ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျင်းပမည့် အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ စတင်

ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျင်းပမည့် အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ စတင်
နိုဝင်ဘာ ၂၈ ရက်က အင်ဒိုနီးရှားသမ္မတလောင်း အနီးစ်ဘာစ်ဝီဒန် ဂျာကာတာမြို့တွင် မဲဆွယ်ဟောပြောနေစဉ်
နိုဝင်ဘာ ၂၈ ရက်က အင်ဒိုနီးရှားသမ္မတလောင်း အနီးစ်ဘာစ်ဝီဒန် ဂျာကာတာမြို့တွင် မဲဆွယ်ဟောပြောနေစဉ်
Published 28 November 2023

လာမည့်နှစ်တွင် ကျင်းပမည့် အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို နိုဝင်ဘာ ၂၈ ရက်က တရားဝင် စတင်ခဲ့ပြီး သမ္မတလောင်း သုံးဦးအနက်မှ နှစ်ဦးသည် လူထုအား မဲဆွယ်ဟောပြောမှုများ စတင်ပြုလုပ်ခဲ့သည်။

ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် လာမည့်ဖေဖော်ဝါရီ ၁၄ ရက်၌ သမ္မတရွေးကောက်ပွဲနှင့် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲများကို ကျင်းပမည်ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တို၊ အလယ်ပိုင်းဂျာဗားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာ ပရာနို၀ိုနှင့် ဂျာကာတာ အုပ်ချုပ်ရေးမှူးဟောင်း အနီးစ်ဘာစ်ဝီဒန်တို့က ရာထူးမှထွက်ခွာတော့မည့် အလွန်လူကြိုက်များသော သမ္မတဂျိုကိုဝီဒိုဒို ၏ နေရာကိုဆက်ခံနိုင်ရန် အပြိုင်အဆိုင်ကြိုး ပမ်းသွားမည်ဖြစ်သည်။ ဝီဒိုဒိုသည် အင်ဒိုနီးရှားနိုင်ငံကို ဆယ်စုနှစ်တစ်ခုကြာ အုပ်ချုပ်ခဲ့သည်။

မကြာသေးမီက ထုတ်ပြန်ခဲ့သည့် လူထုသဘောထား စစ်တမ်းများအရ အထူးတပ်ဖွဲ့တပ်မှူးဟောင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ပရာဘို၀ိုက ဦးဆောင်နေပြီး နောက်ထပ်သမ္မတလောင်းတစ်ဦးဖြစ်သူ ဂန်ဂျာက ဒုတိယ၊ အနီးစ်က တတိယနေရာတို့တွင် ရပ်တည်နေသည်။

အာဏာရပါတီကိုယ်စားပြု သမ္မတလောင်း ဂန်ဂျာသည် နိုင်ငံ၏အရှေ့ဘက်အကျဆုံး ပါပူအာပြည်နယ်တွင် မဲဆွယ်စည်းရုံးမှုများ စတင်လုပ်ဆောင်မည်ဖြစ်ပြီး ဒုသမ္မတလောင်း မာဖူအမ်ဒီသည် အနောက်ဘက်အကျဆုံး ဒေသဖြစ်သည့် အာချေးပြည်နယ်တွင်  စတင်မဲဆွယ်မည်ဖြစ်သည်။

နောက်ထပ်သမ္မတလောင်း တစ်ဦးဖြစ်သူ အနီးစ်ကမူ မြို့တော်ဂျာကာတာနှင့်အနီးတစ်ဝိုက်တွင် မဲဆန္ဒရှင်များနှင့် လိုက်လံတွေ့ဆုံမည်ဖြစ်ပြီး ဒုသမ္မတလောင်း မူဟိုင်မင် အစ်စ်ကန်ဒါကမူ အရှေ့ပိုင်းဂျာဗားပြည်နယ်ရှိ ဆူရာဘာယာမြို့တွင် မဲဆန္ဒရှင်များနှင့်တွေ့ဆုံမည်ဖြစ်သည်။

လူထုစစ်တမ်းများတွင် ရေပန်းအစားဆုံးဖြစ်နေသည့် ပရာဘိုဝိုနှင့် ၎င်း၏ဒုသမ္မတလောင်း ဂီဘရန် ရာကာဘူမင် ရာကာတို့သည် နောက်ပိုင်းတွင် မဲဆွယ်စည်းရုံးမှုများ စတင်မည်ဖြစ်သည်။ ရာကာသည် လက်ရှိသမ္မတ ဝီဒိုဒို၏ အကြီးဆုံးသားဖြစ်သည်။

အင်ဒိုနီးရှား၏ လက်ရှိကာကွယ်ရေးဝန်ကြီးနှင့် သမ္မတလောင်းဖြစ်သူ ပရာဘိုဝို ဆူဘီယန်တိုက လာမည့်နှစ် သမ္မတရွေးကောက်ပွဲအတွက်  ရာကာကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်လိုက်ကြောင်း အောက်တိုဘာ ၂၂ ရက်က ကြေညာခဲ့သည်။ ၃၆ နှစ်အရွယ် ရာကာသည် လက်ရှိတွင် ဆူရာကာတာမြို့တော် ဝန်အဖြစ် တာဝန်ယူထားသည်။

လာမည့်သီတင်းပတ်များအတွင်း သမ္မတလောင်းများသည် ရွေးကောက်ပွဲကော်မရှင်က စီစဉ်ကျင်းပမည့် စကားစစ်ထိုးပွဲများ ပြုလုပ်ရမည်ဖြစ်ကာ ရက်အတိအကျကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

အင်ဒိုနီးရှား၏လူဦးရေ သန်း ၂၇၀ ကျော်အနက် ၂၀၅ သန်းခန့်သည် လာမည့်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိကြောင်း သိရသည်။

“ဒါဟာ ကျွန်တော်တို့ရဲ့ အတူတကွချီတက်မှုအတွက်၊ အတူတကွ အလုပ်လုပ်ဖို့အတွက်နဲ့ အောင်ပွဲခံနိုင်ဖို့အတွက် ခရီးအစဖြစ်တယ်”ဟု နိုဝင်ဘာ ၂၈ ရက်က ပါပူအာပြည်နယ် မယ်ရူကီမြို့တွင် မဲဆွယ်ဟောပြောစဉ် ဂန်ဂျာပရာနိုဝိုက ပြောကြားခဲ့သည်။

နောက်ထပ်သမ္မတလောင်း တစ်ဦးဖြစ်ပြီး ရှေးရိုးစွဲ မွတ်စလင်များနှင့် အစ္စလာမ္မစ်များအကြား လူကြိုက်များသည့် အနီးစ်ဘာစ် ဝီဒန်က မြို့တော်ဂျာကာတွင် လှည့်လည်မဲဆွယ်ခဲ့သည်။

သမ္မတလောင်းအဖြစ် တတိယအကြိမ်ယှဉ်ပြိုင်မည့် ပရာဘိုဝိုသည် မဲဆန္ဒရှင် ၃၉ ဒသမ ၇ ရာခိုင်နှုန်း၏ ထောက်ခံမှုကိုရရှိထားပြီး ပရာနိုဝိုက ၃၀ ရာခိုင်နှုန်းရရှိထားကာ အနီးစ်က တတိယနေရာတွင်ရှိနေသည်ဟု လူထုစစ်တမ်းအရ သိရသည်။

Ref: Reuters

Most Read

Most Recent