သက်ဝင်လှုပ်ရှား ယောချောင်းထဲက ဘဝများ

သက်ဝင်လှုပ်ရှား ယောချောင်းထဲက ဘဝများ
Published 18 December 2016
သက်ထိန်ဝင်း (ပခုက္ကူ )

ကုန်ခဲ့သည့် မိုးတွင်းကာလတွေတုန်းက ယောချောင်းပြင်သည် တောင်ကျချောင်းရေ တို့နှင့်ပြည့်နှက်နေခဲ့ပြီး မိုးကာလ၏ အချို့သောရက်တွေမှာ တောင်ကျချောင်းရေတို့က တဝုန်းဝုန်း စီးဆင်းနေပါတယ်။ ယော တောင်တန်းနဲ့ ချင်းတောင်တန်းတို့မှာ တိမ်ညိုတိမ်မည်းတို့ အုံ့ဆိုင်းလေ ယောချောင်းမှာ တောင်ကျရေတို့ များလေပါပဲ။ အခုတော့ မိုးလေကင်းပြီး ဆောင်းဥတုကလည်း ပီပီပြင်ပြင် အသက်ဝင်လာတော့ ယောချောင်းထဲမှာ တောင်ကျရေတို့က ချောင်းရဲ့ အလယ်လောက်မှာ အနည်းငယ် စီးဆင်းနေပါတော့တယ်။ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းတို့တွင် ချောင်းရေ လုံးဝမရှိတော့။ယခုဒီဇင်ဘာလမှာ တောင်ကျရေတို့ နည်းပါးသွားတော့ ယောချောင်းသဲသောင်ပြင်ထဲ နွားလှည်းတွေ၊ မြေသြဇာပုံတွေ၊ သီးနှံပင် ပျိုးထောင်နေသူတွေနဲ့ ပြည့်လို့နှက်လို့။ မိုးကာလရဲ့ မြင်ကွင်းနဲ့ လုံးဝမတူတော့။ မညီမညာ ဖြစ်နေတဲ့ မြေပြင်တွေကို ညီညာသွားအောင် နွားရှဉ်းများနဲ့ ထယ်ရေးဝင်နေသူတွေကို တစ်မျှော်တစ်ခေါ် လှမ်းမြင်နေရတယ်။ ယခင်တိတ်ဆိတ်ခဲ့တဲ့ ယောချောင်းက အခုတော့ အသံစုံ။ လှည်းသံ နွားမောင်သံထွန်စက် မောင်းသံ တစ်ဦးနဲ့တစ်ဦး အော်သံစုံလို့။ချင်းတောင်တန်းနဲ့ နီးစပ်တော့ ယောချောင်းပြင်ရဲ့ အအေးဓာတ်က သိသာလှပါတယ်။ ဒီလိုရေနည်းချိန်မှာ အအေးဓာတ်ကို အန်တုပြီး စိုက်ရေးပျိုးရေးက ပြင်ရတယ်။ ယောချောင်းက ဒီလိုအချိန်ပဲ စိုက်လို့ ပျိုးလို့ရတယ်။ အာလူးတို့ ကြက်သွန်နီတို့ဆိုတာ ယောချောင်းက ထွက်တာ။ ယောချောင်းနံဘေးနားက ဒေသခံတွေရဲ့ အဓိက အသက်မွေးဝမ်း ကျောင်းလုပ်ငန်း။ မိုးလေကင်းသွားပြီဆိုပေမယ့် ယောချောင်းမြေကို ခြေချလိုက်တဲ့အခါ မြေသားတို့က အစိုဓာတ်ရှိနေဆဲ။ တချို့သဲ မြေတွေကတော့ ခြောက်သွေ့နေပါပြီ။မြေသြဇာအဖြစ်သုံးမယ့် နွားချေးကို တချို့ကလှည်းတွေပေါ်ကနေ ဂေါ်ပြားတွေ နဲ့ထိုးကော်ပြီး ချနေပါတယ်။ တချို့ကတော့ ကိုယ်ရတဲ့မြေကို မစိုက်ပျိုးတော့ဘဲ တခြားသူကို ပြန်ရောင်းနေတဲ့သူတွေ အရောင်းအဝယ်အတွက် ဈေးနှုန်းစကားပြောနေသူတွေကိုလည်း တွေ့ရပါတယ်။ ယောချောင်းမြေက မြေနုအမျိုးအစားဆိုတော့ တစ်နှစ်တစ်ခါ အနီးနားကျေးရွာတွေကို ခွဲဝေပေးပါတယ်။ ငွေကြေးတတ်နိုင်သူက ကိုယ်ရတဲ့မြေအပြင် သူများမြေပါဝယ်ပြီး လုပ်ငန်းချဲ့ပါတယ်။ စိုက်စရိတ်မတတ်နိုင်တဲ့သူက မြေကို ရောင်းပြီး လူက နေ့စားနဲ့ ပြန်လုပ်ကြပါတယ်။ ဒါက ဖြစ်ရိုးဖြစ်စဉ်ပါပဲ။မြေသြဇာချနေသည့် အချို့နေရာများတွင် မြေပိုင်ရှင်က သူငှားထားတဲ့ နေ့စား အလုပ်သမားတွေကို မြန်မြန်လေးလုပ်ဖို့နဲ့ နေမမြင့်ခင် အလုပ်ပြီးချင်ကြောင်း ပြောနေပါတယ်။ အချို့သောနေရာများတွင်မူ မြို့က ကြက်သွန်ဈေးအကြောင်း ပြောနေပြီး များများ စိုက်သင့်တယ်လို့ဆိုသူကဆို တော်သင့်ရုံပဲ စိုက်သင့်တယ်လို့ဆိုသူကဆို။ မနှစ်က ကြက်သွန်ဈေး မကောင်းလို့ အမြတ်နည်းတဲ့အကြောင်း၊ လွန်ခဲ့တဲ့ တစ်နှစ်ကလို တစ်ပိဿာ ကျပ်၃၀၀၀ မဖြစ်တဲ့အကြောင်း ပြောဆိုသံ ကြားရပါတယ်။ တောင်သူအားလုံး သူ့စိတ်ကူးနှင့်သူ။ လက်ရှိတော့ သူတို့ရထားတဲ့ မြေနေရာလေးမှာ မြေသြဇာချ၊ မြေညှိ၊ ချောင်းရေ မဝင်အောင် တာပေါင်တွေဖို့ ဖို့ လုပ်နေကြပါတယ်။ သီးနှံစိုက်ချိန်မှာ အချိန်ကိုက် စိုက်ပျိုးနိုင်ရေးက သူတို့အတွက် အဓိကပဲလို့ ဆိုပြီး အတော်ကို အချိန်မှီ စိုက်နိုင်အောင် လုပ်နေရတယ်လို့ တချို့က ဆိုကြပါတယ်။လက်ရှိအခြေအနေကို တောင်သူ ဦးထွန်းတင်က ကုန်းမြေမရှိတဲ့ ဒေသခံတွေအတွက် ယောချောင်းက မြေနုက မက်စရာပဲဗျ။ ဒီရေနည်း ချိန်လေးစိုက်ပျိုးပြီး ဘဝရပ်တည်ရတာ။ ခုလိုအချိန်ကတော့ ယောချောင်းတစ်ပြင်လုံး လှည်းတွေ ထွန်စက်တွေချည်းပဲ။ ခုချိန်ကတော့ ကျုပ်တို့မှာ မျှော်လင့်ချက်တွေ နဲ့ စိုက်ရတာပဲ။ နှစ်တိုင်း ဈေးမကောင်းဘူးဆို ပေမယ့် နှစ်တိုင်းလည်း ဈေးမကျပါဘူး။ ရတဲ့နှစ် ရသလို အလှူအတန်းလေး လုပ်။ မရတဲ့ နှစ် မရသလို နေရတာပေါ့ဗျာ။ အထွက်ကောင်းဖို့ကတော့ ခုကတည်းက ဆုတောင်းနေရတာပဲ ” ဟု ပြောပြသည်။မနှစ်က ကြက်သွန်နီဈေးကျထားလို့ လာမယ့်နှစ် ဈေးတက်နိုင်တယ်လို့ယူဆပြီး တချို့တောင်သူတွေက  သဲသောင်ခုံတွေ ချိုင့်တွေ ကျင်းတွေကို မြေညှိ မြေဖို့ပြီး စိုက်ဖို့ ပြင်နေကြပါတယ်။ အလုပ်သမားခ ပိုကုန်ပေမယ့် ဈေးတက်ရင် အမြတ်ဆိုပြီး လုပ်နေကြရတာလို့ ဦးထွန်းတင်က ရှင်းပြပါသေးတယ်။ စိုက် ပျိုးချိန်နောက်မကျအောင် သူသူငါငါ တွန်း ထိုးလုပ်နေတဲ့အချိန်ဆိုတော့ လုပ်အားခပို ပေးပြီး ခေါ်နေရတယ်လို့လည်း တောင်သူ တွေ ညည်းညူကြပါတယ်။ အလုပ်သမားရှား တာလည်း ပါတာပါ့လို့ ပြောပြကြပါတယ်။ကြက်သွန်စိုက်လုပ်ငန်းနဲ့ ပက်သတ်ပြီး တောင်သူတစ်ဦးကို မေးမြန်းကြည့်တော့ ကြက်သွန်နီကို အခုလို မိုးလေကင်းချိန်မှာ စိုက်ပျိုးနိုင်ဖို့ ပြီးခဲ့တဲ့ ၁၁ လပိုင်းလောက်က စပြီး ကုန်းမြေပေါ်မှာ ပျိုးထောင်တာတွေ လုပ်ရပါတယ်။ စိုက်ပျိုးပြီးရင်လည်း ပေါင်းသင်တာတို့ ရေသွင်းတာတို့ မြေသြဇာဖြန်းတာတို့လည်း လုပ်ရပါသေးတယ်။ ကုန်းပေါ်မှာ ၄၅ ရက် ပျိုးပြီးပြီဆိုမှ ချောင်းထဲကို ရွှေ့စိုက်ရတာပါ။ ချောင်းထဲရောက်ရင်လည်း မြေပြင်တာတို့ မြေသြဇာချတာတို့ အလုပ်သမားခတို့ ပေါင်းလိုက်ရင် ပုံမှန်အထွက်နှုန်း ပိဿာချိန် ၃၀ လောက်ရတဲ့ ၁၀ တောင်ပတ်လည် စိုက်ခင်းတစ်ခုကို ကျပ်တစ်သိန်းလောက် အရင်းကျတယ်လို့လည်း တောင်သူတွေက တွက်ချက်ပြလို့ ကြက်သွန်တစ်ပိဿာဈေးရင်းက တစ်ပိဿာ ၄၀၀ ကျပ်ဝန်းကျင်လောက် ရှိတယ်လို့လည်း သိရပါတယ်။ကြက်သွန်စိုက်တာဟာ လုပ်အားနဲ့ ကံစမ်းတဲ့သဘောဆိုတဲ့အကြောင်း “ကြက်သွန်ဈေးက ပုံမှန်မရှိဘူး ။ ဒီနှစ်ရောင်းရေးဝယ်တာ မကောင်းဘူး။ ဈေးက တစ်ပိဿာငါးရာကျော် မလာဘူး။ အဲဒီနားမှာပဲ လနဲ့ချီရောင်းရတာ။ ၂၀၁၅ ခုနှစ်တုန်းက တစ်ပိဿာ ၃၀၀၀ ကျပ်ဆိုတာ အသက်နဲ့ တစ်ကိုယ် မရဘူးတဲ့ဈေး။ ဈေးက တက်မှာလား ကျမှာလား မှန်းမရဘူး။ ကံစမ်းပြီးလုပ်ရတဲ့အလုပ်”  ဟု တောင်သူ ကိုတင်ဆန်းက ပြောပြသည်။အခုတော့ ချောင်းထဲမှာ ကြက်သွန်တွေ စိုက်နေကြပါပြီ။ စိုက်ပျိုးပြီးတဲ့ ကြက်သွန်တို့ အာလူးတို့ စိုက်ခင်းတွေ အထွက်ကောင်းမှ တောင်သူအတွက် အဆင်ပြေမှာမို့ ဥချချိန်မှာ ရာသီဥတု မဖောက်ပြန်ဖို့ ဆုတောင်းရတာ အမောလို့လည်း တောင်သူတွေက ဆိုပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ်က နှုတ်သိမ်းခါနီး မိုးရွာပြီး တောင်ကျရေကျလို့ စိုက်ခင်းတွေ ရေမြုပ်ကုန်ပါတယ်။ တောင်ကျရေနဲ့ပါလာတဲ့ နှုန်းမြေတွေက စိုက်ခင်းတွေပေါ် ဖုံးကုန်လို့ ကြက်သွန်တွေကို မနည်းဖော်ယူရတယ်။ ကြက်သွန်ဥတွေ အရောင်တွေပျက်။ အထွက်တွေ လျော့ကုန်ပါတယ်လို့လည်း တောင်သူတွေက ပြောပြပါတယ်။ချောင်းထဲမှာ ကြက်သွန်စိုက်ပျိုးရေးလုပ်ငန်းက မိုးဦးမလာခင် သိမ်းရပြီး မိုးကာလ ရောက်ရင်တော့ ဒေသခံတွေအတွက် ချောင်းထဲမှ ဘာလုပ်ငန်းမှ မရှိတော့ပါဘူး။ အဲဒီလို အချိန်တွေမှာ ကုန်းယာမြေရှိသူတွေက မိုးဦး သီးနှံ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။ ကုန်းယာမြေမရှိသူတွေကတော့ ယာလုပ်ငန်းတွေဆီ နေ့စားလိုက်လုပ်ကြရင်း ဝမ်းရေးကို ဖြေရှင်းကြပါတယ်။ လူငယ်တွေက နယ်စပ်ဒေသတွေထွက်ပြီး ကျပန်းလုပ်ကြဆိုတော့ ခုလို မိုးလေကင်းချိန် စိုက်ပျိုးရေးလုပ်ငန်းအတွက် ပြန်လာမှ လူငယ်တွေကို မြင်ရပါတယ်။အရွယ်စုံ လှုပ်ရှားရုန်းကန်နေတဲ့ ယောချောင်းဆီကနေ ပြန်လည်ထွက်ခွာခဲ့ပါတယ်။ မကြာသေးတဲ့နှစ်များကမှ တည်ဆောက်ပြီး စီးခဲ့တဲ့ ယောချောင်းတံတားပေါ်ကနေ ယောချောင်းပြင်ထဲ လှမ်းကြည့်လိုက်တော့ လှည်းတွေ ထွန်စက်တွေ ရုန်းကန်လှုပ်ရှားသူတွေက တစ်မျှော်တစ်ခေါ်ကြီးပါ။ ခုတော့ မြင်ကွင်းက မစိမ်းစိုသေးပါဘူး။ နောက်လ အနည်းငယ်ဆို ယောချောင်းက စိမ်းစိုနေတဲ့ စိုက်ခင်းတွေ ခပ်ပါးပါးပဲ ကျန်တဲ့ ယောချောင်းရေတို့နဲ့ လှပနေမှာ သေချာပါတယ်။ ယောချောင်းအနီးနားက တောင်သူတွေ ဘဝလှပဖို့ကတော့.....။

Most Read

Most Recent