အခြေခံအချက်အလက်များဆိုင်ရာ သိပ္ပံပညာ

အခြေခံအချက်အလက်များဆိုင်ရာ သိပ္ပံပညာ
Published 12 November 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ ပြည်သူပြည်သား လူအများအနေနှင့် အင်တာနက်ကို အသုံးပြုကာ အချို့က လူမှုမီဒီယာ အမျိုးအစားများအဖြစ်ခေါ်ဆိုကြသည့် Facebook, You Tube, Instagram, Google စသည်ဖြင့် မိမိတို့ စိတ်ဝင်စားရာ အကြောင်းအရာများကို အခြေခံပြီး ရှာဖွေခြင်း၊ ကြည့်ရှုခြင်း၊ ဖတ်ရှုလေ့လာခြင်း၊ နားထောင်ခြင်း၊ တုံ့ပြန်ချက်များ လုပ်ဆောင်ခြင်းတို့ ကို နေ့စဉ်နှင့်အမျှ ထိတွေ့ ဆောင်ရွက်လျက်ရှိကြပါသည်။

သို့သော်လည်း အထက်ဖော်ပြပါ အခြေအနေသို့ ရောက်ရှိလာစေရန်မှာ ချက်ချင်းလက်ငင်း၊ နေ့ချင်းညချင်း တည်ရှိဖြစ်ပေါ်လာစေခဲ့သည်မဟုတ်ပါ။ အချိန်ကြာမြင့်စွာ တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်ဆင့်ချင်း တည်ဆောက်ခဲ့ကြခြင်းကြောင့်သာ ယနေ့လက်တွေ့အသုံးပြုနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ရခြင်း ဖြစ်ပါသည်။

အနည်းငယ် အသေးစိတ် ရှင်းလင်းတင်ပြရမည်ဆိုပါက လက်နှင့်ထိတွေ့ကိုင်တွယ်၍ရသည့် အမာ ထည်ပစ္စည်းများ(Hardware)၊ လက်နှင့်ထိတွေ့ကိုင်တွယ်၍ မရနိုင်ပါသော်လည်း မျက်စိနှင့်မြင်ရသည့် အပျော့ထည်ပစ္စည်းများ (Software) သို့မဟုတ် ပရိုဂရမ်များ (Programme) ကို တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်ဖြစ်ထွန်းလာစေရန် ကြိုးပမ်းအားထုတ်ခဲ့ကြခြင်းများကြောင့်သာ ယနေ့အချိန် ၎င်းတို့၏ အသီးအပွင့်များကို လူအများ ခံစား၊ စံစားနေကြရခြင်း ဖြစ်ပါသည်။

အလျဉ်းသင့်သဖြင့် စာရေးသူအား ကွန်ပျူတာနှင့်ပတ်သက်၍ ရှင်းလင်းပြောပြပေးရန် တောင်းဆိုခဲ့သည့် ဖြစ်ရပ်ကလေးကို စာဖတ်သူများအား ဝေမျှပါမည်။ ၁၉၉၀ ပြည့် နှစ်နောက်ပိုင်းအချိန်က ာလများက အထက်တန်းပညာရေးကို တာဝန်ယူလျက်ရှိကြသည့် လူပုဂ္ဂိုလ်ကြီးများသည် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရလဒ်များကို အခြေပြုခြင်းထက် တက္ကသိုလ်ကြီးများတွင် တာဝန်ယူလျက်ရှိကြသည့် လူပုဂ္ဂိုလ်ကြီးများအား ညအချိန်မတော် တစ်ခါတစ်ရံ ညလယ်သန်း ကောင်အချိန်အထိတိုင်အောင် အစည်းအဝေးခန်းမကြီးအတွင်း ထိုင်စေလျက် တိုက်ရိုက်ညွှန်ကြားခြင်းများ ပြုလုပ်ကာ ဆောင်ရွက်စေခဲ့ ပါသည်။

 

စာရေးသူတို့ဌာနရှိ ရွယ်တူသူငယ်ချင်းဆရာ တစ်ဦးနှင့်အတူ စာရေးသူမှာ ကွန်ပျူတာနှင့်ပတ်သက်ပြီး မတောက်တခေါက် သိမြင်နားလည်သည်ဟု ထင်မြင်ခြင်းခံရသဖြင့် (Student Projection) ပြု လုပ်ရန်အတွက်ဟုဆိုကာ စာရေးသူတို့နှစ်ဦးသည် ပါမောက္ခချုပ်ဆရာကြီးများ အစည်းအဝေးပြုလုပ်လျက် ရှိသည့်အခန်းရှိ ဘေးနေရာတွင် ထိုင်ကြရပါသည်။

အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ပါမောက္ခချုပ်ဆရာကြီးတစ်ဦးက စာရေးသူအား “ဆရာရယ် ကျွန်တော့်အနေနဲ့ “ ၀” “ဇီးရိုး” နှင့် “၁”  “ဝမ်း” ကို အခြေခံပြီး အရုပ်တွေ အသံတွေ ဖြစ်လာတယ်ဆိုတာကို ဘယ်လိုမှ လက်ခံလို့  မရဖြစ်နေပါတယ်။ ဆရာအချိန်ရခဲ့ရင် အဲဒါကလေး ရှင်းပြပေးခဲ့ပါဦး” ဟု ပြောဆိုခဲ့ရာ ကျွန်တော်ကလည်း ဆရာကြီး အချိန်ပေးနိုင်မည်ဆိုပါက ရှင်းပြနိုင်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။ သို့သော်လည်း ယနေ့အချိန်ထိတိုင်အောင် အဆိုပါဆရာကြီးအား ရှင်းလင်းတင်ပြခြင်း မပြုခဲ့ရသေးပါ။ ဆရာကြီး သက်ရှိထင်ရှား ရှိနေမည်ဆိုပါက ယခုဆောင်းပါးကလေးကို ဖတ်မိမည်ဟု ထင်မြင် ပါသည်။

ဆရာကြီးအနေနှင့် လုံးဝသိမြင်နားလည်သည်အထိ ရှင်းလင်းတင်ပြရန်မှာ ယခုကဲ့သို့သော ဆောင်းပါးအဆင့်နှင့် ပြီးပြည့်စုံသည်အထိ အကြောင်းအရာများ အားလုံးပါဝင်နိုင်စေရန် မဖြစ်နိုင်ပါသဖြင့် ဆရာကြီး သိမြင်နားလည်လိုသည့် အကြောင်းအရာများကို တွေ့ဆုံမေးမြန်းရှင်းလင်းနိုင်မှသာလျင် အဆင်ပြေမည်ဟု ထင်မြင်ပါသည်။ သို့သော်လည်း ယခုဆောင်းပါးတွင်မူ ကွန်ပျူတာနှင့်ပတ်သက်သည့် အချို့သော အစိတ်အပိုင်း များကို အကျဉ်းချုပ်ရှင်းလင်းတင် ပြထားသည့်အတွက် ဆရာကြီးအနေဖြင့် စတင်လေ့လာခြင်း မိတ်ဆက်ခြင်းအဆင့်အဖြစ် ဖတ်ရှုလေ့လာနိုင်မည်ဟု ထင်မြင်ပါသည်။

 

ဆရာကြီးက အထက်ပါကဲ့သို့ ပြောဆိုပြီးသည့်နောက် အခြားသောပါမောက္ခချုပ်ကြီးနှစ်ဦး၏ ပြော ကြားချက်များကို ဆရာကြီးတစ်ဦးက တစ်ဆင့်ရှင်းလင်းပြောပြခဲ့သည်မှာ-ထိုစဉ်အချိန်က (Database) တစ်နည်းအားဖြင့် (D-base) မြန်မာအသံထွက် “ ဒီဘေ့(စ်)”အဖြစ် မကြာခဏ ပြောဆိုဆွေးနွေးလျက် ရှိကြရာ ဆရာကြီးတစ်ဦး၏ပြောကြားချက်မှာ “ငါကတော ့သူတို့ဒီဘေ့(စ်)ပြောလို့သာလိုက်ပြီး ဘေ့(စ်) နေရတာ ငါဖြင့်ဘာမှန်းကို မသိပါဘူးကွာ” ဆိုပြီးညည်းတွားကြောင်းကိုလည်း ကြားသိခဲ့ရပါသည်။

 

ဤတွင် မေးခွန်းများမေးမြန်းကြသည့်အခါများတွင် အဖြေပေးခြင်း၊ ဖြေကြားခြင်းတို့နှင့်ပတ်သက်ပြီး စာရေးသူ၏ သဘောသဘာဝကို တင်ပြပါမည်။ အကြောင်းအရာတစ်ခုနှင့် ပတ်သက်ပြီး သိလိုသည့်အတွက် စာရေးသူအား မေးခွန်းမေးမြန်းလာပါက ပြန်လည်ဖြေဆိုရန်နှင့် ရှင်းလင်းတင်ပြရန်အချိန်သည် မိနစ်အနည်းငယ် ဥပမာအားဖြင့် ငါးမိနစ်အောက်တွင်ဆိုပါက စာရေးသူအနေနှင့် ချက်ချင်းလက်ငင်း ဖြေကြားရန် ရှင်းလင်းတင်ပြနိုင်ရန် ကြိုးစားလေ့ရှိပြီး တစ်ခါတစ်ရံမေးခွန်းကို ဖြေကြားရန်မှာ နာရီအနည်း ငယ်သော်လည်းကောင်း၊ ထို့ပြင် မေးခွန်းကို ဖြေဆိုရန်အတွက် အချို့သော လိုအပ်သည်တို့ကို သင်ကြား ပြသပေးရန် လိုအပ်ပါက စာရေးသူသည် ချက်ချင်းလက်ငင်း ဖြေကြားပေးရန် မဖြစ်နိုင်ပါသဖြင့် မေးခွန်း မေးသည့် လူပုဂ္ဂိုလ်အား အချိန်ပေးနိုင်မည်ဆိုပါက ဖြေကြားပေးမည် ဖြစ်ပါကြောင်း ပြန်လည်ပြောကြား လေ့ရှိပါသည်။

စာရေးသူအနေဖြင့် ကွန်ပျူတာနှင့်ပတ်သက်ပြီး အတွေ့အကြုံအနည်းငယ်ကို ရှင်းလင်းတင်ပြပါမည်။ စာရေးသူသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ဝေသည့် Weekly ELEVEN News, No. 37, Vol. 18 တွင် “ တိမ်ပေါ်တွင် လုပ်ငန်း ဆောင်ရွက်ခြင်း သို့မဟုတ် အင်တာနက်အသုံးပြုတွက်ချက်ခြင်း (Cloud Computing)”  ခေါင်းစဉ်နှင့် ဆောင်းပါးတစ် ပုဒ်ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ ဖော်ပြပါဆောင်းပါးတွင် တစ်ကိုယ်ရေသုံးကွန်ပျူတာ (Personal Computer) များ မပေါ်ပေါက်မီ အချိန် စာရေးသူ၏ ကွန်ပျူတာနှင့် ပတ်သက်သည့် အတွေ့အကြုံများ ကို ရေးသားတင်ပြထားပါသည်။ စာ ဖတ်သူများအနေနှင့် ယခုဆောင်းပါး ကလေးအားဖော်ပြပါ ဆောင်းပါးနှင့် တွဲဖက်ဖတ်ရှုလေ့လာကြပါရန် အကြံပြု တင်ပြအပ်ပါသည်။

တစ်ကိုယ်ရေသုံး ကွန်ပျူတာ (Personal Computer) များ ပေါ်ပေါက်လာချိန် စာရေးသူအနေဖြင့် ကွန်ပျူတာနှင့် ပတ်သက်သည့် အတွေ့အကြုံအနည်းငယ်ကို ရှင်းလင်းတင်ရပါလျှင် စာရေးသူအနေ နှင့် တက္ကသိုလ်များ ကွန်ပျူတာဌာန (University Computer Center (UCC) တွင်ရှိ PDP11/70 Super Minicomputer ကွန်ပျူတာကြီးအား အသုံးပြုလျက်ရှိသည့်အချိန် စာရေးသူနှင့်အတူ အဆောင်နည်း ပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဆရာကြီးတစ်ဦးသည် နိုင်ငံခြားပညာတော်သင် သွားရောက်ခဲ့ရာမှ ပြန်လည်ရောက်ရှိလာသည့်အချိန်တွင် ကွန်ပျူတာအမျိုးအစား Processor 8088 ကို ဝယ်ယူလာခဲ့ရာ စာရေးသူတို့မှာ အသစ်အဆန်းဖြစ်ပြီး သိမြင်လေ့လာခွင့်ရရှိခဲ့ပါသည်။

