ဆေးခြောက်အား အပန်းဖြေစရာအဖြစ် သုံးစွဲခြင်းကို တားမြစ်မည်ဟု ထိုင်းအစိုးရပြောကြား

ဆေးခြောက်အား အပန်းဖြေစရာအဖြစ် သုံးစွဲခြင်းကို တားမြစ်မည်ဟု ထိုင်းအစိုးရပြောကြား
Photo - AFP
Photo - AFP
Published 6 February 2024

ဆေးခြောက်ကို အပန်းဖြေစရာအဖြစ် အသုံးပြုခြင်းကိုတားမြစ်သည့် ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုရေးအတွက် အရေးတကြီးလုပ်ဆောင်သွားမည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးက ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။

ယခင်အစိုးရလက်ထက် ၂၀၂၂ ခုနှစ် ဇွန်လတွင် ဆေးခြောက်သုံးစွဲခြင်းကို တရားဝင်ခွင့်ပြုခဲ့ပြီး တားမြစ်ခံမူးယစ်ဆေးဝါးစာရင်းမှ ဖယ်ရှားခဲ့သည်။ 

ယင်းသို့လုပ်ဆောင်ခဲ့ခြင်းကြောင့် အထူးသဖြင့် မြို့တော်ဘန်ကောက်အပါအဝင် နိုင်ငံတစ်ဝန်း၌ ရာနှင့်ချီသည့် ဆေးခြောက်အရောင်းဆိုင်များ ပေါ်ပေါက်လာပြီးနောက် ပိုမိုတင်းကျပ်သည့် ဥပဒေပြဋ္ဌာန်းမှုများ လုပ်ဆောင်ရေးအတွက် စိုးရိမ်တကြီး တိုက်တွန်းမှုများ ရှိလာခဲ့သည်။

ဆေးခြောက်အား အပန်းဖြေစရာအဖြစ် အသုံးပြုခြင်းကိုတားမြစ်သည့် ဥပဒေကြမ်းအသစ်တစ်ရပ်ကို လာမည့်သီတင်းပတ်၌ ပြုလုပ်မည့် အစိုးရအဖွဲ့အစည်းအဝေးတွင် အဆိုပြုသွားမည်ဟု ထိုင်းကျန်းမာရေးဝန်ကြီး ချွန်လာနန် ဆရီကူးက သတင်းထောက်များကို ပြောကြားခဲ့သည်။

"တည်ဆဲဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းအသစ်မှာ ဆေးခြောက်ကို ကျန်းမာရေးနဲ့ဆေးကုသရေးအတွက်ပဲ အသုံးပြုခွင့်ပေးတော့မှာပါ။ ဆေးခြောက်ကို အပျော်တမ်းအသုံးပြုတာဟာ လွဲမှားနေတယ်လို့ ယူဆတယ်" ဟု ၎င်းက ဆိုသည်။ 

ယမန်နှစ် သြဂုတ်လတွင် စတင်တာဝန်ယူခဲ့သည့် ဝန်ကြီးချုပ် ဆရီထာ ထာဝီဆင်ကလည်း ဆေးခြောက်အားအပျော်တမ်းအသုံးပြုမှုကို ဆန့်ကျင်ကြောင်းနှင့် ယင်းကို ဆေးကုသရေးအတွက်သာ အသုံးပြုခွင့်ပေးသင့်ကြောင်း မကြာခဏပြောဆိုထားသည်။

၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် ကျန်းမာရေးအတွက် ဆေးခြောက်သုံးစွဲခွင့်ကို ပထမဆုံးအတည်ပြုပေးသည့်နိုင်ငံဖြစ်လာခဲ့သည်။ 

ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့်ပေးခြင်းအား ခရီးသွားလုပ်ငန်းအပေါ် အမှီသဟဲပြုနေရသည့်ထိုင်းစီးပွားရေးအတွက် အကျိုးရှိစေသည့် လုပ်ဆောင်ချက်အဖြစ် အမွှမ်းတင်မှုများရှိခဲ့ပြီး ယင်းစျေးကွက်သည် ၂၀၂၅ ခုနှစ်အရောက်တွင် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံအထိ ရှိလာနိုင်သည်ဟု University of the Thai Chamber of Commerce က ခန့်မှန်းထားသည်။ 

Ref: AFP 

Most Read

Most Recent