၁၃၇၇ ကျပ်အထိ စံချိန်တင် ဈေးဖြစ်လာတဲ့ နိုင်ငံခြားငွေလဲနှုန်းနဲ့ မြန်မာကျပ်ငွေတန်ဖိုး ရှစ်လကျော်အတွင်း ရာခိုင်နှုန်း၂၀ ခန့်ကျလာတဲ့အခါ . . .

၁၃၇၇ ကျပ်အထိ စံချိန်တင် ဈေးဖြစ်လာတဲ့ နိုင်ငံခြားငွေလဲနှုန်းနဲ့ မြန်မာကျပ်ငွေတန်ဖိုး ရှစ်လကျော်အတွင်း ရာခိုင်နှုန်း၂၀ ခန့်ကျလာတဲ့အခါ . . .
Published 11 December 2016
စည်သူအောင်

ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၀ ရက်မှာ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၇၆ ကျပ်အထိ ဖြစ်ပေါ်ခဲ့ပြီး ၂၀၀၇ ခုနှစ် အောက်တိုဘာ ၉ ရက်မှာဖြစ်ခဲ့တဲ့ ကျပ် ၁၃၇၀ စံချိန်ကို ကျော်ဖြတ်ခဲ့ပါတယ်။ သမိုင်းတစ်လျှောက် စံချိန်တင်ဈေးနှုန်း မြင့်တက်မှုနဲ့အတူ နိုင်ငံ့စီးပွားရေးအတွက် အဓိကကျတဲ့ ကျပ်ငွေတန်ဖိုးကလည်း စံချိန်တင် ကျဆင်းခဲ့တာပဲ ဖြစ်ပါတယ်။ နိုင်ငံ့ငွေ တန်ဖိုးကျဆင်းမှုက နိုင်ငံတစ်ဝန်း စီးပွားရေးအခြေအနေ အရပ်ရပ်အပေါ် သက်ရောက်မှုများ ဖြစ်ပေါ်စေမှာဖြစ်ပြီး လက်ရှိအစိုးရအတွက် အကြီးမားဆုံးနဲ့ အမြန်ဆုံး ဖြေရှင်းရမယ့် ကိစ္စတစ်ရပ်ပါ။ ဒီအရေးကိစ္စဟာ NLD အစိုးရလက်ထက်မှာ အသေအချာ ဆန်းစစ်ရမယ့် စီးပွားရေး ပြဿနာ ကြီးတစ်ခုလည်း ဖြစ်ပါတယ်။
အခုနိုင်ငံခြားငွေလဲနှုန်း မြင့်တက်ရတဲ့ အဓိကအကြောင်းရင်း တစ်ခုက ကမ္ဘာ့ဈေးကွက်မှာ ဒေါ်လာဈေး မာလာလို့ ဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်မှာပြုလုပ်တဲ့ အမေရိကန် ရွေးကောက်ပွဲ ပြုလုပ်ချိန်မှာ ဒေါ်လာဈေးညွှန်းကိန်း ၉၅ ပွိုင့်ဝန်းကျင်ပဲရှိခဲ့ပြီး နိုဝင်ဘာ ၉ ရက် ညနေပိုင်းကစပြီး တရိပ်ရိပ် မြင့်တက်လာကာ နိုဝင်ဘာ ၁၈ ရက်မှာ ၁၀၁ ဒသမ ၄၁ ပွိုင့်၊ နိုဝင်ဘာ ၂၄ ရက်မှ ၁၀၂ ဒသမ ၀၂ ပွိုင့်အထိ ရောက်ခဲ့ပါတယ်။ ဒီနှုန်းဟာ ၁၄ နှစ်ကာလအတွင်း အမြင့်ဆုံးနှုန်းထား ဖြစ်လာပြီး တခြားငွေကြေးတွေထက် ဒေါ်လာငွေတန်ဖိုး သိသိသာသာ မြင့်တက်ခဲ့တာပါ။ အခုအချိန်အထိ အတက်အကျတွေ ဖြစ်နေပေမယ့် ဒီဇင်ဘာ ၁၀ ရက်အထိ ၁၀၁ ဒသမ ၆၀ ပွိုင့်မှာ ရှိနေပါတယ်။
ဒေါ်လာဈေး မြင့်တက်ခဲ့တာကြောင့် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံ အများစုရဲ့ ငွေကြေးတန်ဖိုးတွေ ကျဆင်းခဲ့ပြီး နဂိုကတည်းက စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းနေတဲ့ မြန်မာနိုင်ငံရဲ့ ကျပ်ငွေတန်ဖိုးကတော့ တခြားအာရှနိုင်ငံတွေရဲ့ ငွေကြေးတွေနဲ့ယှဉ်ရင် တန်ဖိုးအလျော့ကျဆုံး ငွေကြေးတစ်ခု ဖြစ်လာပါတယ်။ အမေရိကန် ရွေးကောက်ပွဲရလဒ် ထွက်ပေါ်ခဲ့တဲ့ နိုဝင်ဘာ ၉ ရက်မှာ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၈၇ ကျပ်ရှိခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်မှာ ၁၃၇၇ ကျပ်ဖြစ်ပေါ်ခဲ့တာကြောင့် တစ်လဝန်းကျင်အတွင်း တစ်ဒေါ်လာ ကျပ် ၉၀ မြင့်တက်ခဲ့ကာ ရာခိုင်နှုန်း အနေနဲ့ ၆ ဒသမ ၉၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာပါ။
လက်ရှိအစိုးရလက်ထက် နိုင်ငံခြားငွေလဲနှုန်း အခြေအနေကို ပြန်ကြည့်ရင် ဧပြီကနေ သြဂုတ် လလယ်အထိ နိုင်ငံခြားငွေလဲနှုန်း အတက်အကျ နည်းပေမယ့် သြဂုတ် လကုန်ပိုင်းကစပြီး မြန်မာကျပ်ငွေတန်ဖိုး သိသိသာသာ စတင်ကျဆင်းလာခဲ့ကာ စက်တင်ဘာ၊ အောက်တိုဘာလတွေနဲ့ နိုဝင်ဘာလဆန်းအထိ အတက်အကျတွေမှာ အတက်ဘက်ကို ဆက်တိုက်ဦးတည်လာတာ ဖြစ်ပါတယ်။ အမေရိကန် ရွေးကောက်ပွဲရလဒ် ထွက်ပေါ်ချိန် နိုဝင်ဘာ ၉ ရက်ညနေပိုင်းမှာ တစ်ဒေါ်လာ ၁၂၈၈ ကျပ်ရှိရာကနေ နိုဝင်ဘာ ၁၀ ရက်မှာ ၁၂၉၃ ကျပ်၊ နိုဝင်ဘာ ၁၁ ရက်မှာ ၁၂၉၉ ကျပ်၊ နိုဝင်ဘာ ၁၂ ရက်မှာတော့ ၁၃၀၂ ကျပ်၊ နိုဝင်ဘာ ၁၆ မှာ ကျပ် ၁၃၁၀၊ နိုဝင်ဘာ ၁၉ ရက်မှာ ၁၃၂၃ ကျပ်၊ နိုဝင်ဘာ ၂၆ ရက်မှာ ၁၃၄၆ ကျပ်၊ နိုဝင်ဘာ ၃၀ မှာ ၁၃၆၂ ကျပ်၊ ဒီဇင်ဘာ ၇ ရက်မှာ ၁၃၇၇ ကျပ်အထိ ဆက်တိုက်မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအစိုးရ ရွေးကောက်ပွဲနိုင်ပြီးချိန်၊ အစိုးရအဖွဲ့မတက်ရောက်ခင်နဲ့ တက်ရောက်ပြီးကာလ အစပိုင်းတွေမှာ ကျဆင်းခဲ့တဲ့ နိုင်ငံခြားငွေလဲနှုန်းဟာ အစိုးရအဖွဲ့ တက်ရောက်ပြီး လေးလကျော်မှာ ပြန်လည်မြင့်တက်ခဲ့ပါတယ်။ NLD အစိုးရရဲ့ ပျားရည်ဆမ်းကာလ ကျော်လွန်ချိန်ကတည်းက တရိပ်ရိပ်မြင့်တက်ခဲ့တဲ့ နိုင်ငံခြားငွေလဲနှုန်းဟာ ဒီဇင်ဘာ ၁၀ ရက်မှာ စံချိန်တင် အမြင့်ဆုံးဈေးနှုန်း အနေနဲ့ ၁၃၇၇ ကျပ်အထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။
အစိုးရသစ် စတင်တက်ရောက်တဲ့ ဧပြီ ၁ ရက်မှာ နိုင်ငံခြားငွေလဲနှုန်း ၁၁၉၃ ကျပ်ဈေး ဖြစ်ပေါ်ခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်မှာဖြစ်ခဲ့တဲ့ ၁၃၇၇ ကျပ်နှင့် နှိုင်းယှဉ်မယ်ဆိုရင် ၁၈၄ ကျပ် မြင့်တက်ခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၁၅ ဒသမ ၄၂ ရာခိုင်နှုန်း မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ဗဟိုဘဏ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်း အနေနဲ့ မတ် ၃၁ ရက်မှာ ၁၂၁၆ ကျပ်အဖြစ် သတ်မှတ်ထားပြီး ဒီဇင်ဘာ ၉ ရက်မှာ သတ်မှတ်ခဲ့တဲ့ ကျပ် ၁၃၂၀ နှုန်းနဲ့ယှဉ်ရင် ၁၀၄ ကျပ် မြင့်တက်ခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၈ ဒသမ ၅၅ ရာခိုင်နှုန်း မြှင့်တင်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအစိုးရ တက်ရောက်ပြီး ဧပြီလကုန်ပိုင်းအထိ နိုင်ငံခြားငွေလဲနှုန်း ဆက်လက်လျော့ကျခဲ့ပြီး လက်ရှိအစိုးရလက်ထက် အနည်းဆုံးနှုန်းထားဖြစ်တဲ့ ၁၁၅၃ ကျပ်နှုန်းကို ဧပြီ ၂၄ ရက်က ရောက်ရှိခဲ့ပါတယ်။ အစိုးရသစ်လက်ထက် အမြင့်ဆုံး နိုင်ငံခြားငွေလဲနှုန်း အနေနဲ့ ဒီဇင်ဘာ ၁၀ ရက်မှာ ၁၃၇၇ ကျပ်အထိ ဖြစ်ပေါ်ခဲ့တာကြောင့် ဈေးနှုန်း ကွာဟမှုအနေနဲ့ ၂၂၄ ကျပ်အထိရှိပြီး ၁၉ ဒသမ ၄၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာပါ။