တစ်ကိုယ်ရေသုံး ကွန်ပျူတာ (Personal Computer) အမျိုးအစား Processor 80286 ပေါ်ပေါက်လာ သည့်အချိန်တွင်မူ စာရေးသူသည် ရှိသမျှ ငွေကြေးကလေးကို ခြစ်ခြစ်ခြုတ်ခြုတ် စုဆောင်းကာ ဝယ်ယူ အသုံးပြုခဲ့ပါသည်။ ထိုအချိန်မှ စတင်ကာ ကွန်ပျူတာအမျိုးအစား Processor 80386 ပေါ်ချိန်၊ Processor 80486 ပေါ်ချိန်၊ Processor Pentium ပေါ်ချိန် အလိုက်ဝယ်ယူ အသုံးပြုခဲ့ရာ ယနေ့ထက်တိုင်ဖြစ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ ယနေ့အချိန်၌ ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများအပေါ်တွင် သော်လည်းကောင်း၊ တိုင်းပြည် နိုင်ငံများတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူ ပြည်သား နိုင်ငံသားများ အပေါ်တွင်သော်လည်းကောင်း၊ လူ့အဖွဲ့အစည်းများအကြားတွင်သော်လည်းကောင်း အချိန်နှင့်အမျှ အပြောင်းအလဲများ ဖြစ်ထွန်းပေါ် ပေါက်လာစေရန် ပြုပြင် ဖန်တီးပေးလျက်ရှိသည့် အခြေခံအချက်အလက်များဆိုင်ရာ သိပ္ပံပညာ (Date Science) ဖြစ်ထွန်းပေါ်ပေါက်လာစေခဲ့သည့် သမိုင်းကြောင်းအကျဉ်း နှင့် သဘောတရားများကို စာရေးသူ သိမြင်နားလည်သည့်အတိုင်း စာဖတ်သူများအား သိမြင်နားလည်စေရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ ကွန်ပျူတာအဖြစ်သို့ ဖြစ်ထွန်းပေါ်ပေါက်လာစေခဲ့ သည့် စက်ဘာသာစကား (Machine Language) တစ်နည်းအားဖြင့် “၀” “ဇီးရိုး” နှင့် “၁” “ဝမ်း” ကို အခြေခံသည့် ဒွိစုံစနစ် (Binary System) ကို ရှင်းလင်း တင်ပြပါမည်။ စာဖတ်သူများအနေဖြင့် တစ်ဆင့်ချင်း အဆင့်ဆင့် သိမြင်နားလည်စေရန်အတွက် သာမန်ဂဏန်းတွက်စက် (Ordinary Calculator) ကလေး၏ Processor ကို ဖွဲ့စည်းတည်ဆောက် ထားရှိပုံမှ စတင်ကာ တင်ပြပါမည်။

စက်ဘာသာစကား (Machine Language) တစ်နည်းအားဖြင့် “၀” “ဇီးရိုး” သို့မဟုတ် “၁” “ဝမ်း” တစ် လုံးတည်းကို ခေါ်ဆိုရာတွင် A Binary Digit (bit) အသံထွက် “ဗစ်” ဟုခေါ်ဆိုပါသည်။ သာမန် ဂဏန်းတွက်စက် (Ordinary Calculator) ကလေး၏ Processor ကလေးအား (4 bits) ကို အခြေခံကာ ကုဒ် (Code) ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ သာမန်ဂဏန်းတွက်စက် (Ordinary Calculator) ကလေးကို အသုံးပြုရာ၌ တွေ့မြင်ရမည့် ဂဏန်းများနှင့် သင်္ကေတများမှာ - 0, 1, 2, 3, 4, 5, 6, 7, 8, 9, နှင့်., +, -, x, ÷, = တို့ ဖြစ်ကြပါသည်။ ၎င်းကို (4 bits processor) နှင့် ကုဒ် (Code) ပြုလုပ်ပုံမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်။

4 bits = 2x2x2x2 = 24 = 16 (Characters)လုံးကို ကုဒ် ပြုလုပ်နိုင် ပါသည်။ ဥပမာအားဖြင့် -

အထက်တွင် ဖော်ပြထားချက် များသည် “၀” “ဇီးရိုး” နှင့် “၁” “ဝမ်း” ကို အခြေခံသည့် ဒွိစုံစနစ် (Binary System) မှ ခု ဂဏန်း ၁၀-လုံးကို ကုဒ် (Code) ပြုလုပ်ထားရှိခြင်း ဖြစ်ပါသည်။ ကျန်ခြောက်လုံးမှာ

၁။ 1010 ၂။ 1011 ၃။ 1100 ၄။ 1101 ၅။ 1110 နှင့် ၆။ 11111တို့ ဖြစ်ကြပြီး ၎င်းတို့နှင့် ပတ်သက်သည့် ကုဒ် (Code) ပြုလုပ်ပုံမှာ စက်တစ်လုံးနှင့် တစ်လုံး အမျိုးအစားအလိုက် မတူညီသဖြင့် အတိအကျ ရှင်းလင်း တင်ပြခြင်း မပြုတော့ပါ။ 8 bits processor မှ စတင်ပြီး ကွန်ပျူတာ (Computer) အဖြစ် သတ်မှတ်ခေါ်ဆိုကြပါသည်။ 8 bits processor နှင့် ပတ်သက်ပြီး အကျဉ်းကို တင်ပြရပါလျှင် -

8 bits = 2x2x2x2x2x2x2x2= 28 = 256 (Characters) လုံးကို  “ကုဒ်” ပြုလုပ်နိုင်ပါသည်။ ၂၅၆ လုံး ကို “ကုဒ်” ပြုလုပ်ကြရာတွင် “တစ် ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ် ဆန်း” ဆိုသကဲ့သို့ ဂဏန်းတစ်လုံး (Digit) သို့မဟုတ် အက္ခရာစာလုံးတစ်လုံး (Character) သို့မဟုတ် အထူးသင်္ကေတ (SpecialCharacter)တစ်မျိုးမျိုးကို အဆင်ပြေသလို “ကုဒ်” ပြုလုပ်လျက်ရှိကြရာ အချို့သော ပညာရှင်ကြီးများက ကြိုတင်သိမြင်ပြီး တစ်ပြေးညီ ဖြစ်စေရေးအတွက် American Standard Code for Information Interchange (ASCII) မြန်မာအသံထွက် “အက်(စ်) အီးကုဒ်”  ကို စံအဖြစ် အသုံးပြုကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြပြီး ပြုလုပ်ဆောင်ရွက်စေခဲ့ပါသည်။ “အက်(စ်)အီးကုဒ်” အဖြစ် အသုံးပြုထားသည့် ဂဏန်း၊ အက္ခရာ၊ သင်္ကေတများသည် လူတို့၏မျက်စိနှင့် ကြည့်မြင်နိုင်ပြီး အလွယ်တကူ နားလည်နိုင်သည့် သင်္ကေတ အမှတ်အသားများ ဖြစ်ကြပါသည်။ ထို့ကြောင့်လည်း ကွန်ပျူတာတိုင်းအတွက် “အက်(စ်) အီးကုဒ်” ကို ထည့်သွင်းထားရှိပြီး အခြေခံအဖြစ် အသုံးပြုကြပါသည်။

ထိုမှတစ်ဆင့် 16 bits pro-cessor, 32 bits processor, 64 bits processor များသည် အချိန်ကာလအလိုက် ဆက်တိုက် ထွက်ပေါ်လာစေခဲ့ပါသည်။ စာဖတ်သူများအနေ ဖြင့် သတိပြုစေရန်မှာ ဂဏန်းတစ်လုံး သို့မဟုတ် အက္ခရာစာလုံးတစ်လုံး (Character) သို့မဟုတ် အထူးသင်္ကေတ (Special Character) တစ်မျိုးကိုသာမက အသံနှင့် အရုပ်များ ကိုပါ “ကုဒ်” ပြုလုပ် ဆောင်ရွက်လာနိုင်စေခဲ့ပါသည်။

ယနေ့အချိန် အသုံးပြုလျက်ရှိကြသည့် Mobile Phones များနှင့် Tablet အများအဖြစ် 32 bits processor သို့မဟုတ် 64 bits processor များကို အခြေခံကာ တီထွင်ထုတ်လုပ်လာခဲ့ကြပါသည်။

