မိုးမိတ်မြို့အား တပ်မတော်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး မြို့နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေဟု နစက ထုတ်ပြန်

မိုးမိတ်မြို့အား တပ်မတော်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး မြို့နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေဟု နစက ထုတ်ပြန်
Published 28 January 2024

 မိုးမိတ်မြို့အား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မြို့နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း နစကမှ ထုတ်ပြန်သည်။

KIA၊ TNLA နှင့် PDF အဖွဲ့များသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အများပြည်သူပိုင် အဆောက်အဦများနှင့် အများပြည်သူ သွားလာလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာ ဇန်နဝါရီ ၁၈ ရက်မှစ၍ မိုးမိတ်မြို့ လုံခြုံရေးစခန်းများအား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်လာခဲ့ပြီး မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ ဆေးရုံနှင့် စာသင်ကျောင်းများ၊ လူနေအိမ်များနှင့်ဌာနဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ယင်းသို့ လုပ်ဆောင်လျက်ရှိသည့် KIA၊ TNLA နှင့် PDF အဖွဲ့များအား တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းစစ်ဆင်ရေး(Counter- Terrorism Operation)ကို စစ်ကူ၊ စစ်ကြောင်းများ၊ အမြောက်နှင့် လက်နက်ကြီးပစ်ကူများဖြင့် ဆောင်ရွက်ခဲ့ရာ ယင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ(၁၆)ကြိမ် ဖြစ်ပွားခဲ့ပြီး မိုးမိတ်မြို့အား ဇန်နဝါရီ ၂၇ ရက်တွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိုးမိတ်မြို့နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

KIA၊ TNLA နှင့် PDF အဖွဲ့များသည် မိုးမိတ်မြို့အတွင်းသို့ ရောက်ရှိနေစဉ်အတွင်း စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့် ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဆေးရုံများ၊ စာသင်ကျောင်များ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ လူနေအိမ်များတွင် သဲအိတ်များစီ၍ ဘန်ကာများ ဆောက်လုပ်ပြီး တပ်မတော် စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်အဆောက်အဦ များအကြားနှင့် အများပြည်သူ သွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူများကို  လူသားတံတိုင်းအဖြစ် အကာအကွယ်ယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည် ။ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း(ROE)နှင့်အညီ တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထိတွေ့မှုများဖြစ်ပွားစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကိုင်အဖွဲ့များထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊ ရုပ်အလောင်းအချို့နှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ KIA၊ TNLA နှင့် PDF အဖွဲ့များအနေဖြင့် လူနေအိမ်များ၊ ဘာသာရေး အဆောက်အဦများ၊ ဌာနဆိုင်ရာ အဆောက်အဦများအား အကာအကွယ်ပြု၍ ဘန်ကာများ ဆောက်လုပ်တိုက်ခိုက်ခဲ့ခြင်းများကြောင့် မြို့အတွင်းရှိ အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ၎င်းတို့ထောင်ထားသည့် မိုင်းများကြောင့် အများပြည်သူ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေးအတွက် မိုင်းရှင်းလင်းခြင်း လုပ်ငန်းများကို စနစ်တကျ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိုးမိတ်မြို့အတွင်း နေရပ်စွန့်ခွာ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေးနှင့် အပျက်အစီးများ ဖယ်ရှား ရှင်းလင်းပေးခြင်း၊ စာသင်ကျောင်း ပျက်စီးမှုများအား ပြန်လည်ပြုပြင်ပေးခြင်း၊ မိုင်း ရှင်းလင်းပေးခြင်း စသည့် မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Most Read

Most Recent