ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြောက်ကိုရီးယား ကာကွယ်ပြောဆို

ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြောက်ကိုရီးယား ကာကွယ်ပြောဆို
နိုဝင်ဘာ ၂၁ ရက်က မြောက်ပိုင်းပြုံဂန်ပြည်နယ်ရှိ ဆိုဟေးဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ မြောက်ကိုရီးယား၏ ထောက်လှမ်းရေးဂြိုဟ်တုကို သယ်ဆောင်သွားသည့် ဒုံးပျံယာဉ်အား လွှတ်တင်နေစဉ်(Photo: AFP)
နိုဝင်ဘာ ၂၁ ရက်က မြောက်ပိုင်းပြုံဂန်ပြည်နယ်ရှိ ဆိုဟေးဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ မြောက်ကိုရီးယား၏ ထောက်လှမ်းရေးဂြိုဟ်တုကို သယ်ဆောင်သွားသည့် ဒုံးပျံယာဉ်အား လွှတ်တင်နေစဉ်(Photo: AFP)
Published 28 November 2023

နိုဝင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံ အမတ်ကမြောက်ကိုရီးယား၏ ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်မှုနှင့် ပတ်သက်၍ ကာ ကွယ်ပြောဆိုခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကလည်း အိမ်ဖြူတော်နှင့် ပင်တဂွန်စစ်ဌာနချုပ် အပါအဝင် ၎င်းတို့၏ထောက်လှမ်းရေး ဂြိုဟ်တုက ရိုက်ကူးထားသည့် ဓာတ်ပုံများကို ကြည့်ရှုခဲ့သည်။

အမေရိကန်အပါအဝင် အနောက်အင်အားကြီးနိုင်ငံများ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့က မြောက်ကိုရီးယားသည် ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ခြင်းဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကိုချိုး ဖောက်နေသည်ဟုရှုတ်ချပြောဆိုထားသည်။

ထောက်လှမ်းရေးဂြိုဟ်တုအသစ်သည် အမေရိကန်နှင့် တောင်ကိုရီးယားရှိ အဓိကစစ်ဘက်ဆိုင်ရာ နေရာမျာနှင့် အီတလီနိုင်ငံ ရောမမြို့ကိုရိုက်ကူးထားသည့် ဓာတ်ပုံများကို ပေးပို့ခဲ့သည်ဟု မြောက်ကိုရီးယားက ပြော ကြားခဲ့သည်။

နိုဝင်ဘာ ၂၇ ရက်ကလည်း ၎င်းဂြိုဟ်တုသည် ၀ါရှင်တန်ရှိ အိမ်ဖြူတော်နှင့် ပင်တဂွန်စစ်ဌာနချုပ် အဆောက်အအုံတို့ကို အသေးစိတ် ရိုက်ကူးထားသည့် ဓာတ်ပုံများကိုပေးပို့ခဲ့ပြီး ယင်းဓာတ်ပုံများကို ခေါင်းဆောင်ကင်ဂျုံအွန်က ကြည့်ရှုစစ်ဆေးခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

ထို့အပြင် ၎င်းဂြိုဟ်တုမှ ပေးပို့ခဲ့သည့်  ဗာဂျီးနီးယားပြည်နယ်ရှိ သင်္ဘောကျင်းတစ်ခုနှင့် စစ်အခြေစိုက်စခန်းတစ်ခုရှိ လေယာဉ်တင်သင်္ဘောကြီး အချို့ကို ရိုက်ယူထားသည့် ဓာတ်ပုံများကိုလည်း ကင်က ကြည့်ရှုခဲ့သည်ဟု သိရသည်။

စစ်ဘက်သုံး ထောက်လှမ်းရေးဂြိုဟ်တုတစ်စင်းကို ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ်ရှိ ရေတပ်စခန်းတစ်ခုနှင့် တောင်ကိုရီးယားရှိ အဓိကပစ်မှတ်များကို လတ်တလော လွှတ်တင်ခဲ့သည့် မြောက်ကိုရီးယား၏ ထောက်လှမ်းရေးဂြိုဟ်တုသစ်မှ ရိုက်ကူးထားသော ဓာတ်ပုံများကို ခေါင်းဆောင်ကင်ဂျုံအွန်က ကြည့်ရှုစစ်ဆေးခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။

နိုဝင်ဘာ ၂၇ ရက်က ပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ဖြစ်သူ ကင်ဆုန်က အခြားနိုင်ငံများအနေဖြင့် ဂြိုဟ်တုလွှတ်တင်ရာတွင် မည်သည့်ကန့် သတ်ပိတ်ပင်မှုမျိုးမှ ကြုံတွေ့ရခြင်းမရှိဟုဆိုကာ ပြစ်တင်ပြောကြားခဲ့သည်။

“ရန်လိုနေတဲ့ အမေရိကန်က ကျွန်တော်တို့ကို နျူကလီးယားလက်နက်နဲ့ ခြိမ်းခြောက်နေတယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

“အမေရိကန်က ပိုင်ဆိုင်ထားတဲ့ ဒါမှမဟုတ် တီထွင်နေတဲ့ လက်နက်စနစ်တွေနဲ့ တူညီတဲ့ လက်နက်တွေကို တီထွင်စမ်းသပ်ထုတ်လုပ်တာဟာ မြောက်ကိုရီးယားရဲ့ တရားဝင်အခွင့်အရေးဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်စ် ဂရင်းဖီးလ်က မိမိတို့၏ လုပ်ဆောင်မှုများသည် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် ဖြစ်သည်ဟူသော မြောက်ကိုရီးယား၏ ပြောကြားချက်ကို ပယ်ချခဲ့သည်။

Ref: AFP

Most Read

Most Recent