ဒုတိယအနေနှင့် အပျော့ထည်ပစ္စည်းများ (Software) သို့မဟုတ် ပရိုဂရမ်များ (Programme) များနှင့် ပတ်သက်သည့် သမိုင်းအကျဉ်းကို ရှင်းလင်းတင်ပြပါမည်။ လက်နှင့်ထိတွေ့ကိုင်တွယ်၍ မရနိုင်ပါသော်လည်း မျက်စိနှင့် မြင်ရသည့် အပျော့ထည်ပစ္စည်းများ (Software) သို့မဟုတ် ပရိုဂရမ်များ (Programme)  အပိုင်းတွင်လည်း ကွန်ပျူတာစက်ကို ထိန်းကျောင်းလည်ပတ်စေသည့် လုပ်ဆောင်မှုစနစ် (Operating System) အပိုင်းနှင့် လူတို့အလွယ်တကူ အသုံးပြုနိုင်စေရန် ရေးသားပြင်ဆင်ထားရှိသည့် အသုံးပြုပရိုဂရမ်များ (Application Software) အပိုင်းနှစ်ပိုင်းတည်ရှိရာ စာဖတ်သူတို့ အနည်းငယ် ခန့်မှန်းဆဝါးနိုင်စေရန် တစ်ကိုယ်ရေသုံး ကွန်ပျူတာ (Personal Computer) စက်ကို ထိန်းကျောင်းလည်ပတ်စေသည့် လုပ်ဆောင်မှုစနစ် (Operating System) အပိုင်းနှင့် ဆက်စပ်ပတ်သက်ပြီး စာရေးသူ၏ အတွေ့ အကြုံကို အခြေခံကာ အကျဉ်းမျှ ရှင်းလင်းတင်ပြပါမည်။

စာရေးသူတို့ တစ်ကိုယ်ရေသုံး ကွန်ပျူတာ (Personal Computer) စတင်အသုံးပြုချိန်က ကွန်ပျူတာစက်ကို ထိန်းကျောင်းလည်ပတ်စေသည့် လုပ်ဆောင်မှုစနစ် (Operating System) မှာ DOS 4.0 ဟုခေါ် ဆိုသည် (Disk Operating System 4.0)  ဖြစ်ပါသည်။ ထို့နောက် DOS (Disk Operating System) 4.0, 5.0, 6.1, 6.2, 6.22, 7.စသည်ဖြင့် အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာစေခဲ့ပါသည်။ လူတို့ အလွယ်တကူ အသုံးပြုနိုင်စေရန် ရေးသားပြင်ဆင်ထားရှိသည့် အသုံးပြုပရိုဂရမ်များ (Application Software) Word Perfect 5.1, Lotus 1-2-3, Dbase III & IV, Harvard Graphic စသည်တို့ ဖြစ်ကြပါသည်။

ထိုမှတစ်ဆင့် ကွန်ပျူတာစက် ကို ထိန်းကျောင်းလည်ပတ်စေသည့် လုပ်ဆောင်မှုစနစ် (Operating System) Microsoft Window System 3.x, Windows 95-2000, Windows XP, Windows Vista, Windows 7, 8+.  စသည်ဖြင့် အဆင့်ဆင့် ဖြစ်ပေါ်တိုးတက်လာစေခဲ့ပါသည်။ လူတို့အလွယ်တကူ အသုံးပြုနိုင်စေရန် ရေးသား ပြင်ဆင်ထားရှိသည့် အသုံးပြုပရိုဂရမ်များ (Application Software) များ မှာလည်း Microsoft Office 4.3, Word 6. Excel 5, Page Maker 5. etc. ESihf Microsoft Office 97-2000-XP, Word 97-2000-XP, Excel 97-2000-XP, Access 97-2000-XP, Power Point 97-2000-XP, Adobe Page Maker 6.5. etc. စသည်ဖြင့် အဆင့်ဆင့်ဖြစ်ပေါ် တိုးတက်လာစေခဲ့ပါသည်။

ယနေ့အချိန်တွင် အသုံးပြုလျက်ရှိကြသည့် Mobile Phones များ နှင့်Tablet အများတွင်မူ ထိန်းကျောင်း လည်ပတ်စေသည့် လုပ်ဆောင်မှုစနစ် (Operating System) များမှာ Apple ထုတ်ကုန်များနှင့်ပတ်သက်ပြီး iOS (iPhone Opera-ting System) ကို အသုံးပြုကြပြီး အချို့သော ထုတ်ကုန်များအတွက်မူ Android Operating System (Android OS) ကို အသုံးပြုကြပါသည်။

