အမေရိကန်နှင့် ဗြိတိန်တို့၏ လေကြောင်းတိုက်ခိုက်မှုများကို တုံ့ပြန်သွားမည်ဟု ဟူရ်သီသူပုန်အဖွဲ့ ပြောကြား

အမေရိကန်နှင့် ဗြိတိန်တို့၏ လေကြောင်းတိုက်ခိုက်မှုများကို တုံ့ပြန်သွားမည်ဟု ဟူရ်သီသူပုန်အဖွဲ့ ပြောကြား
ဇန်နဝါရီ ၁၂ ရက်က ပင်လယ်နီအတွင်းရှိ USS Dwitht. D Eisenhower လေယာဉ်တင်သင်္ဘောပေါ်မှ တိုက်လေယာဉ်တစ်စင်း ပျံတက်နေစဉ်(Photo:AFP)
ဇန်နဝါရီ ၁၂ ရက်က ပင်လယ်နီအတွင်းရှိ USS Dwitht. D Eisenhower လေယာဉ်တင်သင်္ဘောပေါ်မှ တိုက်လေယာဉ်တစ်စင်း ပျံတက်နေစဉ်(Photo:AFP)
Published 4 February 2024

ပင်လယ်နီတွင် အီရန်က ကျောထောက် နောက်ခံပေးထားသည့် ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုများအတွက် တုံ့ပြန်သည့်အနေဖြင့် ဒါဇင်နှင့်ချီသည့် ဟူရ်သီပစ်မှတ်များ တိုက်ခိုက်ခံခဲ့ရပြီးနောက် အမေရိကန်နှင့် ဗြိတိန် တို့၏ လေကြောင်းတိုက်ခိုက်မှုများသည် မိမိတို့အား တားဆီးနိုင်မည်မဟုတ်ဘဲ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ယီမင်၏ ဟူရ်သီသူပုန်အဖွဲ့က ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။

ဂျော်ဒန်နိုင်ငံတွင် အမေရိကန်စစ်သား ၃ ဦးသေဆုံးခဲ့သည့် ဒရုန်းတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်သည် အီရတ်နှင့် ဆီးရီးယားရှိ အီရန်နှင့်ဆက်နွှယ်သည့် ပစ်မှတ်များကို တစ်ဖက်သတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၃ ရက်နှောင်းပိုင်းတွင် ဗြိတိန်နှင့်ပူးတွဲလေကြောင်းတိုက် ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုသည် ဂါဇာတွင် အစ္စရေးနှင့် စစ်ပွဲဖြစ်ပွားနေသည့် ပါလက်စတိုင်းများနှင့် စည်းလုံးညီညွတ်မှုရှိကြောင်း ပြသရန် ပင်လယ်နီတွင် တိုက်ခိုက်မှုများပြုလုပ်နေသည့် ဟူရ်သီအဖွဲ့ကို အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့များ၏ တတိယအကြိမ်မြောက် ပူးတွဲ တိုက်ခိုက်မှုဖြစ်သည်။

ထို့ပြင် အမေရိကန်သည် ဟူရ်သီသူပုန်များကို သီးခြား လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း ပင်လယ်နီတွင် ဟူရ်သီတို့၏ တိုက်ခိုက်မှုများမှာ ဆက် လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ဖေဖော်ဝါရီ ၂ ရက်က တိုက်ခိုက်မှုများသည် ယီမင်ရှိ နေရာဒေသ ၁၃ ခုမှ ဟူရ်သီ ပစ်မှတ် ၂၆ ခုကို ထိမှန်ခဲ့ပြီး ယင်းသည် ပင်လယ်နီတွင် ဖြတ်သန်းသွားလာနေသည့် ကုန်တင်သင်္ဘောများနှင့် ရေတပ်သင်္ဘောများကို  ဆက်လက်တိုက်ခိုက်နေသည့် ဟူရ်သီတို့ကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ၊ ထိုစစ်ဆင်ရေးအတွက် အမေရိကန်၊ ဗြိတိန်နှင့် အခြားနိုင်ငံများက ထောက်ပံ့ပေးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ထိုတိုက်ခိုက်မှုများသည် အီရန်က ကျောထောက်နောက်ခံပေးထားသည့် ဟူရ်သီတို့၏ ဆင်ခြင်မှုကင်းမဲ့ပြီး တည်ငြိမ်မှုပျက်ယွင်းစေသည့် တိုက်ခိုက်မှုများကို လျော့ကျစေရန် ရည်ရွယ်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးလွိုက်အော်စတင်က ပြောကြားခဲ့သည်။

သို့သော် မည်သည့်နေရာများရှိ ပစ်မှတ်များ ထိမှန်ခဲ့သည်ဆိုခြင်းကို အော်စတင်က ပြောကြားခြင်းမရှိဘဲ အစီရင်ခံစာတွင်လည်း ဖော်ပြခဲ့ခြင်းမရှိပေ။ သို့သော် ဟူရ်သီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီကမူ ဆန်နာမြို့တော်နှင့် အခြားသူပုန်များ ထိန်းချုပ်ထားသည့် နေရာဒေသများ ပစ်မှတ်ထားခံခဲ့ရသည်ဟု ပြောသည်။

လေကြောင်းတိုက်မှု စုစုပေါင်း ၄၈ ကြိမ် ရှိခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုများသည် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းတို့ကို ထောက်ခံပေးနေသည့် မိမိတို့၏ ရပ်တည်ချက်ကို ဟန့်တားနိုင်မည်မဟုတ်ကြောင်း ဆာရီက X  လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ထိ့ပြင် ထိုတိုက်ခိုက်မှုများအတွက် တာဝန်ရှိသူများကို လက်တုံ့ပြန်ပြီး အပြစ်ပေးသွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏  ထုတ်ပြန်ချက်အရ တော်ဝင်လေတပ်မှ Typhoon စစ်လေယာဉ်များသည် တိုက်ခိုက်ရေး ဒရုန်းများနှင့် ကင်းထောက်ဒရုန်းများ လွှတ်တင်သည့် မြေပြင်ထိန်းချုပ်ရေးစခန်းနှစ်ခု အပါအဝင် ဟူရ်သီတို့၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုလေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး ထိခိုက်သေဆုံးမှုသတင်းများ ထွက်ပေါ်ခြင်းမရှိသေးပေ။                    Ref:AFP

Most Read

Most Recent