မြန်မာ့လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဟိန်းထက်အောင်ကို ဆီလန်ဂေါအသင်း တစ်ရာသီသက်တမ်းတိုးစာချုပ် ချုပ်ဆို

မြန်မာ့လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဟိန်းထက်အောင်ကို ဆီလန်ဂေါအသင်း တစ်ရာသီသက်တမ်းတိုးစာချုပ် ချုပ်ဆို
Photo: Selangor FC
Photo: Selangor FC
Published 28 January 2024

 

မလေးရှားကလပ် ဆီလန်ဂေါအသင်းသည် မြန်မာ့လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဟိန်းထက်အောင်ကို တစ်ရာသီ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ဆီလန်ဂေါအသင်းသည် ဟိန်းထက်အောင်ကို ဒုတိယအကြိမ် သက်တမ်တိုးခြင်းဖြစ်ပြီး စာချုပ်သစ်အရ ၂၀၂၄-၂၀၂၅ ရာသီကုန်အထိ အသင်းတွင် ဆက်ရှိနေမည်ဖြစ်သည်။ ဟိန်းထက်အောင်သည် ၂၀၂၁ ခုနှစ်တွင် ဆီလန်ဂေါအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး စတင်ပြောင်းရွှေ့ချိန်တွင် မလေးရှားပရီးမီးယားလိဂ် (ပထမတန်း) တွင်ကစားနေသည့် ဆီလန်ဂေါ (ခ) အသင်း၌သာ ကစားရသော်လည်း ခြေစွမ်းပြကစားနိုင်သဖြင့် ယင်းရာသီမှာပင် အသင်းကြီးသို့ ခေါ်ဆောင်ခံရခြင်းဖြစ်သည်။ 

ဟိန်းထက်အောင်သည် ၂၀၂၁ ရာသီ၊ ၂၀၂၂ ရာသီနှင့် ၂၀၂၃ ရာသီတို့တွင် ဆီလန်ဂေါအသင်းကြီး၌ ခြေစွမ်းပြကစားနိုင်ပြီး ပုံမှန်ကစားခွင့်ရသော်လည်း ပြီးခဲ့သည့်ရာသီတွင်မူ ပုံမှန်ပွဲထွက်ခွင့်မရတော့ဘဲ ရာသီဝက် အပြောင်းအရွှေ့ကာလတွင် မလေးရှားစူပါလိဂ်ကလပ် အသင်းတစ်သင်းဖြစ်သော နီဂျီရီဆီဘီလန်အသင်းသို့ အငှားချခံခဲ့ရသည်။ 

ဟိန်းထက်အောင်သည် နီဂျီရီဆီဘီ လန်အသင်းတွင် ခြေစွမ်းပြကစားနိုင်သဖြင့် ဆီလန်ဂေါအသင်းသည် လာမည့်ရာသီအတွက် စာချုပ်သက်တမ်းတိုးကာ အသင်းတွင် ဆက်လက်အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့်ရာသီတွင် မလေးရှားစူပါလိဂ်၌ မြန်မာကစားသမားသုံးဦး ပါဝင်ကစားခဲ့ပြီး ယင်းကစားသမားများအနက် တောင်ပံတိုက်စစ်ကစားသမား ဟိန်းထက်အောင်နှင့် ကွင်းလယ်ကစားသမား ကျော်မင်းဦး (PDRM အသင်း) တို့မှာ သက်ဆိုင်ရာကလပ်များတွင် ဆက်ကစားမည်ဖြစ်ပြီး နောက်ခံလူ ဇော်မင်းထွန်း တစ်ဦးတည်းသာ ထိုင်းကလပ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ 

ဟိန်းထက်အောင်သည် ယခုနောက်ပိုင်းနှစ်များတွင် မလေးရှားစူပါလိဂ်သို့ တစ်ကျော့ပြန်ပြောင်းရွှေ့ကစားသည့် ပထမဆုံး မြန်မာကစားသမားလည်းဖြစ်သည်။ မလေးရှားစူပါလိဂ်ပြိုင်ပွဲကို လာမည့် ရာသီမှစတင်ကာ FIFA မှ သတ်မှတ်ထားသည့် ဘောလုံးပြက္ခဒိန်အတိုင်း ကျင်းပမည် ဖြစ်သည်။

Most Read

Most Recent