 

လူတို့အလွယ်တကူ အသုံးပြုနိုင်စေရန် ရေးသားပြင်ဆင်ထားရှိ သည့် အသုံးပြုပရိုဂရမ်များ (App-lication Software) များအနေနှင့်မူ Facebook, YouTube, Instagram, Google,စသည်တို့ဖြစ်ကြရာ စာ ဖတ်သူများက စာရေးသူထက်ပင် ပိုမိုသိမြင်နားလည်မည်ဟု ထင်မြင်ပါသည်။

တတိယအနေဖြင့် အခြေခံအ ချက်အလက်များဆိုင်ရာ သိပ္ပံပညာ (Data Science)နှင့် ပတ်သက်သည့် သမိုင်းအကျဉ်းကို ရှင်းလင်းတင်ပြပါမည်။ စာဖတ်သူများ အလွယ်တကူ သိမြင်နားလည်စေရန် အလို့ငှာ ပုံ (စာ - ၄) တွင် ဖော်ပြထားပါသည်။ အသေးစိတ်ကိုမူ ရှင်းလင်းတင်ပြခြင်းမပြုတော့ဘဲ ခြုံငုံပြီး သတင်းအချက်အလက်အချို့ကိုသာ စာဖတ်သူများ သတိပြုနိုင်စေရန် ထုတ်နုတ်တင်ပြပါမည်။

ပထမအချက်အနေနှင့် အခြေခံအချက်အလက်များဆိုင်ရာ သိပ္ပံပညာ (Data Science) ဘာသာရပ်နှင့် တိုက်ရိုက်ဆက်စပ်ပတ်သက်သည့် ဘာသာရပ်နယ်ပယ်များကို ဖော်ပြထားခြင်းဖြစ်ပြီး ဒုတိယအချက်အနေနှင့် အခြေခံအချက်အလက်များဆိုင်ရာ သိပ္ပံပညာ (DataScience)ဘာသာရပ်အရ အကောင်အထည် ဖော်ဆောင်ရွက်ရသည့် လုပ်ငန်းရပ်များဖြစ်ပါသည်။

တတိယအချက်အနေဖြင့် အခြေခံအချက်အလက်များဆိုင်ရာ သိပ္ပံပညာ (Data Science) ဘာသာရပ်ကို တိုင်းသူပြည်သား အခြေပြုကုန်စည်နှင့်ဝန်ဆောင်မှု (Public Good)  လုပ်ငန်းများအတွက် အသုံးပြုရန် ဖြစ်ပါသည်။ စတုတ္ထအချက်အနေနှင့် အခြေခံအချက်အလက်များဆိုင်ရာ သိပ္ပံပညာ (Data Science) ၏ သမိုင်းကြောင်း အခြေအနေဖြစ်ပါသည်။

နိဂုံးချုပ်အနေနှင့် တင်ပြလိုသည်မှာ ယနေ့အချိန်၌ ကမ္ဘာပေါ်ရ ှိတိုင်းပြည်နိုင်ငံများအပေါ်တွင် သော်လည်းကောင်း၊ တိုင်းပြည်နိုင်ငံများတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားနိုင်ငံသား များ အပေါ်တွင်သော်လည်းကောင်း၊ လူ့အဖွဲ့အစည်းများအကြားတွင်သော်လည်းကောင်း အချိန်နှင့်အမျှ အပြောင်းအလဲများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ပြုပြင် ဖန်တီးပေးလျက်ရှိသည့် အခြေခံ အချက်အလက်များ ဆိုင်ရာသိပ္ပံပညာ (Data Science) ဖြစ်ထွန်းပေါ်ပေါက်လာစေခဲ့သည့် သမိုင်းကြောင်းအကျဉ်း နှင့် သဘောတရားများကို စာရေးသူသိမြင် နားလည်သည့်အတိုင်း စာဖတ်သူများအား သိမြင်နားလည်နိုင် ကြစေပြီးလျှင် တိုင်းပြည်အကျိုး၊ နိုင်ငံတော်အကျိုးနှင့် ပြည်သူပြည်သားနိုင်ငံသားများ၏ အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြပါ စေကြောင်း ရေးသားတင်ပြအပ်ပါ သည်။

 

 

Most Read

Most Recent