော်တင်စွန်းတွင် တည်ရှိပြီး ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်း နှစ်မျိုးဖြင့် သွားလာနိုင်သော ထင်ရှားသည့်နေရာတစ်ခုဖြစ်သည်။

Most Read

Most Recent