မင်းတုန်းမင်း ဆန်ပြုတ်

မင်းတုန်းမင်း ဆန်ပြုတ်
Published 21 December 2016
■ ဒေါက်တာသိန်းမြင့်

ပုလဲမြို့သစ် ကုန်းတလပေါင်းရှိ တန့်ကြည်တောင် ဆရာတော်ကြီး၏ တရားရိပ်သာသို့  ဒေါက်တာသန်းထွဋ်အောင် မိသားစု လှူဒါန်းသည့် စင်္ကြီလမ်းအလှူပွဲသို့ ရောက်ခဲ့ပါတယ်။ စင်္ကြီလမ်းဟာ အမိုးမြင့်ပြီး ကားနှစ်စီးရှောင်နိုင်သည်အထိ ကျယ်ပြန့်တဲ့အပြင် ကျောင်းခြံအဝမှ ကျောင်းအတွင်းရှိ အဓိက အဆောက်အအုံတွေအထိ လွယ်ကူစွာ သွားနိုင်ရန် ဆောက်လုပ်လှူဒါန်းထားပါတယ်။ ယောဂီတွေအတွက် စင်္ကြီလျှောက်ရာမှာ ကျယ်ကျယ်ဝန်းဝန်းနဲ့ သက်သောင့်သက်သာ ရှိလှပါတယ်။
မင်းတုန်းမင်းဆန်ပြုတ်
ဆရာတော်ကြီးက ဆန်ပြုတ်၊ ပဲနီပြား ပြုတ်၊ ကြက်သွန်နီဆီဆမ်း၊ မတ်ပဲကြော်တို့နဲ့ ကျွေးမွေးခဲ့ပါတယ်။ ကျွန်တော်ကိုယ်၌က သဘာဝအစားအစာဆို ခုံမင်လို့လားမသိ အလွန်အရသာရှိပြီး ခံတွင်းတွေ့လှပါတယ်။တရားဝင်ယောဂီများကိုလည်း မနက်စောစောစာအဖြစ် ၎င်းသက်သက်လွတ် ဆန်ပြုတ်ကိုပင် အမြဲတစေ ကျွေးမွေးလျက်ရှိကြောင်း ဆရာတော်က ရှင်းပြပါတယ်။
ဆရာတော်ကြီးက ဆက်၍ ၎င်းဆန်ပြုတ်ကို မင်းတုန်းမင်းဆန်ပြုတ်လို့ ခေါ်ဆိုကြောင်းနဲ့ ဆန်ပြုတ်ရဲ့အကြောင်းကို ပြောပြပါတယ်။အမရပူရမှ မန္တလေးနေပြည်တော်သို့ ပြောင်းရွှေ့ပြီးနောက် မင်းတုန်းမင်းကြီးဟာ မကြာခဏ နေထိုင်မကောင်းဖြစ်ပါတယ်။ အသက်အရွယ် ကြီးရင့်လာတာကြောင့်လည်း ဖြစ်ပါတယ်။ မင်းတုန်းမင်းကြီး နေမကောင်းဖြစ်နေပေမယ့် ကင်းဝန်မင်းကြီးက လာရောက်သတင်း မမေးတဲ့အကြောင်း မေးပြီးအခေါ်လွှတ်ပါတယ်။ ကင်းဝန်မင်းကြီးက ဆန်ပြုတ်ကို ပြုတ်လာပြီး တိုက်တဲ့အခါကျမှသာ မင်းတုန်းမင်းကြီး ပြန်လည်ကောင်းမွန်လာတယ်လို့ ဆိုပါတယ်။ အဲဒီဆန်ပြုတ်ကို မင်းတုန်းမင်း ဆန်ပြုတ်လို့ ဆိုချင်ကြောင်း ဆရာတော်ကြီးက ရှင်းပြပါတယ်။
ဆရာတော်ကြီးတို့ကျောင်းမှာ ဆန်ပြုတ်ပြုတ်ပုံကိုလည်း အခုလို ရှင်းပြပါတယ်။ ဆန်ကို ညကတည်းက လိုအပ်တဲ့ အတိုင်းအတာ တွက်ချက်ပြီး ရေစိမ်ထားရပါတယ်။ မနက်စောစော ၄ နာရီမှာ ရေစိမ်ထားတဲ့ဆန်ကို ဆန်ခါနဲ့ စစ်ပါတယ်။ ပဲဆီ (သို့မဟုတ်) နှမ်းဆီ စစ်စစ် လိုသလောက်ကို အပူပေးပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ကို