မန္တလေးမြို့တွင် တစ်နှစ်ကျော်ကြာ ပိတ်သိမ်းထားသည့် ပုဂ္ဂလိကဆေးရုံနှစ်ရုံ ပြန်လည်ဖွင့်လှစ်

မန္တလေးမြို့တွင် တစ်နှစ်ကျော်ကြာ ပိတ်သိမ်းထားသည့် ပုဂ္ဂလိကဆေးရုံနှစ်ရုံ ပြန်လည်ဖွင့်လှစ်
Published 19 January 2024

မန္တလေးမြို့တွင် တစ်နှစ်ကျော်ကြာ ပိတ်သိမ်းထားသည့် ပုဂ္ဂလိကဆေးရုံနှစ်ရုံကို ဇန်နဝါရီ ၁၈ ရက်က ပြန်လည်ဖွင့်လှစ်ကာ ဆေးကုသမှုလုပ်ငန်းများ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ကာ ဆေးရုံလုပ်ငန်းလိုင်စင်များ ပယ်ဖျက်ပိတ်သိမ်းထားသည့် မန္တလေးမြို့ရှိ  ပုဂ္ဂလိကဆေးရုံ သုံးရုံအနက် ယခုပြန်လည်ဖွင့်လှစ်ခဲ့သည့် ဆေးရုံနှစ်ရုံမှာ သိပ္ပံလမ်း ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိ မြို့တော်ဆေးရုံနှင့် ၃၄ လမ်း၊ ၇၈-၇၉ ကြားရှိ ကံ့ကော်ဆေးရုံတို့ဖြစ်ပြီး ယခုကဲ့သို့ ဆေးရုံပြန်လည်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ မြို့တော်ဆေးရုံ၏ Facebook Page မှ ပိုမိုကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုများနှင့်အတူ မြို့တော်ဆေးရုံကို ဇန်နဝါရီ ၁၈ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့အတူ ကံ့ကော်ဆေးရုံကလည်း ဇန်နဝါရီ ၁၈ ရက်မှစတင်၍ ၎င်းတို့၏ ဆေးကုသမှုလုပ်ငန်းများကို ပုံမှန်အတိုင်း ဆောင်ရွက်ပေးလျက်ရှိသည်ဟု ထုတ်ပြန်ထားကြောင်း တွေ့ရှိရသည်။

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် မန္တလေးမြို့မှ နန်းတော်၊ မြို့တော်နှင့် ကံ့ကော် စသည့်ပုဂ္ဂလိကဆေးရုံသုံးရုံ၏ ဆေးရုံလုပ်ငန်းလိုင်စင်များကို ပယ်ဖျက်ပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး အဆိုပါဆေးရုံသုံးခု၏ လုပ်ငန်းလိုင်စင်ပယ် ဖျက်ခြင်းကို ပုဂ္ဂလိကဆိုင်ရာကျန်းမာရေးဗဟိုအဖွဲ့က မေ ၁၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ညွှန်ကြားချက်နှင့်အညီ လုပ်ငန်းပိတ်သိမ်းထားရှိသည့် နန်းတော်ဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ မြို့တော်ဆေးရုံ လိုင်စင်ရရှိသူတို့သည် ကျန်းမာရေးဆိုင်ရာလုပ်ငန်းဥပဒေပုဒ်မ ၁၉ (က) ပါ လိုင်စင်စည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် ၁၃-၂-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပုဂ္ဂလိကကျန်းမာ ရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ (၁/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်အရ အဆိုပါဆေးရုံသုံးခု၏ လုပ်ငန်းလိုင်စင်ကို ၁-၁-၂၀၂၃ ရက်နေ့မှ စတင်ပယ်ဖျက်လိုက်သည်ဟု ဖော်ပြပါရှိသည်။

“ဆေးရုံလုပ်ငန်းလိုင်စင်တွေ ပိတ်သိမ်းတုန်းက ဆေးရုံသုံးခုပေါ့။ အခုနှစ်ခု ပြန်ဖွင့်ခွင့်ရတာပါ။ နန်းတော်ဆေးရုံကတော့ ပြန်ဖွင့်ခွင့်ရ မရ အတိအကျတော့ မသိရသေးဘူး” ဟု ပုဂ္ဂလိကဆေရုံတစ်ရုံမှ ဆရာဝန်တစ်ဦးက ပြောကြားသည်။

Most Read

Most Recent