ဦးပိန်တံတား အရှေ့ခြမ်းရှိ တံတားအခန်းနှစ်ခန်း ပြိုကျမှု ဖြစ်ပွား

ဦးပိန်တံတား အရှေ့ခြမ်းရှိ တံတားအခန်းနှစ်ခန်း ပြိုကျမှု ဖြစ်ပွား
Published 29 October 2023

မန္တလေး ၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတား အရှေ့ဘက်ခြမ်း တံတားအခန်း နှစ်ခန်း ပြိုကျမှု အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရှိရသည် ။

ဖြစ်စဉ်မှာ သီတင်းကျွတ်လပြည့်နေ့ ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူများပြား၍ တံတားခံနိုင်ဝန် မမျှကာ ကျိုးကျခဲ့ခြင်းဖြစ်ကြောင်း သိရပြီး တံတားကျိုးကျမှုကြောင့် လူတချို့ရေထဲပြုတ်ကျမှုရှိခဲ့ကြောင်း သိရှိရသည်။

“ ရေထဲကျတာ ယောက်ျားလေး ၁၅ ယောက် မိန်းကလေး ၈ ယောက် ပါ ။ ပွန်းပဲ့ဒဏ်ရာ ရတာမျိုး တစ်ယောက်မှ မရှိပါဘူး ။ဒါကြောင့် ကိုယ့်အစီအစဉ်နဲ့ ကိုယ် ပြန်သွားကြပါပြီ ။ အသေအပျောက် ရှိတယ်ဆိုတာ မဟုတ်ပါဘူး ” ဟု တံတားပြိုကျမှုဖြစ်စဉ်အား သွားရောက် ကယ်ဆယ်ဆောင်ရွက်ခဲ့သူ တစ်ဦးက ပြောကြားခဲ့သည် ။

ယင်းသို့ တံတားပြိုကျမှု​ဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် နီးစပ်ရာလူမှုကူညီရေးအသင်းအဖွဲ့များမှ သွားရောက်ကာ ကူညီကယ်ဆယ်ရှာဖွေမှုများ ပြုလုပ်လျက်ရှိပြီး လတ်တလောတွင် ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိကြောင်း သိရှိရသည် ။

တောင်သမန်အင်းအား ဖြတ်ကျော်ဆောက်လုပ်ထားသည့် ဦးပိန်တံတားကို မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ်တွင် ပုဂံမင်းလက်ထက် အမရပူရမြို့ဝန် ဘိုင်ဆပ်၏ တပည့် မြို့စားရေး မောင်ပိန်က မိုးတွင်းကာလ တောင်သမန် ၁၂ ရပ်မှ လူအများသွားလာလွယ်ကူစေရေးအတွက် စစ်ကိုင်း၊ အင်းဝနန်းတော်၊ အိမ်တော်များမှ သစ်သားဟောင်းများဖြင့် တည်ဆောက်ခဲ့ကြောင်း သိရသည်။

မြန်မာအင်ဂျင်နီယာပညာရှင်များက တံတားဆောက်လုပ်ခြင်းကို လှိုင်းဒဏ်၊ လေဒဏ် ခံနိုင်အောင် ဖြောင့်တန်းစွာ မဆောက်ဘဲ တောင်ဘက်သို့ ဦးမော့ကွေ့ဝိုက်ကာ ကျင်တွယ်ပုံသဏ္ဍာန် ဆောက်လုပ်ခဲ့ကြောင်း၊ စကေးမှန်ချိန်မပါဘဲ ခြေလှမ်းဖြင့်တိုင်းတာ ဆောက်လုပ်ခဲ့ကြပြီး တံတားဆောက်လုပ်သည့်နှစ် ၂ နှစ်ကြာခဲ့ကြောင်း သိရှိရသည်။

တံတားပြီးစ တိုင်ပေါင်းသည် ၉၈၄ တိုင်ရှိကြောင်း၊ နောင်တွင် တံတားနှစ်ဘက်ထိပ် အုတ်တံတားကိုဖြုတ်ကာ အသားတံတားအစားထိုးဆောက်လုပ်သောကြောင့် တံတားတိုင်များ တိုးလာကြောင်း၊ ဇရပ်လေးဆောင်မှ တိုင်များပါ ပေါင်းပြီး ရေတွက်ပါက တိုင်ပေါင်း ၁၀၈၆ တိုင်ဖြစ်သွား​သည်။ နားနေရန် ဇရပ်လေးဆောင်ပါ ဆောက်လုပ်ခဲ့​သည်။

ဘုရင့်စက်လှေကြီးများ၊ ပြည်ကြီးမွန် စသော ဘုရင့်ဖောင်တော်ကြီးများ လွယ်ကူစွာ ဖြတ်သွားနိုင်ရန် "ဖောင်ကြောင်း"ကိုးခု ထားသည်။ အခန်းပေါင်း ၄၈၂ ခန်း၊ တံတားအရှည် ၇.၈ ဖါလုံ သမိုင်းမှတ်တမ်းများအရသိရပြီး ခေတ်အဆက်ဆက် လေဒဏ်၊ မိုးဒဏ်များကြောင့် ပျက်စီးယိုယွင်းခဲ့မှုများကို ပြုပြင်ခဲ့ရကြောင်း သိရှိရသည်။

Most Read

Most Recent