ထည့်လုံးပြီး ရေစစ်ထားသော ဆန်ကိုထပ်ထည့်လုံးပါတယ်။ အဲဒီနောက် ကျက်ကျက်ဆူနေတဲ့ ရေနွေးအိုးထဲထည့်ပြီး အဖုံးမအုပ်ဘဲ တည်ပါတယ်။ ဆန်လုံးများဟာဆူ၍ လည်နေတဲ့ရေ နွေးထဲမှာ တစ်ခုနဲ့တစ်ခု ပွတ်တိုက်မိပြီး ကွဲကြေကာ မိနစ် ၃၀ အကြာမှာ သောက်ရန် အသင့်အနေအထားသို့ ရောက်ရှိပါတယ်။ ဆရာတော်တို့ ကျောင်းမှာကဲ့သို့ အများတိုက်တဲ့ ဆန်ပြုတ်ပုံစံမျိုးမဟုတ်ဘဲ တစ်ဦးချင်း လုပ်ဆောင်နိုင်တဲ့ ဆန်ပြုတ်ပြုလုပ်ပုံကို ဒေါက်တာသန်းထွဋ်အောင်ရဲ့ မိခင်က ဆက်ရှင်းပြပါတယ်။
တစ်ယောက်စာ ဆန်ပြုတ် ပြုတ်နည်း
ပထမအဆင့်အနေနဲ့ ဆန်လက်တစ်ဆုပ်ကို သုံးနာရီခန့်ကြိုတင်၍ ရေစိမ်ထားရပါမယ်။ မနက်သောက်မယ့်သူတွေအတွက် ညကတည်းက ဆန်ကိုစိမ်ထားနိုင်ပါတယ်။ ဆန်ပြုတ်တော့မယ်ဆိုရင် အဲဒီရေစိမ်ထားတဲ့ ဆန်ကို ဆန်ခါနဲ့ ရေစစ်ပြီး နို့ဆီဘူးတစ်ဘူးခန့် ရေနွေးကို ဆူအောင်ကျိုထားရပါမယ်။ ပဲဆီ (သို့မဟုတ်) နှမ်းဆီအစစ် နှစ်ဇွန်းကို အိုးတွင် အပူပေးထားရပါမယ်။ အဲဒီနောက် ကြက်သွန်နီသုံးဥကို စိတ်၍ ပူနေသောဆီထဲသို့ ထည့်မွှေရပါမယ်။
ကြက်သွန်နီနွမ်းသွားတဲ့အခါ စစ်ထားတဲ့ဆန်ကိုထည့်၍ မွှေရပါမယ်။ သုံးမိနစ်ခန့်ကြာတဲ့အခါ အဲဒီမွှေထားတဲ့ဆန်နဲ့ ကြက်သွန်တို့ကို ဆူပွက်နေတဲ့ ရေနွေးထဲ ထည့်လိုက်ရပါမယ်။ အဲဒီလိုထည့်ပြီးတဲ့အခါ မွှေစရာမလိုတော့ဘဲ ဆန်လုံးနဲ့ ကြက်သွန်တို့ဟာ တစ်ခုနဲ့တစ်ခု ပွတ်တိုက်ကြေကွဲမှုဖြစ်ပေါ်ပြီး မိနစ် ၂၀ ခန့်အကြာမှာ အသင့်သောက်နိုင်တဲ့ ဆန်ပြုတ်ဖြစ်သွားပါတယ်။ ရေအနည်းအများကို မိမိဘာသာသင့်သလို ချိန်ဆထည့်နိုင်ပါတယ်။ အချိုမှုန့်လုံး၀ ထည့်စရာမလိုပါ။ ဆားကို သင့်သလောက် ထည့်နိုင်တယ်။ ငရုတ်ကောင်းခပ်၍ သောက်သုံးနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ မနက်စာအတွက် အဲဒီဆန်ပြုတ်ဟာ လုံလောက်မှုရှိပါတယ်။ ဆန်ပြုတ်နဲ့ တွဲဖက်၍ မတ်ပဲကျော်၊ ပဲနီပြားပြုတ် စသည်တို့နဲ့လည်း တွဲဖက်ပြီး သောက်သုံးနိုင်ပါတယ်။ ၎င်းဆန်ပြုတ်ဟာ ပြုလုပ်ရာမှာ လွယ်ကူပြီး အာဟာရတန်ကြေး မြင့်မားလှပါတယ်။ ဆန်ပြုတ်သောက်ခြင်းဟာ ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုတယ်ဆိုတာ ရှင်းပြသွားပါမယ်။
