အမေရိကန်၏ တိုက်ခိုက်မှုမှန်သမျှကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု အီရန် သတိပေး

အမေရိကန်၏ တိုက်ခိုက်မှုမှန်သမျှကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု အီရန် သတိပေး
ရုရှားကိစ္စကို ကုလသမဂ္ဂ$ ရှင်းလင်းပြောကြားနေသည့် ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်အေမာဆာအစ်အီရာဗာနီကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် တွေ့ရစဉ်(Photo:Reuters)
ရုရှားကိစ္စကို ကုလသမဂ္ဂ$ ရှင်းလင်းပြောကြားနေသည့် ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်အေမာဆာအစ်အီရာဗာနီကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် တွေ့ရစဉ်(Photo:Reuters)
Published 1 February 2024

အီရန်သည် အမေရိကန်ပြည်ထောင်စုထံမှလာမည့် ခြိမ်းခြောက်မှုမှန်သမျှကို တုံ့ပြန်သွားမည်ဟု အီရန် တော်လှန်ရေးအစောင့်တပ်၏ အကြီးအကဲဟော်ဆိန်ဆလာမီက ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ဖော်ပြော ကြားခဲ့သည်။

အီရန်ကျောထောက်နောက်ခံပြုထားသော စစ်သွေးကြွများ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သားသုံးဦး သေဆုံးသွားသည်ကို အမေရိကန်က လက်တုံ့ပြန်ရန် စဉ်းစားချိန်ဆလျက်ရှိစဉ် အီရန်တော်လှန်ရေး အစောင့်တပ်အကြီးအကဲ၏ အထက်ပါ သတိပေးစကား ထွက်ပေါ်လာခြင်းဖြစ်သည်။

“အမေရိကန် တာဝန်ရှိသူတွေထံကနေ ထွက်ပေါ်လာတဲ့ ခြိမ်းခြောက်မှုတွေကို ကျွန်တော်တို့ ကြားနေရပါတယ်။ သူတို့က ကျွန်တော်တို့ကို စမ်းသပ်ထားပြီးသားဆိုတာကို ကျွန်တော်တို့က သူတို့ကို ပြောထားပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက်သိနေကြပါတယ်။ ခြိမ်းခြောက်တာတွေကို ဒီအတိုင်း ထားလိုက်မှာမဟုတ်ပါဘူး”ဟု ဆလာမီက ပြောကြားကြောင်း အီရန်အစိုးရတစ်ဝက်ပိုင်သော တက်စနင် သတင်းဌာနက ဖော်ပြခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလထဲတွင် အီရတ်မြို့တော်ဘဂ္ဂဒတ်၌ အီရန်တော်လှန် ရေးအစောင့်တပ်၏ ထိပ်တန်းကွပ်တပ်ဖွဲ့တပ်မှူး ဗိုလ်ချုပ်ကြီးကာဆမ်ဆိုလေမာနီ သေဆုံးသွားခဲ့သည့် အမေရိကန်ဒရုန်း တိုက် ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် တော်လှန်ရေးအစောင့်တပ်သည် အီရတ်နိုင်ငံရှိ အိန်းအယ်လ်-အာဆက် အမေရိကန် အခြေစိုက်စခန်းကို ပစ်မှတ်ထားခဲ့သည်။

အီရန်သည် မိမိပိုင်နက်၊ မိမိ၏အကျိုး စီးပွားများသို့မဟုတ် မိမိနယ်နိမိတ်အပြင်ဘက်၌ အီရန်နိုင်ငံသားများကို တိုက်ခိုက်မှု မှန်သမျှအား ပြတ်သားစွာ တုံ့ပြန်မည်ဟု ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်အေမာ ဆာအစ်အီရာဗာနီက ဇန်နဝါရီ ၃၁ ရက်တွင် သတိပေးခဲ့သည်။

ဂျော်ဒန်နိုင်ငံ၌ အမေရိကန်စစ်သားသုံးဦး သေဆုံးသွားခဲ့သော ဒရုန်းတိုက်ခိုက်မှုကို တုံ့ပြန်ရေးကိစ္စ မိမိဆုံးဖြတ်ထားပြီးပြီဟု ဇန်နဝါရီ ၃၀ ရက်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် အီရန်ဘက်က သတိပေးမှုများ ရှိလာခြင်းဖြစ်သည်။

ဂျော်ဒန်နိုင်ငံရှိ အခြေစိုက်စခန်းတစ်ခု ဒရုန်းဖြင့်တိုက်ခိုက်ခံရသောကြောင့် အမေ ရိကန်စစ်သားသုံးဦးသေဆုံးသွားခဲ့ရာ အစ္စရေး-ဟားမာ့စ်စစ်ပွဲ စတင်ခဲ့ပြီး နောက်ပိုင်း အရှေ့ အလယ်ပိုင်းဒေသ၌ ပထမဆုံး အမေရိကန်စစ်သားများ သေဆုံးခဲ့သည့်အတွက် တုံ့ပြန်မှု အမျိုးမျိုးရှိလာနိုင်သည်ဟု အိမ်ဖြူတော်က သတိပေးထားသည်။

အစ္စရေးက ဆီးရီးယားတွင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် အီရန်တော် လှန်ရေးအစောင့်တပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ရာ ဇန်နဝါရီ ၂၀ ရက်တွင် ငါးဦး၊ ဒီဇင်ဘာ ၂၅ ရက်တွင် နောက်ထပ် နှစ်ဦးသေဆုံးခဲ့သည်။

ဇန်နဝါရီ ၂၉ ရက်တွင် နောက်ထပ် အစ္စရေးတိုက်ခိုက်မှုက ဆီးရီးယားနိုင်ငံရှိ အီရန်  စစ်ဘက်အကြံပေးစင်တာကို ထိမှန်ခဲ့သည်ဟု တက်စနင်သတင်းဌာနက ဖော်ပြခဲ့ပြီး  နှစ် ဦးသေဆုံးသွားသည်ဟု ဆိုသည်။ သို့ရာတွင် ဆီးရီးယားဆိုင်ရာ အီရန်သံအမတ်ကမူ ပစ် မှတ်နှင့်သက်ဆိုင်သော အသေးစိတ်များကို ပြောကြားခြင်းမပြုပေ။ သေဆုံးသွားသူနှစ်ဦးမှာ အီရန်နိုင်ငံသားများ မဟုတ်ဟုသာ ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၅ ရက်တွင် အီရန်က အီရတ်နိုင်ငံရှိ အစ္စရေးစပိုင်ဌာနချုပ်ဟုဆိုသည့် အဆောက်အအုံများကို တိုက်ခိုက်ခဲ့သည်။ အဆိုပါအဆောက်အအုံများသည် အီရတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တစ်ဝက်ရရှိသော ကာ့ဒ် ဒေသတွင် တည်ရှိသည်။

ဟားမာ့စ်က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အောက်တိုဘာ ၇ ရက် နောက်ပိုင်းတွင် အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုများ မြင့်တက်လာခဲ့သည်။ အစ္စရေး -ဟားမာ့စ်စစ်ပွဲဖြစ်ပွားနေချိန်အတွင်း အီရတ်နှင့်ဆီးရီးယားတို့ရှိ အမေရိကန်တပ်ဖွဲ့များသည် ၁၆၅ ကြိမ်ကျော်တိုက်ခိုက်ခံခဲ့ရသည်။                                     Ref:Reuters

Most Read

Most Recent