ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်စတင်ရန် ဖိလစ်ပိုင်အစိုးရနှင့် သူပုန်များ သဘောတူညီ

ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်စတင်ရန် ဖိလစ်ပိုင်အစိုးရနှင့် သူပုန်များ သဘောတူညီ
Published 28 November 2023

ခြောက်နှစ်ကြာ ရပ်နားထားသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ပြန်လည်စတင်ရန် ဖိလစ်ပိုင်အစိုးရနှင့် ကွန်မြူနစ်သူပုန်များအကြား သဘောတူညီမှုရရှိခဲ့ကြောင်း နှစ်ဖက်စလုံးက နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ဆယ်စုနှစ်များနှင့်ချီ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်ရန်ရည်ရွယ်လျက် ဆွေးနွေးမှုများ ပြန်လည်စတင်သွားမည်ဖြစ်ကာ ဆွေးနွေးမှုများဖြစ်မြောက်အောင် ကြားဝင်ဆောင်ရွက်ပေးသည့် နော်ဝေနိုင်ငံကလည်း ယင်းသတင်းကို အတည်ပြုခဲ့သည်။

ဖိလစ်ပိုင်အစိုးရနှင့် ဖိလစ်ပိုင်ကွန်မြူနစ်ပါတီ (CPP) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် New People's Army အကြား နှစ်ပေါင်း ၅၀ ကျော်ကြာ သွေးချောင်းစီးတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် နှစ်ဖက်စလုံးမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များသည် အဓိက အဟန့်အတားများကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းမည့်  ငြိမ်းချမ်းရေးဘုံရည်မှန်းချက်အတွက် သဘောတူညီမှုရရှိခဲ့သည်ဟု နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဆွေးနွေးမှုများ အောင်မြင်မည်ဆိုလျှင် သူပုန်များသည် လက်နက်ကိုင် တိုက်ခိုက်မှုများကို အဆုံးသတ်ကာ နိုင်ငံရေးအဖွဲ့အစည်း တစ်ရပ်အဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း နော်ဝေနိုင်ငံက ပြောကြားခဲ့သည်။ နော်ဝေသည် ဖိလစ်ပိုင်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နှစ် ၂၀ ကြာ ပံ့ပိုးကူညီခဲ့သည်။

ကွန်မြူနစ်ပါတီနှင့် ယင်းနှင့်ဆက်စပ်နေသည့် အဖွဲ့အစည်းများအား ဖိလစ်ပိုင်အစိုးရက အကြမ်းဖက်အဖွဲ့အစည်းစာရင်းမှ ဖယ်ရှားရေးကိုလည်း ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အကြံပေး ကာလီတို ဂါဗက်ဇ်က မနီလာတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သို့သော် ချက်ချင်းလက်ငင်း အပစ်ရပ်စဲကြောင်း ကြေညာထားခြင်း မရှိကြောင်းနှင့် သူပုန်များကို စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ရိုမီယို ဘရော်နာက ဆိုသည်။ 

Ref: Reuters

Most Read

Most Recent