ဆန်ပြုတ်သောက်ခြင်းအကျိုးကျေးဇူး
ဆန်ပြုတ်ကို ယာဂုလို့လည်း ခေါ်ဝေါ်သုံးစွဲပြီး ဆရာတော်ကြီးတွေ နံနက်ပိုင်းမှာ ဘုဉ်းပေးလေ့ရှိပါတယ်။ ဆရာကြီး ဦးဟန်ထွန်းရေးသားတဲ့ ဗုဒ္ဓခေတ်မှ ဆေးဝါးများ စာအုပ်မှာလည်း ရှင်အာနန္ဒာအလှူခံလာတဲ့       ‘ဆီးနှစ်ယာဂု’ ကို မြတ်စွာဘုရား ဘုန်းပေးတော်မူရသဖြင့် မြတ်ဗုဒ္ဓရဲ့ လေနာရောဂါ ပျောက်ကင်းသွားကြောင်းကို ကဉ္စိကဝိမာန ဝတ္ထုပါဠိတော်နှင့် အဋ္ဌကထာတို့၌ ပါရှိကြောင်း ရေးသားထားတာကို ဖတ်ရှုရပါတယ်။ ဆီးနှစ်ယာဂုတွင် ပါဝင်တဲ့ပစ္စည်းတွေက ဆီးသီးမှည့်အနှစ်၊ တြိကဋုက် (အစပ်သုံးပါး) ဖြစ်သော ငရုတ်ကောင်း၊ ပိတ်ချင်းနှင့် ချင်း၊ ဇီယာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှိန်းခို နဲ့ မုန်လာရွက်တို့ဖြစ်ပါတယ်။ ၎င်းကဲ့သို့ လေကိုနိုင်စေတတ်တဲ့ ဆေးပစ္စည်းများနဲ့ ကျိုချက်ထားတဲ့ ယာဂုဖြစ်လို့ မြတ်ဗုဒ္ဓ၏လေနာရောဂါ ကောင်းစွာပျောက်ကင်းတာလို့ ဆေးပညာရှုထောင့်အမြင်ဖြင့် ဆရာကြီး ဦးဟန်ထွန်းက သုံးသပ်ဆင်ခြင်ဖော်ပြထားပါတယ်။ ၎င်းအပြင် ယာဂုသောက်ခြင်း အကျိုးငါးပါးကိုလည်း ဖော်ပြထားတာ ဖတ်ရှုရပါတယ်။
ယာဂုသောက်ခြင်းအကျိုးငါးပါး-
ယာဂုခေါ် ဆန်ပြုတ်ကို သောက်လျှင်-
၁။       ထမင်းဆာခြင်းကို ပယ်ဖျောက်နိုင်ခြင်း (ဝါ) အချိန်မရောက်ဘဲ မဆာလောင်ခြင်း။
၂။       ရေမငတ်ခြင်း (ဝါ) ရေမွတ်သိပ်မှုကင်းခြင်း၊ ရေငတ်သက်သာခြင်း။
၃။       ဝမ်းတွင်းရှိလေများ ညီညွတ်မျှတခြင်း (ဝါ) လေမဖောက်ပြန်ခြင်း၊ အောက်သို့ လေသက်ခြင်း။
၄။       စားသောအစာကို ကြေစေခြင်း ‘အာမ’ ခေါ် ကြွင်းကျန်သော အစာဟောင်းများကိုပင် ကြေစေခြင်း
၅။       ဆီးများစွာ သွားရ၍ ဆီးအိမ်၌ ဆီးအောင်းမနေခြင်း။
ဤလက်ငင်း အကျိုးငါးမျိုးကို ရစေနိုင်သည်။
          “■ မဆာမွတ်၊ လေညီညွတ်စေ၊ အစာကြေ၊ မှတ်လေဆီးရွှင်ပါ။
           ■ကျိုသောက်ယာဂု၊ အကျိုးစု၊ ငါးခု ကျမ်း၌လာ”
 
မျှတတဲ့အာဟာရ ဓာတ်တွေပါတဲ့ ဆန်ပြုတ်
သက်ရှိလူသားတွေ ကျန်းမာသန်စွမ်းရေးအတွက် ၎င်းတို့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေမှာ ရေဓာတ်၊ ကစီဓာတ်၊ အသားဓာတ်၊ သတ္တုဓာတ်၊ အဆီဓာတ်တွေအပြင် ဗီတာမင်ဓာတ်တွေ အချိုးညီစွာပါဝင်ဖို့ လိုအပ်ပါတယ်။ အဲဒါကို အနောက်တိုင်းဆေးပညာကတော့ Balancing Diet  ဖြစ်ခြင်းလို့ ဆိုပါတယ်။ ဆန်ပြုတ်ဟာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရတွေ၊ ဓာတ်ခုနစ်ပါးရဲ့ အဆုံးသတ်ဖြစ်တဲ့ ကိုယ်ခံစွမ်းအားကို ပေးစွမ်းနိုင်သော သြဇာဓာတ်အပြင် ကိုယ်ခန္ဓာကို အပြစ်ပြုလေ့ရှိသော ကင်ဆာ၊ နှလုံး၊ ဆီးချို၊ သွေးတိုး ရောဂါများကို ကာကွယ်နိုင်တဲ့ အစွမ်းသတ္တိ ဓာတ်များလည်း ပါဝင်နေပါတယ်။
ပိုမိုဆန်းသစ်ထားသော မင်းတုန်းမင်းဆန်ပြုတ်
ကျန်းမာရေးအတွက် အထောက်အကူပြုပြီး အကျိုးကျေးဇူးထူးများ ပိုမိုရရှိနိုင်ရန် မူလမင်းတုန်းမင်း ဆန်ပြုတ်တွင် ပါဝင်သော ပစ္စည်းများကို အောက်ပါအတိုင်း ထပ်မံဖြည့်စွက် ဖော်ပြလိုပါတယ်။
၁။       ဆန်
၂။       နှမ်းဆီ/ သံလွင်ဆီ
၃။       ကြက်သွန်ဖြူ
၄။       ကြက်သွန်နီ
၅။       ချင်း
၆။       နနွင်း
၇။       ငါး
၈။       ရေ
၉။       ငရုတ်ကောင်း
၁၀။     ပူစီနံ
၁၁။     ပင်စိမ်း
၁၂။     တရုတ်နံနံ
၁၃။     ကြက်သွန်မိတ်တို့ ဖြစ်ပါတယ်။
ဆန်ပြုတ်မှာပါဝင်တဲ့ ပစ္စည်းတွေအနက် အရေးကြီးပစ္စည်းတချို့ရဲ့ ကျန်းမာရေးအတွက် အကျိုးပြုပုံနဲ့ အစွမ်းသတ္တိကို ဖော်ပြလိုပါတယ်။
ဆန်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး
ဆန်က မြန်မာနိုင်ငံသားတွေအတွက် အဓိကအစားအစာဖြစ်တယ်ဆိုတာ လူတိုင်း ခံစားသိရှိပြီး ဖြစ်ပါတယ်။ ဆန်မှာ အဓိကပါဝင်တာက ကိုယ်ခန္ဓာအင်အားကိုဖြစ်စေတဲ့ ကာဗိုဟိုက်ဒရိတ်ခေါ် ကစီဓာတ်ဖြစ်ပြီး ဗီတာမင်ဓာတ်အချို့နဲ့ အမျှင်ဓာတ်လည်း ပါဝင်တာတွေ့ရပါတယ်။
နှမ်းဆီရဲ့ ကျန်းမာရေးအကျိုးကျေးဇူး
နှမ်းဆီမှာ ဗီတာမင်ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ဗိုင်းရပ်စ်ပိုးတွေ၊ အသက်အရွယ် အိုမင်းလာမှုနဲ့ ဘက်တီးရီးယားတွေကြောင့် ထိခိုက်ပျက်စီးမှုတွေ၊ သွေးကြောထဲမှာ ထိခိုက်ပျက်စီးမှုအများစုကို သက်သာပျောက်ကင်းစေပါတယ်။
နှမ်းဆီမှာ ဗီတာမင်အီးနဲ့ ဗီတာမင်ဘီတို့ ပါဝင်တာကြောင့် အရေပြားထိခိုက်ပျက်စီးမှုကို လျော့ကျစေနိုင်ပြီး နုပျိုတောက်ပတဲ့ အသားအရေမျိုး ဖြစ်ပေါ်စေဖို့ကိုလည်း အထောက်အကူပြုနိုင်ပါတယ်။ အဆစ်အမြစ်ရောင်ရမ်းမှုနဲ့ နာကျင်မှုတချို့ကို လျော့ကျစေနိုင်ပြီး ကင်ဆာဆဲလ်ဖြစ်ပေါ်မှုကို လျှော့ချနိုင်တယ်လို့လည်း လေ့လာမှုတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
နှမ်းဆီမှာပါဝင်တဲ့ ကယ်လ်ဆီယမ်ဓာတ်က အရိုးထိခိုက်မှုကို ကာကွယ်ပေးနိုင်ပြီး ခေါင်းကိုက်သက်သာစေတယ်။ နှမ်းဆီကို ပုံမှန်သုံးစွဲပါက စိတ်ဖိစီးမှုလျော့ ကျစေနိုင်ပြီး အာရုံကြောစနစ်ကို အားကောင်းလာစေတယ်။ မောပန်းနွမ်းနယ်မှုနဲ့ အိမ်မပျော်တာတွေ သက်သာစေတယ်။ သံလွင်ဆီက ကျန်းမာရေးအတွက် အကောင်းဆုံးဆီဖြစ်ပါတယ်။ ဝယ်ယူသုံးစွဲလို့ အဆင်ပြေပါက သုံးစွဲစေချင်ပါတယ်။
ငါးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး
ငါးအစား ကြက်သားထည့်ပြုတ်ရင်လည်း ရပေမယ့် ငါးထည့်ပြုတ်စားတာက ပိုကောင်းပါတယ်။
ငါးမှာ အကျိုးပြုအဆီပါတဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် ပိုပြီးသင့်တော်ပါတယ်။ ငါးရံ့၊ ငါးခူ၊ ငါးကြင်းဆိုရင် သွေးအားလည်း ကောင်းစေပါတယ်။ ဒါကြောင့် ငါးဆန်ပြုတ်က ပိုကောင်းတယ်လို့ ပြောရခြင်းဖြစ်ပါတယ်။
ချင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး
ချင်းနဲ့ပတ်သက်လို့ ပြောချင်ပါတယ်။ တော်တော်များများက ဆန်ပြုတ်ပြုတ်တဲ့အခါမှာ ချင်းကိုထည့်သုံးလေ့ မရှိကြဘူး။ ထည့်ပြုတ်ဖို့ တိုက်တွန်းချင်ပါတယ်။ ချင်းဟာ သွေးလည်ပတ်မှုကို ကောင်းစေတယ်။ အအေးမိတာကိုလည်း ကာကွယ်ပေးတယ်။ ချင်းမှာပါဝင်တဲ့ ဗီတာမင်ဓာတ်တစ်မျိုးက နှလုံးသွေးကြောကျဉ်းစေတဲ့ သွေးခဲတွေကိုလည်း လျှော့ချပေးနိုင်တဲ့အတွက် နှလုံးရောဂါနဲ့ အူမကြီးကင်ဆာ ဖြစ်ပွားမှုများကိုပါ လျှော့ချပေးနိုင်ပါတယ်။ သွေးထဲမှာပါဝင်နေတဲ့ အချိုဓာတ်များကိုလည်း လျှော့ချပေးနိုင်တာကြောင့် ဆီးချိုသွေးချိုသမားတွေအတွက် သင့်တော်တယ်။
ကြက်သွန်နီရဲ့ ကျန်းမာရေးအကျိုးကျေးဇူး
ကြက်သွန်နီက ခံတွင်းနံ့ကိုနံစေတယ် ဆိုပေမယ့် ကြက်သွန်နီ အစိမ်းလိုက်စားပေးတာကြောင့် သွားတွေကို သန်စွမ်းစေပြီး သွားပိုးစားစေတဲ့ ဘက်တီးရီးယားတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ကြက်သွန်နီက နာမကျန်းဖြစ်မှုတွေကို သက်သာစေနိုင်တဲ့အပြင် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပြီး ကင်ဆာအကျိတ်ဖြစ်ပေါ်မှု မရှိအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ကြက်သွန်နီကိုစားရင် အသက်ရှူလမ်းကြောင်းရှိ အချွဲအမြှေးတွေကို ပျော်ဝင်စေတာကြောင့် နှာခေါင်းပိတ်တာနဲ့ နှာခေါင်းမြှေးရောင်ရမ်းနာတွေကို သက်သာစေနိုင်ပါတယ်။
ကြက်သွန်ဖြူရဲ့ ကျန်းမာရေးအကျိုးကျေးဇူး
ကြက်သွန်ဖြူက ကိုယ်ခံစွမ်းအား ကောင်းစေပြီး ခန္ဓာကိုယ်ကို အလွယ်တကူ ကူးစက်နိုင်တဲ့ရောဂါပိုးတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။
ကြက်သွန်ဖြူရဲ့ အစွမ်းက အအေးမိ အဖျားပျောက်ကင်းစေပြီးတော့ အစာချေဖျက်မှုကို မြန်ဆန်စေပြီး အစာစားချင်စိတ် ဖြစ်ပေါ်စေတယ်။ ကိုယ်ခံအားကို တိုးတက်စေပြီးတော့ ကင်ဆာရောဂါအများစုကိုလည်း ကာကွယ်ပေးနိုင်သေးတယ်။
နနွင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး
နနွင်းက ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်နှိမ်နင်းနိုင်ပြီး ဆီးချို၊ သွေးချိုရောဂါကို ထိန်းညှိပေးနိုင်တဲ့အပြင် အစာမကြေရောဂါကို ပျောက်ကင်းစေတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့  မီးယပ်ရောဂါကို ကာကွယ်ဖို့ရာမှာလည်း နနွင်းက ဆေးစွမ်းကောင်းတစ်လက်ပါပဲ။ သားအိမ်မသန့်တဲ့ရောဂါ၊ မျက်စိကိုက်၊ နှာစေး အဖျားရောဂါတွေအတွက်လည်း နနွင်းကို ဆေးအဖြစ် သုံးတာတွေ့ရပါတယ်။ အဲဒီအပြင် ချောင်းဆိုး ၊ ပန်းနာရင်ကျပ်နဲ့ ဝမ်းလျှောရောဂါတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။
ငရုတ်ကောင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး
တြိကဋုတ်ခေါ် အစပ်သုံးပါးတွင်ပါဝင်တဲ့ ငရုတ်ကောင်းဟာ အရသာမှာ ဥတုဂုဏ်သတ္တိရှိပေမဲ့ ဝမ်းထဲရောက်သွားတဲ့အခါ အေးတဲ့သီတဂုဏ်ရှိပြီး လေကိုငြိမ်သက်စေကာ ဝါစကဝမ်းမီးကို ကောင်းစေ၍ အစာကို ကြေစေပါတယ်။
တရုတ်နံနံရဲ့ ကျန်းမာရေးအကျိုးကျေးဇူး
တရုတ်နံနံဟာ ကိုယ်တွင်းရှိအဆိပ်များ ထုတ်ပယ်ခြင်း၊ အသားအရေလှပခြင်း၊ ကင်ဆာကာကွယ်ခြင်း၊ သွေးတိုးကျစေခြင်း၊ ပင်ပန်းမှုကို ပြေလျော့စေတဲ့အတွက် အိပ်ပျော်မှုကို အားပေးပါတယ်။
