ကွမ်းလုံမြို့၌ တိုက်ပွဲဖြစ်ပွားဆဲဖြစ်ပြီး သိန္နီမြို့တွင် တပ်မတော်က လွှမ်းမိုးမှု ပြန်လည်ရရှိထားကာ ချင်းရွှေဟော်နှင့် မုံးကိုးတို့၌ လုံခြုံမှု ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်နေဟု နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား

ကွမ်းလုံမြို့၌ တိုက်ပွဲဖြစ်ပွားဆဲဖြစ်ပြီး သိန္နီမြို့တွင် တပ်မတော်က လွှမ်းမိုးမှု ပြန်လည်ရရှိထားကာ ချင်းရွှေဟော်နှင့် မုံးကိုးတို့၌ လုံခြုံမှု ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်နေဟု နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 10 November 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ သိန္နီမြို့တွင် တပ်မတော်က လွှမ်းမိုးမှု ပြန်လည်ရရှိထားပြီး ချင်းရွှေဟော်နှင့် မုံးကိုးတို့တွင်လည်း လုံခြုံမှု ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့နယ်များရှိ နေရာအချို့ကို လက်နက်ကိုင်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ ကောလာဟလ သတင်းတု၊ သတင်းအမှားများ ထွက်ပေါ်နေမှုအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၁၀ ရက်က ပြန်လည်ရှင်းလင်း ပြောကြားရာတွင် အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲဖြစ်ပွားမှု အခြေအနေကတော့ ကွမ်လုံမြို့မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိတယ်။ ကွမ်လုံမြို့ တစ်ချို့နေရာတွေမှာတော့ MNDAA သောင်းကျန်းသူတွေ ရောက်ရှိနေတာတွေ့ရတယ်။ ကွမ်လုံဗျူဟာနဲ့ ကွပ်ကဲမှုအောက် တပ်တွေအနေနဲ့ကတော့ ရက်သတ္တပတ် တစ်ပတ်ခန့်ရှိပြီ၊ ရန်သူကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်နေတာမျိုး ဖြစ်ပါတယ်။ ပြီးရင်တော့ TNLA ဝင်ရောက်သွားတဲ့ သိန္နီမြို့ အခြေအနေမှာတော့ သိန္နီမှာရှိတဲ့ တပ်တွေအနေနဲ့ ပြန်လည်လွှမ်းမိုးမှုရရှိပြီး ဖြစ်ပါတယ်။ ပြီးရင် လားရှိုးမြို့အနီးတဝိုက်၊ ကွတ်ခိုင်တဝိုက်မှာရှိတဲ့ သောင်းကျန်းသူ ပူးပေါင်းအဖွဲ့တွေကိုတော့ ရှင်းလင်းဆောင်ရွက်ပြီးဖြစ်ပါတယ်။ ထို့အတူ မုံးကိုးတို့၊ ချင်းရွှေဟော်တို့၊ လက်လွှတ်ခဲ့ရတဲ့ နေရာလေးတွေ ရှိတယ်။ ဒီလက်လွှတ်ခဲ့ရတဲ့ နေရာလေးတွေမှာလည်း ပြန်လည်ပြီးတော့ လုံခြုံမှုတည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကောလင်းမြို့အတွင်းသို့ လက်နက်ကိုင်အဖွဲ့များ ဝင်ရောက်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး PDF နှင့် KIA တို့ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ တိုက်ကွက်ဖော်နေခြင်းသားဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီနေ့မှာတော့ ထီးချိုင့်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့ ပျံ့နှံ့နေတဲ့ ကောလဟာလ၊ ရန်သူရဲ့ ဝါဒဖြန့်ချီချက်ပေါ့၊ ဒါနဲ့ပတ်သက်ပြီး နယ်မြေတစ်ခုလုံးကိုပဲ သိမ်းနိုင်တဲ့ပုံစံ၊ အကုန်လုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ပုံစံတွေ လုပ်နေတာရှိပါတယ်။ ဒီကောလဟာလတွေ၊ ဝါဒဖြန့် ခြိမ်းခြောက်မှုတွေကို ပြည်သူလူထုအနေနဲ့ သတိရှိဖို့ လိုတယ်လို့ပဲ ပြောချင်ပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေချင်းရွှေဟော်၊ မုံးကိုးတို့ နေရာမျိုးပေါ့၊ ပြီးရင်ကြားထဲက နေရာလေးတွေပေါ့၊ ဒီနေရာလေးတွေက မြန်မာရဲ့ ကိုးကန့်ဒေသပေါ့၊ မြန်မာပြည်တောင် မဟုတ်ဘူး၊ ကိုးကန့်ဒေရဲ့ အစိတ်အပိုင်း တစ်ခုလောက်ပဲ ရှိပါတယ်။ ဒီမှာလည်း ကျွန်တော်တို့အနေနဲ့ လုံခြုံမှု ပြန်လည်ရရှိရေး အမြန်ဆောင်ရွက်လျက်ရှိတယ်။ ပြီးရင် စစ်ကိုင်းတိုင်းထဲမှာဖြစ်နေတဲ့ ထီးချိုင့်တို့၊ ကသာတို့၊ ကောလင်းတို့လို နေရာမျိုးပေါ့၊ ဒီဟာတွေလည်း ကျွန်တော်တို့က ဖြစ်ပွားနေတဲ့ နေရာသည်လည်း စစ်ကိုင်းတိုင်းရဲ့ အစိတ်အပိုင်းတစ်ခုလောက်ပဲ ရှိပါတယ်။ ဒါတွေကို ကျယ်ပြန့်နေတဲ့ပုံစံပေါ့၊ ဝါဒဖြန့်ချီပြီးတော့ အကြောက်တရား၊ စိုးရိမ်မှုအပေါ်မှာ မူတည်ပြီးတော့ ဝါဒဖြန့်ချီတာမျိုးပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

တပ်မတော်အနေနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် လုပ်ဆောင်နေကြောင်း၊ ပြည်သူများအနေနှင့် ကောလဟာလများ၊ ဝါဒဖြန့် ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ နားမယောင်ရန်၊ မကြောက်ရွံ့ရန်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ကျွန်တော်အနေနဲ့ ပြောချင်တာကတော့ မြန်မာ့တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နယ်မြေ တည်တံ့ခိုင်မြဲရေးအတွက် လုပ်ဆောင်နေပါတယ်။ လုပ်လည်း လုပ်နိုင်ပါတယ်။ ဆက်လက်လည်း ကျွန်တော်တို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ဒီကောလဟာလတွေ၊ ဝါဒဖြန့် ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီးတော့ နားမယောင်ဖို့၊ မကြောက်ရွံ့ဖို့၊ ပြီးရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့အတူ ရှေ့တန်း စစ်မျက်နှာအသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သား၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ အားလုံးကို နိုင်ငံတော်အကြီးအကဲ၊ တပ်မတော် အကြီးအကဲများအနေနှင့် အမြဲတမ်း အသိအမှတ်ပြုလျက်ရှိပြီး မကြာခင်တည်ငြိမ်သည့် အခြေအနေ၊ လုံခြုံမှုရှိသည် အခြေအနေကို ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent