ပီတာလင်ဂျာရွန်ရတ် ရွေးကောက်ပွဲဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းမရှိဟု ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဆုံးဖြတ်

ပီတာလင်ဂျာရွန်ရတ် ရွေးကောက်ပွဲဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းမရှိဟု ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဆုံးဖြတ်
ဇန်နဝါရီ ၂၄ ရက်က ဘန်ကောက်မြို့ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ ရောက်ရှိလာသည့် Move Forward  ပါတီခေါင်းဆောင်ဟောင်း ပီတာလင်ဂျာရွန်ရတ်ကို တွေ့ရစဉ် (Photo:AFP)
ဇန်နဝါရီ ၂၄ ရက်က ဘန်ကောက်မြို့ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ ရောက်ရှိလာသည့် Move Forward  ပါတီခေါင်းဆောင်ဟောင်း ပီတာလင်ဂျာရွန်ရတ်ကို တွေ့ရစဉ် (Photo:AFP)
Published 25 January 2024

ပြုပြင်ပြောင်းလဲရေးဝါဒီ နိုင်ငံရေးခေါင်းဆောင် ပီတာလင်ဂျာရွန်ရတ်သည် နိုင်ငံရေးလောကမှ ပိတ်ပင်ခံရနိုင်သည့် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုဆိုင်ရာ အမှုအတွက် အပြစ်မရှိကြောင်း ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့ပြီး လွှတ်တော်အမတ်ရာထူးကို ပြန်လည်အပ်နှင်းခဲ့သည်။

အသက် ၄၃ နှစ်အရွယ် ပီတာသည် တိုးတက်ပြောင်းလဲရေးဝါဒီ Move Forward  (ရှေ့သို့ချီ) ပါတီကို ဦးဆောင်ကာ ယမန်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲအများဆုံး ရရှိခဲ့သော်လည်း ဇူလိုင်လတွင် လွှတ်တော် အမတ်အဖြစ်မှ ဆိုင်းငံ့ခံခဲ့ရပြီး ဝန်ကြီးချုပ် ရာထူးအတွက် ရွေးကောက်ခံရန် ကြိုးပမ်းမှုသည်လည်း ပယ်ချခံခဲ့ရသည်။

ထိုင်းနိုင်ငံ၏ ပြင်းထန်သော တော်ဝင်အသရေဖျက်မှုဥပဒေကို ပြင်ဆင်ပြောင်းလဲရန်နှင့် စစ်တပ်နှင့် စီးပွားရေး လက်ဝါးကြီးအုပ်မှုများကို ပြုပြင်ပြောင်းလဲရန် Move Forward  ပါတီက တောင်းဆိုခဲ့ခြင်းကြောင့် သြဇာရှိ ရှေးရိုးစွဲဝါဒီ အသိုင်းအဝိုင်းကို တုန်လှုပ်စေခဲ့ပြီးနောက် ၎င်းပါတီသည် အစိုးရဖွဲ့မည့် ညွန့်ပေါင်းအုပ်စုထဲမှ ဖယ်ထုတ်ခံခဲ့ရသည်။

ဇူလိုင် ၁၉ ရက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ပီတာသည် မီဒီယာကုမ္ပဏီတစ်ခုတွင် ရှယ်ယာများပိုင်ဆိုင်ခြင်းကြောင့် လွှတ်တော်အမတ်ဖြစ်ရန် အရည်အချင်းမပြည့်မီခြင်း ရှိမရှိဆိုသည့် အမှုကို လက်ခံမည်ဟုကြေညာခဲ့ပြီး ထိုအတောအတွင်း ပီတာအား လွှတ်တော်မှထွက်ခွာရန် အမိန့်ထုတ်ပြန်ခဲ့သည်။

အဆိုပါအမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက အပြီးသတ်ဆုံးဖြတ်ချက် မချမီအချိန်အထိ ပီတာကို လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ရမည်ဟု ၎င်းခုံရုံးက ထုတ်ပြန်ခဲ့သည်။

ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၉၈ အရ သတင်းနှင့် စာနယ်ဇင်း သို့မဟုတ် မီဒီယာလုပ်ငန်းတွင် ရှယ်ယာပိုင်ဆိုင်သည့် အမတ်လောင်းများကို ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားသည်။

ပီတာကမူ ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်းချက်များကို ချိုးဖောက်ခဲ့ခြင်းမရှိဟု ငြင်းဆိုထားပြီး လုပ်ငန်းမလည်ပတ်တော့သည်မှာ ကြာမြင့်နေပြီဖြစ်သည့် ITV ရုပ်သံ၏ ရှယ်ယာများကို ဖခင်ဖြစ်သူ ကွယ်လွန်ချိန်တွင် အမွေဆက်ခံ ရရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“Move Forward  ပါတီက ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် သူတို့ကိုယ်စားလှယ်လောင်းရဲ့ အမည်စာရင်း တင်သွင်းတဲ့အချိန်မှာ ITV ဟာ မီဒီယာကုမ္ပဏီတစ်ခုအနေနဲ့ လည်ပတ်နေခြင်းမရှိတော့ပါဘူး” ဟု တရားသူကြီး ပန်ညာအက်ချာချွန်က ဇန်နဝါရီ ၂၄ ရက်တွင် ခုံရုံး၏ဆုံးဖြတ်ချက်ကို ဖတ်ကြားခဲ့သည်။

“ရှယ်ယာပိုင်ဆိုင်မှုဟာ ဥပဒေကို ချိုးဖောက်ခြင်းမရှိပါဘူး။ ဖွဲ့စည်းပုံခုံရုံးဟာ ပီတာရဲ့ လွှတ်တော်အမတ်ရာထူးကို ဖယ်ရှားခြင်းမပြုဖို့  ဆုံးဖြတ်ခဲ့တယ်”ဟု ၎င်းက ဆိုသည်။

ယင်းဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် ဖွဲ့စည်းပုံခုံရုံးအပြင်ဘက်တွင် ပျော်မြူးနေသည့် မြင်ကွင်းများကို မြင်တွေ့ခဲ့ရပြီး Move Forward  ပါတီ၏ အရောင်ဖြစ်သည့် လိမ္မော်ရောင်အဝတ်အစားများကို ဝတ်ဆင် ထားသည့် ထောက်ခံသူ ဒါဇင်ပေါင်းများစွာက သြဘာပေးခဲ့ပြီး ဝန်ကြီးချုပ်ပီတာဟု သံပြိုင်ကြွေးကြော်ခဲ့သည်။

 ပီတာက ၎င်းအနေဖြင့် လွှတ်တော်ထဲသို့ တတ်နိုင်သမျှအမြန်ဆုံး ပြန်ဝင်နိုင်ရန် ရည်မှန်းထားသည်ဟု ပြောကြားခဲ့သည်။ သို့သော် မည်သည့်အချိန်တွင် ၎င်းလွှတ်တော်ထဲ ပြန်ဝင်နိုင်မည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်ချက်မချမီကပင် ဝန်ကြီးချုပ်ရာထူးအတွက် ထပ်မံကြိုးစားမည်ဟု ပီတာက အခိုင်အမာပြောဆိုခဲ့သည်။ သို့သော် ခုံရုံးက ၎င်းအား ဆန့်ကျင်ဆုံးဖြတ်ခဲ့မည်ဆိုလျှင် ပီတာအနေဖြင့် လွှတ်တော်အမတ်အဖြစ်ကပါ ဖယ်ရှားခံရမည်ဖြစ်သည်။ ယမန်နှစ်က AFPသတင်းဌာနနှင့်အင်တာဗျူး တစ်ခုတွင်လည်း ဝန်ကြီးချုပ်ရာထူးအတွက် လက်လျှော့မည်မဟုတ်ဟု ပီတာက ထပ်လောင်းပြောကြားခဲ့သည်။  Ref:AFP

Most Read

Most Recent