ပူစီနံနှင့် ပင်စိမ်းရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး
ပူစီနံနှင့် ပင်စိမ်းရွက်တွေဟာ နေ့တိုင်းစားသုံးသင့်တဲ့ အစာထဲမှာပါတဲ့ အရွက်တစ်မျိုးဖြစ်ပါတယ်။ ၎င်းရဲ့ မွှေးပျံ့တဲ့ရနံ့ကြောင့်  စားသောက်မှုကို နှုတ်မြိန်စေပါတယ်။ အဖျား အမျိုးမျိုး၊ အဆုတ်ရောဂါ အမျိုးမျိုးကို ပျောက်ကင်းစေတဲ့အပြင် ကျောက်ကပ်ကို အင်အားဖြစ်စေပြီး ဆီးကျောက်ကို ကျေစေပြီး ကျစေနိုင်ပါတယ်။ သွေးထဲရှိ မကောင်းတဲ့အဆီကို ကျစေပြီး နှလုံးကျန်းမာရေးကို အကျိုးပြုပါတယ်။ သွား၊ အရေပြား ကျန်းမာရေးကို ကောင်းစေပြီး ညမမြင်တဲ့ မျက်စိရောဂါတွေ ပျောက်ကင်းစေတဲ့အတွက် အကျိုးများလှပါတယ်။
ကြက်သွန်မြိတ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး
ကြက်သွန်မြိတ်မှာလည်း ကယ်လိုရီ နည်းပြီး အာဟာရပြည့်ဝတဲ့ အစာဖြစ်ပြီး ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများစွာ ပါဝင်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာ ဖြစ်မှုကိုတားဆီးပြီး ဆီးကျိတ်ကင်ဆာဖြစ်မှုကို လျော့ကျစေပါတယ်။
မင်းတုန်းမင်းဆန်ပြုတ်ဟာ ကျန်းမာရေးအတွက် အကျိုးရှိလှသလို ပြုပြင်ထားတဲ့ မင်းတုန်းမင်းဆန်ပြုတ်ဟာ ပို၍အကျိုးရှိမှာ ဖြစ်ပါတယ်။ ဆန်ပြုတ်ကို အသက်ငယ်သူတွေအနေနဲ့ နေထိုင်မကောင်းတဲ့အခါမှာ သောက်လေ့ရှိပေမယ့် အသက်အရွယ်ကြီး သူတွေအနေနဲ့ မနက်စောစောနှင့် ညနေပိုင်းမှာ သောက်သုံးသင့်ပြီး လူလတ်ပိုင်းတွေကတော့ မနက်စောစော သောက်သင့်ပါတယ်။
မြန်မာတို့ရဲ့ နံနက်စာကို ဓာတုလွှမ်းမိုးတဲ့ အစားအစာတွေ ကြီးစိုးလာတာ ကြာပါပြီ။ မိမိကိုယ်ခန္ဓာထဲကို ကောင်းတဲ့ပစ္စည်းတွေသာထည့်ဖို့ မိမိမှာ တာဝန်ရှိပါတယ်။ မကောင်းတဲ့ အစားအစာတွေကြောင့်လည်း  မကျန်းမာမှုတွေဖြစ်လာပြီး တိုင်းပြည်မှာ အင်အားတွေ ဆုံးရှုံးနေရတယ်လို့ ယူဆပါတယ်။
ဒါကြောင့် မင်းတုန်းမင်းဆန်ပြုတ်ကို နေ့စဉ်သောက်ပြီး ကျန်းမာရေး မြှင့်တင်ကာ  တိုင်းပြည်တည်ဆောက်ရေး ဝိုင်းဝန်းလုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

Most Read

Most Recent