ကုန်သွယ်မှု၊ ဆင်းရဲမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်စေမှု (၁၀)

ကုန်သွယ်မှု၊ ဆင်းရဲမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်စေမှု (၁၀)
လားရှိုးမြို့ မြို့ရှောင်လမ်းတွင် ကားလမ်းပိတ်ဆို့နေသောကြောင့်  ကုန်တင်ယာဉ်များ စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ-ထွန်းနေလှိုင်)
လားရှိုးမြို့ မြို့ရှောင်လမ်းတွင် ကားလမ်းပိတ်ဆို့နေသောကြောင့် ကုန်တင်ယာဉ်များ စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 18 December 2016
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

စာရေးသူအနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ အတိတ်က လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေ လူမှန်နေရာမှန် မဖြစ်တဲ့အတွက် ဖြစ်ပေါ်လာစေခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတွေကို အချိန်မီ ပြုပြင်နိုင်ကြပြီး မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ လုပ်ဆောင်စေလိုတာကြောင့် ဆောင်းပါးစဉ်တွေ ရေးဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ကုန်သွယ်မှု စီးကြောင်းတွေမှန်ကန်ပါမှ နိုင်ငံရဲ့ စီးပွားရေးကို အထောက်အကူ ဖြစ်စေနိုင်မှာဖြစ်ပါတယ်။
ကုန်သွယ်မှုမှာ ကုန်ထုတ်လုပ်တင်ပို့ ရောင်းချတာနဲ့ သွင်းကုန်တွေကို အခြားနိုင်ငံတွေကနေ တင်သွင်းရာမှာ မိမိနိုင်ငံကနေ အခြားနိုင်ငံတွေကို ထုတ်ကုန်တွေများများ တင်ပို့နိုင်ရင် နိုင်ငံခြားငွေ များများရရှိမှာဖြစ်ပြီး အခြားနိုင်ငံတွေကနေ မိမိနိုင်ငံအတွင်း တင်သွင်းတဲ့ သွင်းကုန်တွေအတွက်ကတော့ မိမိနိုင်ငံမှာရှိနေတဲ့ နိုင်ငံခြားငွေတွေကနေ အခြားနိုင်ငံကို ထွက်သွားမှာ ဖြစ်ပါတယ်။
စာရေးသူတို့ နိုင်ငံအခြေအနေကို လေ့လာသုံးသပ်ကြည်ရင် မိမိနိုင်ငံကနေ အခြားနိုင်ငံကို တင်ပို့နိုင်တဲ့ ထုတ်ကုန်တွေကို ကုန်ချောအနေနဲ့ မထုတ်လုပ်နိုင်ဘဲ သစ်လုံးတွေ အပါအဝင် ကုန်ကြမ်းအနေနဲ့သာ တင်ပို့နိုင် ကြတာကြောင့် ရရှိသင့်သလောက် ဝင်ငွေတွေမရရှိခဲ့ဘဲ အခြားနိုင်ငံတွေကနေ သွင်းကုန်ပမာဏတွေ များလာတဲ့အတွက် ကုန်သွယ်မှုမှာ Trade Deficit လို့ခေါ်တဲ့ ကုန်သွယ်မှုတွေကနေ လိုငွေများစွာဖြစ်ပေါ်လာ စေတာဖြစ်ပါတယ်။ ကုန်သွယ်မှုမှာ လိုငွေပြမှုများလေ နိုင်ငံစီးပွားရေးက နာလန်မထူနိုင်အောင် ဖြစ်လာစေမှာ ဖြစ်တယ်။
စာရေးသူတို့နိုင်ငံက ၁၉၉၇ ခုနှစ်မှာ အရှေ့တောင်အာရှ နိူင်ငံများအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး အဲဒီနှစ်မှာပဲ ၂၀၁၅ ခုနှစ်ရောက်ရင် (ASEAN Free Trade Area – AFTA) လို့ခေါ်တဲ့ အာဆီယံနိုင်ငံ တွေအတွင်း လွတ်လပ်တဲ့ ကုန်သွယ်မှုကို စတင်လုပ်ဆောင်နိုင်ဖို့ ရည်မှန်းချက်ချမှတ်ခဲ့ပါတယ်။
သို့ပေမဲ့ အခုအခါ အဲဒီ AFTA ကို (ASEAN Economic Community AEC) အဖြစ် အမည်ပြောင်းလဲလိုက်ပြီး စတင်လုပ်ဆောင်တဲ့ ကာလကိုလည်း ရွှေ့ဆိုင်းလိုက်ကြတယ်။ AEC ကို ၂၀၂၀ လောက်မှ စတင်နိုင်မယ့် အခြေအနေရှိပါတယ်။
စာရေးသူက ၂၀၁၅ AFTA ကို မျှော်မှန်းပြီး စက်မှုဇုန်တွေမှာ အရည်အသွေးစံ ချိန်စံညွှန်းပြည့်မီတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နိုင်စေဖို့ အရည်အသွေး စီမံခန့်ခွဲမှုနဲ့ အရည်အသွေး စံချိန်စံညွှန်း သဘောတရားတွေကို ဟောပြောပို့ချပေးခဲ့ပေမယ့် အဲဒီအချိန်က အုပ်ချုပ်သူတွေက အလေးထားလုပ်ဆောင် မှုမရှိခဲ့ပါ။
တစ်ဆက်တည်း မြန်မာနိုင်ငံမှာ ရှေးဘုရင်တွေ လက်ထက်က ကျင့်သုံးလုပ်ဆောင်ခဲ့တဲ့ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (One Village One Product – OVOP) ကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်ဖို့ ဆောင်းပါးတွေ ရေးခဲ့ပါတယ်။
စာရေးသူ တင်ပြတဲ့ လုပ်ငန်းက အစိုးရအနေနဲ့ ဦးဆောင်လုပ်ရမယ့် လုပ်ငန်းဖြစ်ပြီး  စနစ်တကျ လုပ်ဆောင်မယ်ဆိုရင် နိုင်ငံအတွင်း ထုတ်ကုန်တွေများစွာကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ထုတ်ကုန်တွေများစွာ ပေါ်ထွက်လာစေမှာဖြစ်သလို အဲဒီထုတ် ကုန်တွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီ ထုတ်လုပ်လာနိုင်ချိန်မှာ ပြိုင်ဆိုင်အကျိုး ဖြစ်ထွန်းစေမှု (Competitive Advantage) တွေ  ကောင်းလာပြီး နိုင်ငံအတွက် ဝင်ငွေတွေ များစွာ ရရှိလာနိုင်စေမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုက ဈေးကွက်မှာ အရောင်းတွေက အကြိမ်များစွာ ရောင်းချနိုင်မှု (High Frequancy Trading) ဖြစ်ဖို့ အရေးကြီးပါတယ်။ ရောင်းတော့ရောင်းတယ်၊ သို့ပေမဲ့ ဝယ်သူတွေရဲ့ ဝယ်ယူမှုက အကြိမ်နည်းပါးရင် ကုန်သွယ်မှုကနေ ငွေရရှိမှု နည်းပါးစေမှာ ဖြစ်ပါတယ်။
ကုန်သွယ်မှုလုပ်ငန်းတွေမှာ (Niche Market) လို့ ခေါ်တဲ့ မည်သူမှ မစဉ်းစားမိသေးတဲ့ ထုတ်ကုန်ဒါမှမဟုတ် ဝန်ဆောင်မှု ဈေးကွက်ကို ဦးစွာအခြေချနိုင်မှုပြီးရင် Fringe Benefit လို့ခေါ်တဲ့ နှာတစ်ဖျားအသာနဲ့ မိမိ ပြိုင်ဘက်တွေထက် သာလွန်ကောင်းမွန်တဲ့ ထုတ်ကုန်နဲ့ ဈေးကွက်မှာ ကုန်သွယ်မှု နည်းဗျူဟာတွေကို စနစ်တကျ အသုံးပြုနိုင်မှုတွေက အောင်မြင်တဲ့ ကုန်သွယ်မှုကို ရုပ်လုံးဖော် ဆောင်နိုင်စေမှာဖြစ်တယ်။
နောက်ထပ်ပြီး ကုန်သွယ်မှုမှာ အရေးကြီးတဲ့ အချက်တစ်ခုက ဈေးကွက်ဖော်ဆောင်မှု  သုတေသန လုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်နိုင်ဖို့ဖြစ်တယ်။ စာရေးသူတို့ နိုင်ငံရဲ့ လုပ်ငန်းနေရာတိုင်းမှာ (Research & Development-R & D) လို့ ခေါ်တဲ့ သုတေသနနဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းတွေမှာ အားနည်းနေသေးတာ တွေ့ရတယ်။
ခေတ်စနစ်တွေ ပြောင်းလဲတိုးတက်လာတာနဲ့အညီ လိုအပ်ချက်တစ်ခုက Electronic Marketing လို့ခေါ်တဲ့ အွန်လိုင်းကနေ မိမိထုတ်ကုန်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဝယ်ယူအသုံးပြုကြမယ့် ဖောက်သည်တွေ ရှာဖွေတတ်ဖို့ ဖြစ်တယ်။
တယ်လီဖုန်းတွေ အီးမေးလ်တွေ ဖက်စ်တွေနဲ့ မိမိတို့ဈေးကွက်တင်တဲ့ ပစ္စည်းတွေကို ပစ်မှတ်ထားဈေးကွက်ရှာဖွေ တတ်ဖို့လည်း လိုအပ်တယ်။
ဒီနေရာမှာ ပစ် မှတ်ဈေးကွက် (Target Market) သဘောတရားနဲ့ ဈေးကွက်ဆစ်ပိုင်းတတ်မှု (Market Segmentation သဘောတရားတွေကို ရေးပြလိုပါတယ်။ ပစ်မှတ်ဈေးကွက်ဆိုတာကတော့ မိမိဈေးကွက်တင် ရောင်းချမယ့် ပစ္စည်းတွေကို အမှန်တကယ် ဝယ်ယူကြမယ့် ဖောက်သည်တွေကို ရှာဖွေတတ်ဖို့ ဖြစ်တယ်။
ဒါမှ အချိန်ကုန်သက်သာပြီး အရောင်းတွင်ကျယ်စေမှာ ဖြစ်တယ်။ ဒါကို နားမလည်ရင် အချိန်ကုန် လူပမ်းဖြစ်နိုင်တယ်။ နောက်တစ်ခုက ဈေးကွက်ဆစ်ပိုင်းတတ်မှု (Market Segmentation) ဖြစ်တယ်။ နေရာဒေသအလိုက် ဝယ်ယူနိုင်မယ့်ပစ္စည်းတွေနဲ့ ဝယ်ယူနိုင်မယ့် အခြေအနေကို လေ့လာသုံးသပ်တတ်ဖို့ ဖြစ်တယ်။
ဆင်းရဲတဲ့သူတွေကို ချမ်းသာတဲ့သူတွေ အသုံးပြုတဲ့ ပစ္စည်းတွေ သွားရောင်းလို့ မရသလို ချမ်းသာတဲ့သူတွေကို အရည်အသွေးနိမ့်ပြီး ဈေးပေါတဲ့ပစ္စည်းကို သွားရောင်းလို့ မရနိုင်ပါ။ လူ့အလွှာကိုကြည့်ပြီး ရောင်းတတ်ဖို့ကလည်း ကုန်သွယ်မှုမှာ အရေးကြီးတယ်။
ကုန်သွယ်မှုလုပ်ငန်းမှာ သိဖွယ်ရာတွေ မှတ်သားဖွယ်ရာတွေများပါတယ်။ ဘယ်အချိန်မှာ ဘယ်လိုဖောက်သည်တွေကို ဘာပစ္စည်းတွေ ရောင်းရမှာလဲဆိုတာလည်း သိဖို့လိုအပ်တယ်။ သဘောကတော့ နွေရာသီမှာ အနွေးထည်သွားရောင်းရင် ဘယ်သူမှ ဝယ်မှာမဟုတ်ပါ။ ပစ်မှတ်လွဲချော်သွားမှာ ဖြစ်တယ်။
ကုန်သွယ်မှုမှာ အရေးကြီးတဲ့ ဘ (၆) လုံး အင်္ဂလိပ်လို့ W (၆) လုံး နည်းဗျူဟာကိုလည်း သိဖို့လိုအပ်တယ်။
(၁) ဘာထုတ်ကုန်/ ဝန်ဆောင်မှုလုပ်ငန်း ထုတ်လုပ်မှာလဲ (What)
(၂) ဘယ်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှာလဲ (Who)
(၃) ဘယ်နေရာမှာလုပ်မှာလဲ (Where)
(၄) ဘယ်အချိန်မှာလုပ်မှာလဲ (When)
(၅) ငွေကြေးဘယ်လောက်ရင်းနှီးမြှုပ်နှံမှာလဲ (How)
(၆) ဘယ်လိုပုံစံနဲ့လုပ်မှာလဲ (How)
ဆိုတာတွေဖြစ်ပါတယ်။
ကုန်သွယ်မှုလုပ်ငန်းမှာ ပြိုင်ဘက်တွေ များလွန်းနေတဲ့ ဈေးကွက်ဆိုရင် မိမိအတွက် ဈေးကွက်ဝေစုရရှိနိုင်မှု အားနည်းစေနိုင်တဲ့အတွက် ပြိုင်ဆိုင်မှုနည်းပြီး ဈေးကွက်ဝေစု အားကောင်းနိုင်မယ့် ထုတ်ကုန်/ ဝန်ဆောင်မှုကို ရွေးချယ်တတ်ဖို့လိုအပ်တယ်။ ပြိုင်ဆိုင် အကျိုးဖြစ်ထွန်းမှု (Competitive Advantage) တွေဖြစ်စေနိုင်မယ့် နည်းဗျူဟာတွေ ချမှတ်လုပ်ဆောင်တတ်ဖို့ လိုအပ်တယ်။
ကုန်သွယ်မှုမှာ အရေးအကြီးဆုံးတစ်ခုက (Business Plan) လို့ခေါ်တဲ့ မိမိလိုမယ့် လုပ်ငန်း စီမံချက် စနစ်တကျ ရေးဆွဲအကောင်အထည် ဖော်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံအနေနဲ့ ရေတိုရေရှည် စီမံချက်တွေနဲ့ မိမိနိုင်ငံတိုးတက်အောင် လုပ်ဆောင်တတ်ဖို့ လိုအပ်သလို ကုန်သွယ်မှု စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတွေမှာ လုပ်ငန်းစီမံချက်က မဖြစ်မနေ လိုအပ်ချက်ဖြစ်တယ်။ ဒါမှ မိမိလုပ်ငန်းရဲ့ အနာဂတ်အခြေအနေကို ကြိုတင်မှန်းဆနိုင် စေမှာဖြစ်တယ်။
အဲဒီလုပ်ငန်း စီမံချက်ကိုလည်း အချိန်ပိုင်းအလိုက် ပြန်လည်သုံးသပ်မှုတွေ အမြဲလုပ်ဆောင်နေရမှာ ဖြစ်တယ်။ Business Plan ရေးဆွဲလုပ်ဆောင်မှုက မိမိရဲ့လုပ်ငန်း ရင်းနှီးမြှုပ်နှံထားတဲ့ ငွေးကြေးက ဘယ်အချိန်မှာ ပြန်လည်ရရှိနိုင်မလဲ။ ဘယ်အချိန်ကစပြီး အမြတ်ရရှိလာနိုင်မလဲဆိုတာတွေကို ကြိုတင်မှန်းဆနိုင်ဖို့ အရင်းကျေမှတ် ဆန်းစစ်ချက် (Break Even Analysis) တွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတွေရဲ့ ကုန်သွယ်မှုလုပ်ငန်းရဲ့ အဆုံးစွန်မျှော်မှန်းချက်က အမြတ် (Profits) များများ ရရှိရေးဖြစ်ပြီး အမြတ်များများရရှိပါမှ ကုန်သွယ်မှုလုပ်ငန်းကလည်း ရေရှည်တည်တံ့နိုင်မှာ ဖြစ်ပါတယ်။
စနစ်ကျပြီး မှန်ကန်တဲ့ ကုန်သွယ်မှုလုပ်ငန်းတွေနဲ့ နိုင်ငံရဲ့ ဝင်ငွေတိုးတက်ပြီး မိမိနိုင်ငံသားတွေရဲ့ ဘဝအရည်အသွေး Quality of Life မြင့်မားလာစေနိုင်မှာ ဖြစ်တယ်လို့ ဆိုချင်ကြောင်းပါ။

Most Read

Most Recent