ပင်လယ်နီအတွင်းရှိ အခြေအနေများကို အနီးကပ်စောင့်ကြည့်နေကြောင်း တရုတ် ပြောကြား

ပင်လယ်နီအတွင်းရှိ အခြေအနေများကို အနီးကပ်စောင့်ကြည့်နေကြောင်း တရုတ် ပြောကြား
ဇန်နဝါရီ ၁၆ ရက်က ယီမင်နိုင်ငံ ဟူဒေဒါမြို့တောင်ပိုင်းရှိ ပင်လယ်နီအတွင်း ယီမင်တံငါသည်များကို တွေ့ရစဉ်(Photo: AFP)
ဇန်နဝါရီ ၁၆ ရက်က ယီမင်နိုင်ငံ ဟူဒေဒါမြို့တောင်ပိုင်းရှိ ပင်လယ်နီအတွင်း ယီမင်တံငါသည်များကို တွေ့ရစဉ်(Photo: AFP)
Published 19 January 2024

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့်စစ်ပွဲဖြစ်ပွားနေသည့် ပါလက်စတိုင်းတို့နှင့် စည်းလုံးမှုရှိကြောင်း ပြသသည့်အနေဖြင့် ဟူရ်သီသူပုန်များက ပင်လယ်နီအတွင်းရှိ သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ပင်လယ်နီအတွင်း ဖြစ်ပွားနေသည့် အခြေအနေများကို မလွတ်တမ်း အနီးကပ်စောင့်ကြည့်နေသည်ဟု တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဘုံအကျိုး စီးပွားများအပါအဝင် ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေး၏အလုံးစုံအကျိုးစီးပွားများကို  တိုးတက်စေရန် လုပ်ဆောင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဟီယာတုန်းက ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်ဆင်ဟွာ သတင်းအေဂျင်စီက ဖော် ပြခဲ့သည်။

သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ပင်လယ်နီအတွင်း ရေကြောင်းသွားလာရေးလုံခြုံမှုကို ပြန်လည်ထိန်းသိမ်းရန်နှင့် စိိတ်ချသေချာစေရန်၊ နိုင်ငံတကာကုန်သွယ်ရေး၏ ပုံမှန်အခင်းအကျင်းအပါအဝင် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်တို့ကို အဆင်ပြေချောမွေ့စေရန် ပူး ပေါင်းထိန်းသိမ်းကြလိမ့်မည်ဟု တရုတ်က မျှော်လင့်ကြောင်း ဟီ၏ပြောကြားချက်များကို ဆင်ဟွာက ဖော်ပြခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ သက်ဆိုင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်သွားမှာပါ။ ဒီအခြေအနေတွေကိုလည်း မလွတ်တမ်းစောင့်ကြည့်မှာဖြစ်ပြီး ပြည်ပကုန်သွယ်ရေးကုမ္ပဏီတွေကို အချိန်မီ ကူညီထောက်ပံ့ပေးသွားမှာပါ”ဟု ဟီက ပြောကြားခဲ့သည်။

ဟူရ်သီသူပုန်အဖွဲ့သည် ပင်လယ်နီအတွင်းနှင့် အနီးတစ်ဝိုက်တွင် မောင်းနှင်နေသည့် သင်္ဘောများကို တိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့များက ယီမင်နိုင်ငံတွင် တုံ့ပြန်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။

သင်္ဘောကုမ္ပဏီအချို့သည် ပင်လယ်နီတွင် မောင်းနှင်သည့် လမ်းကြောင်းများကို ရှောင်တိမ်းပြီးမောင်းနှင်နေကြသဖြင့် နိုင်ငံတကာ ကုန်သွယ်ရေးလမ်းကြောင်းများတစ်လျှောက် နှောင့်နှေးကြန့်ကြာမှုများဖြစ်ပွားခဲ့သည်။

ဇန်နဝါရီ ၁၉ ရက်က ထုတ်ပြန်ခဲ့သည့် အင်တာဗျူးတစ်ခုတွင်မူ ပင်လယ်နီအတွင်း ဖြတ်သန်းမောင်းနှင်သည့် ရုရှားနှင့် တရုတ်သင်္ဘောများကိုမူ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းမောင်းနှင်ခွင့်ပြုမည်ဟု ဟူရ်သီအဖွဲ့၏ ထိပ်သီးအရာရှိ မိုဟာမက် အယ်ဘူခါအီတီက ပြောကြားခဲ့သည်။

ယီမင်နိုင်ငံအနီးတစ်ဝိုက်ရှိ ရေပြင်များတွင် အစ္စရေးအပါအဝင် နိုင်ငံအချို့နှင့် ဆက်နွှယ်မှုမရှိသည့် သင်္ဘောများသည် ဘေးကင်းလုံခြုံလိမ့်မည်ဟု အယ်ဘူခါအီတီက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ဇန်နဝါရီ ၁၇ ရက်တွင်ယီမင် အခြေစိုက် ဟူရ်သီသူပုန်များကို အကြမ်းဖက်အုပ်စုများ စာရင်းတွင်ပြန်လည် ထည့်သွင်းခဲ့သည်။

အီရန်နှင့်မဟာမိတ်ဖွဲ့ထားသော ဟူရ်သီအုပ်စုကို ပြင်းထန်သော ပိတ်ဆို့မှုများ ချမှတ်လိုက်သည့် အထူးသတ်မှတ်ထားသော ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်အဖွဲ့အဖြစ် ရွေးချယ်သတ်မှတ်လိုက်ခြင်းက ပင်လယ်နီရေလမ်းကြောင်းတွင် သင်္ဘောများကို တိုက်ခိုက်ခြင်း သို့မဟုတ် ပြန်ပေးဆွဲခြင်းတို့ လုပ် ဆောင်ရာတွင်  ဟူရ်သီအသုံးပြုသောငွေကြေးများနှင့်လက်နက်များကို ဖြတ်တောက်ပစ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“ဒီရွေးချယ်သတ်မှတ်မှုဟာ ဟူရ်သီကို အကြမ်းဖက်ငွေကြေးထောက်ပ့ံတာကို ဟန့်တားဖို့၊ ငွေကြေးစျေးကွက်တွေကို ဟူရ်သီဝင်ရောက်တာကို နောက်ထပ်ကန့်သတ်တာတို့နဲ့ သူတို့ရဲ့လုပ်ရပ်တွေအတွက် သူတို့ကိုတာဝန်ခံခိုင်းရာမှာ အရေးကြီးတဲ့ တန်ဆာပလာဖြစ်ပါတယ်”ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူဂျိတ်ဆူလီဗန်က ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent