ပူတင်၏ရန်ဘက် နာဗာညီက ၂၀၁၈ ခုနှစ် သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မည်ဟု ကြေညာ

ပူတင်၏ရန်ဘက် နာဗာညီက ၂၀၁၈ ခုနှစ် သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မည်ဟု ကြေညာ
Published 14 December 2016
Ref:AFP

ရုရှားအစိုးရအား ပြင်းပြင်းထန်ထန် ဝေဖန်သူ အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗာညီသည် ကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်ခွင့်ရှိကြောင်း ဥရောပတရားရုံးက ခွင့်ပြုခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည်ဟု ၎င်းက ဒီဇင်ဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။
ယင်းရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည်ဟု သမ္မတ ဗလာဒီမာပူတင်က အတည်မပြုသေးသော်လည်း ၂၀၁၈ ခုနှစ်မတ်တွင် ပူတင်က လေးကြိမ်မြောက် သက်တမ်းအတွက် ယှဉ်ပြိုင်နိုင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရသည်။ ၎င်းသာ ထပ်မံအနိုင်ရခဲ့ပါက ပူတင်သည် အသက် ၇၂ နှစ်ပြည့်မည့် ၂၀၂၄ ခုနှစ်အထိ သမ္မတအဖြစ် ထမ်းဆောင်နိုင်မည်ဖြစ်သည်။
မျှတမှုမရှိသော ဥစ္စာဓနခွဲဝေမှု၊ ညီမျှမှုမရှိသော တရားစီရင်မှု၊ စစ်ရေးပဋိပက္ခများတွင် ပါဝင်ခြင်းကြောင့် ကုန်ကျစရိတ် မြင့်မားနေမှုအပါအဝင် အထူးသဖြင့် ရုရှားတွင် အလွန်အမင်း ပျံ့နှံ့နေသော အကျင့်ပျက်ခြစားမှုစသည့် ပြဿနာများအား ဖြေရှင်းပေးသွားမည်ဟု အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလှုံ့ဆော်သူ အသက် ၄၀ ရှိ နာဗာညီက ကတိပြုခဲ့သည်။ အစိုးရတာဝန်ရှိသူများသည် ကြီးမားသော ဇိမ်ခံအိမ်ကြီးများတွင် နေထိုင်နေပြီး ကိုယ်ပိုင် ဂျက်လေယာဉ်များတွင် အိမ်မွေး တိရစ္ဆာန်များအား တင်ဆောင်သွားလာနေကြောင်း အပါအဝင် စိတ်ဆိုးဒေါသထွက်စရာ ဖွင့်ချမှုများအား ထုတ်ပြန်နေသော ခြစားမှုတိုက်ဖျက်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ဖွင့်ချသည့်အဖွဲ့အား ရှေ့နေတစ်ဦးလည်းဖြစ်သူ နာဗာညီက ဦးဆောင်နေသည်။
ရုရှား၏ ရေနံနှင့်ဓာတ်ငွေ့များမှ ရရှိသောဝင်ငွေများအား ဆေးရုံများ၊ ကျောင်းများနှင့် လမ်းများအပါအဝင် အခြေခံအဆောက်အအုံများ ခေတ်မီအောင် လုပ်ဆောင်ရာတွင် အသုံးပြုသင့်ပြီး တာဝန်ရှိသူများအတွက် ဇိမ်ခံနန်းတော်များ တည်ဆောက်ရန်အတွက် မသုံးသင့်ကြောင်း နာဗာညီက ရွေးကောက်ပွဲ မဲဆွယ်ဗီဒီယို၌ ပြောကြားခဲ့သည်။
နာဗာညီသည် လိမ်လည်မှုစွဲချက်များဖြင့် ၂၀၁၃ ခုနှစ်တွင် ဆိုင်းငံ့ထောင်ဒဏ် ငါးနှစ် ချမှတ်ခံခဲ့ရခြင်းကြောင့် ရုရှားဥပဒေအရ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရသည်။ သို့သော် ၎င်းသည် တရားမျှတသော ရုံးတင်စစ်ဆေးမှု မရရှိခြင်းကြောင့် ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့်ရှိကြောင်း ဥရောပလူ့အခွင့်အရေး တရားရုံးက စီရင်ချက်ချမှတ်ခဲ့ပြီးနောက် ပြီးခဲ့သောနိုဝင်ဘာတွင် ရုရှားတရားရုံးချုပ်က ယခင်စီရင်ချက်အား ပယ်ဖျက်ခဲ့သည်။ သို့သော် ယင်းအမှုတစ်ခုလုံးအား မရုပ်သိမ်းခဲ့ဘဲ နာဗာညီအား ရုံးတင်စစ်ဆေးမှု ပြန်လည်ပြုလုပ်ရန် တရားရုံးချုပ်က ညွှန်ကြားခဲ့ပြီး ၎င်းသည် ရွေးကောက်ပွဲ ယှဉ်ပြိုင်နိုင်ရန် အခွင့်အရေး နည်းပါးနေကြောင်း အတိုက်အခံများ၏ ရှေ့နေဒီမီထရီအက်ရန်နိုစကီးက RIA Novosti သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။
သဘောထား စစ်တမ်းကောက်ယူသော လီဗာဒါအေဂျင်စီက ပြီးခဲ့သောနိုဝင်ဘာတွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်း၌ ပူတင်သည် လူထုထောက်ခံမှု ၈၆ ရာခိုင်နှုန်းအထိ ရရှိထားဟု သိရသည်။      

Most Read

Most Recent