နစက ဥက္ကဋ္ဌနှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ Video Conferencing ဖြင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီး၌ အွန်လိုင်းလောင်းကစားမှုနှင့်ငွေကြေးလိမ်လည်မှုများ လုပ်နေဆောင်နေမှုများကို ပူးပေါင်းတိုက်ဖျက်ရမည့် အခြေအနေများအား ဆွေးနွေး

နစက ဥက္ကဋ္ဌနှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ Video Conferencing ဖြင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီး၌ အွန်လိုင်းလောင်းကစားမှုနှင့်ငွေကြေးလိမ်လည်မှုများ လုပ်နေဆောင်နေမှုများကို ပူးပေါင်းတိုက်ဖျက်ရမည့် အခြေအနေများအား ဆွေးနွေး
Published 12 January 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee တို့သည် ဒီဇင်ဘာ ၁၂ ရက်က Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်တပ်မတော်မှ Air Chief Marshal Chakorn Tawanjang နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ နယ်စပ်ကုန်သွယ်မှုများ လုံခြုံချောမွေ့ အဆင်ပြေစေရေးအတွက် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ၊ တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး၊ သတင်းအချက်အလက်ဖလှယ်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်ရေး၊ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အထူးသဖြင့် နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီး၌ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည့်အတွက် နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားရမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် လူသားချင်းစာနာထောက်ထားမှုနှင့် အကူအညီပေးရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကို နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြားသာမက နှစ်နိုင်ငံ ဝန်ကြီးဌာနများ အချင်းချင်းလည်း တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာ လာအို ထိုင်း သုံးနိုင်ငံ နယ်စပ်ဒေသများ၌ တောမီးလောင်ခြင်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ ပူးပေါင်းကာကွယ် တားဆီးရေးဆိုင်ရာများ၊ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား နယ်ပယ်ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent