အမေရိကန်က ဘဂ္ဂဒတ်မြို့တွင် ဒရုန်းဖြင့်တိုက်ခိုက်သဖြင့် ခါတိုက်ဟစ်ဇ်ဘိုလာအဖွဲ့၏တပ်မှူး သေဆုံး

အမေရိကန်က ဘဂ္ဂဒတ်မြို့တွင် ဒရုန်းဖြင့်တိုက်ခိုက်သဖြင့် ခါတိုက်ဟစ်ဇ်ဘိုလာအဖွဲ့၏တပ်မှူး သေဆုံး
ဘဂ္ဂဒတ်မြို့၌ ဒရုန်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ပျက်စီးသွားသောကားကို ကုန်တင်ကားပေါ်တင်နေစဉ် လူများ ၀ိုင်းကြည့်နေပုံကို ဖေဖော်ဝါရီ ၇ ရက်တွင် တွေ့ရစဉ်(Photo:AP)
ဘဂ္ဂဒတ်မြို့၌ ဒရုန်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ပျက်စီးသွားသောကားကို ကုန်တင်ကားပေါ်တင်နေစဉ် လူများ ၀ိုင်းကြည့်နေပုံကို ဖေဖော်ဝါရီ ၇ ရက်တွင် တွေ့ရစဉ်(Photo:AP)
Published 9 February 2024

အမေရိကန်ဒရုန်းတိုက်ခိုက်မှုက ဖေဖော်ဝါရီ ၇ ရက် ညပိုုင်းတွင် အီရတ်မြို့တော် ဘဂ္ဂဒတ်၌ ကားတစ်စီးကို ပေါက်ကွဲပျက်စီးစေခဲ့ရာ အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် စစ်သားများကို တိုက်ခိုက်မှုများ အား တိုက်ရိုက်စီစဉ်ပြီး ပါဝင်ဆောင်ရွက်သည်ဆိုသော အင်အားကြီးမားသည့် ခါတိုက် ဟစ်ဇဘိုလာအဖွဲ့၏ ရာထူးကြီးသော တပ်မှူးသေဆုံးသွားခဲ့သည်ဟု ဖေဖော်ဝါရီ ၇ ရက်တွင် အမေရိကန်စစ်တပ်က ပြောကြားခဲ့ သည်။

ပစ်မှတ်တိကျသည့် ဖောက်ခွဲရေး ဒရုန်းသည် ဘဂ္ဂဒတ်အရှေ့ပိုင်းရှိ လမ်းမကြီးပေါ်တွင် ပေါက်ကွဲခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများကို လာရောက်ရှင်းလင်းနေစဉ် လူအုပ်ကြီး လာရောက်ကြည့်ရှုခဲ့သည်။  ယခုတိုက်ခိုက်မှုသည် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်နေချိန်တွင် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင်  တိုက်ခိုက်မှုကို အီရတ်အစိုးရအဖွဲ့ခေါင်း ဆောင်များထံ ကြိုတင်အသိပေးခြင်းမရှိသောကြောင့် အီရတ်ခေါင်းဆောင်ပိုင်းကို ဒေါသထွက်စေလိမ့်မည်ဟု ဆိုသည်။

လုံခြုံရေးတပ်ဖွဲ့များသည် သံတမန်ခြံဝင်းအများအပြားရှိရာ Green Zone ကို လုံခြုံရေး ထူထပ်စွာ ချထားပြီး ပိတ်ထားခဲ့သည်။ အမေရိကန်သံရုံးထဲကို ဝင်ရောက်ကြရန် ဆန္ဒပြသူများကို တိုက်တွန်းထားသည့် လူမှုမီဒီယာပို့စ်များကိုလည်း တွေ့ရသည်။

သေဆုံးသူအရေအတွက်နှင့်ပတ်သက် ၍ သတင်းများ ကွဲလွဲနေသည်ကို တွေ့ရသည်။ လူတစ်ဦးသာ သေဆုံးသည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့ပြီး အရပ်သား  ထိခိုက် သေဆုံးမှုမရှိဟု ဆိုသည်။ သို့ရာတွင် အီရတ်ရှိ  အီရန်ကျောထောက်နောက်ခံပြု ခါတိုက်ဟစ်ဇဘိုလာအဖွဲ့က လူသုံးဦးသေဆုံးသည်ဟု ပြောကြားခဲ့သည်။ သေဆုံးသူများထဲတွင် ဆီးရီးယားရှိ ခါတိုက်ဟစ်ဇဘိုလာအဖွဲ့၏ စစ်ဆင်ရေးများကို ကြီးမှူးရသည့် တပ်မှူးအဘူဘာကာအယ်လ်ဆာဒီဟု ဝစ်ဆမ်မူဟာ မက်ဆာဘာအယ်လ်ဆာဒီပါဝင်သည်ဟု ဆိုသည်။ ကျူးကျော်သူအမေရိကန်တပ်ဖွဲ့များ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဘူအာခါ သေဆုံးသွားသည်ဟု ခါတိုက်ဟစ်ဇဘိုလာအဖွဲ့က ထုတ်ပြန်ခဲ့သည်။

“တိုက်ခိုက်ချိန်မှာ ဆက်စပ်ထိိခိုက်တာတွေ ဒါမှမဟုတ် အရပ်သားထိခိုက် သေဆုံးတာတွေရှိတယ်ဆိုတာကို ညွှန်ပြနေတာတွေ မတွေ့ရပါဘူး”ဟု အမေရိကန်ဗဟိုကွပ်ကဲရေးဌာနက ထုတ်ပြန်ခဲ့သည်။ အမေရိကန်သည် မိမိတပ်ဖွဲ့များ၏ ဘေးကင်းရေးကို ခြိမ်းခြောက်နေသူအားလုံး တာဝန်ခံလာအောင် လုပ်ဆောင်ရာတွင် တုံ့ဆိုင်းနေမည်မဟုတ်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

ယခုတိုက်ခိုက်မှုက ၀ါရှင်တန်နှင့်ဘဂ္ဂဒတ်အစိုးရတို့၏ အဆင်မပြေသောဆက်ဆံရေးကို အခြေအနေ ဆိုးရွားသွားစေရန် သေချာနေသည်။

အမေရိကန်က အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့ရှိ အီရန်တပ်ဖွဲ့များနှင့် အီရန်၏ မဟာမိတ် လက်နက်ကိုင်အဖွဲ့များကို ဖေဖော်ဝါရီ ၂ ရက်က လေကြောင်းတိုက်ခိုက်မှုများ  လုပ်ဆောင်ခဲ့ပြီးနောက် ယခုတိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်။

အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများသည် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ Ouds တပ်ဖွဲ့နှင့်  ၎င်းနှင့်ဆက်နွှယ်သည့် လက်နက်ကိုင်အဖွဲ့များကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်စခန်းတွင် ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်မည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ပြီးနောက် အဆိုပါ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်သည် ဂျော်ဒန်တိုက်ခိုက်မှုအတွက် အီရန်ကျောထောက်နောက်ခံပြု ကျယ်ပြန့်သော စစ်သွေးကြွအဖွဲ့များကို အပြစ်တင်ခဲ့ပြီး အထူးသဖြင့် အီရတ်နိုင်ငံရှိ အစ္စလာမ်မစ် တော်လှန်ရေးအဖွဲ့ကို အပြစ် တင်ခဲ့သည်။ ခါတိုက်ဟစ်ဇဘိုလာသည် ဂျော်ဒန်တိုက်ခိုက်မှုတွင် အဓိက သံသယရှိသော အဖွဲ့ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။                               Ref:AP

Most Read

Most Recent