လက်ရှိအစိုးရလက်ထက်မှာ အနိမ့်ဆုံးသတ်မှတ်ခဲ့တဲ့ ဗဟိုဘဏ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းက ၁၁၆၈ ကျပ်ဖြစ်ပြီး ဧပြီ ၂၅ ရက်မှာ သတ်မှတ်ခဲ့တာပါ။ အမြင့်ဆုံးရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကိုတော့ ဒီဇင်ဘာ ၈ ရက်မှာ ကျပ် ၁၃၂၀ အဖြစ် သတ်မှတ်ခဲ့ပြီး အနိမ့်ဆုံးနှုန်းထားနှင့် အမြင့်ဆုံးနှုန်းထားကို နှိုင်းယှဉ်ရင် ၁၅၂ ကျပ် မြင့်တက်လာပြီး ၁၃ ဒသမ ၀၁ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။ ဒါတွေကို ပြန်ကြည့်ရင် အစိုးရသစ်လက်ထက် အစပိုင်းမှာ အကောင်းမြင်စိတ်ကြောင့် နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်နေပေမယ့် နောက်ပိုင်း အထူးသဖြင့် သြဂုတ်လကုန်ပိုင်းက စတင်ကာ ဈေးနှုန်းအတက်အကျ ကြမ်းခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်မှာ ၁၃၇၇ ကျပ်အထိ ရောက်ရှိခဲ့တာပါ။
နိုင်ငံခြားငွေလဲနှုန်း အတက်အကျဟာ နိုင်ငံခြားငွေ ဝယ်လိုအားနဲ့ ရောင်းလိုအားကို သက်ရောက်စေနိုင်တဲ့ အကြောင်းရင်းတွေအပေါ်မှာ အခြေခံပြီး အဓိကကျတဲ့ အချက်တွေကတော့ နိုင်ငံတကာငွေကြေး ဈေးကွက်အခြေအနေ၊ နိုင်ငံ့ပို့ကုန် သွင်းကုန်ပမာဏ၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ ရသုံးမှန်းခြေ ငွေစာရင်းရှင်းတမ်း အခြေအနေ၊ စီးပွားရေးစနစ် အတွင်းရှိ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေရဲ့ ဈေးနှုန်းအခြေအနေတို့ဖြစ်ပြီး တစ်နည်းအားဖြင့် စီးပွားရေးစနစ် အတွင်းရှိ အတွင်း/အပြင် အခြေခံအချက်တွေကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က သုံးသပ်ထားပါတယ်။
အဲဒီနိုင်ငံခြားငွေလဲနှုန်းကို သက်ရောက်မှုရှိစေတဲ့ အချက်တွေကိုကြည့်ရင် နိုင်ငံတကာ ငွေကြေးဈေးကွက်မှာ ဒေါ်လာဈေး အားကောင်းနေပါတယ်။ နိုင်ငံ့ရဲ့ ပို့ကုန်သွင်းကုန် ပမာဏက နိုဝင်ဘာ ၂၅ ရက်အထိ ဒေါ်လာ ၁၆ ဒသမ ၇၂ ဘီလျံဖိုးရှိပြီး မနှစ်ကနဲ့ယှဉ်ရင် ဒေါ်လာ ၈၅၅ သန်းဖိုး လျော့ကျနေပါတယ်။ ကုန်သွယ်ရေးလိုငွေ အနေနဲ့ အရင်နှစ်ထက် သွင်းကုန်ပမာဏ လျော့ကျလာပေမယ့် ရှစ်လအတွင်း ဒေါ်လာ ၂ ဒသမ ၁၆ ဘီလျံကျော် ရှိနေဆဲ ဖြစ်ပါတယ်။ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကတော့ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှာ တိုးတက်မှုနှုန်း ၇ ဒသမ ၈ ရာခိုင်နှုန်းရှိမယ်လို့ မျှော်မှန်းထားပေမယ့် ၂၀၁၆ ခုနှစ်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ စီးပွားရေး ရပ်တန့်မှုနဲ့ ရေကြီးနစ်မြုပ်မှုတွေကြောင့် လျော့ကျလာနိုင်ပါတယ်။ စီးပွားရေးစနစ်အတွင်းရှိ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေရဲ့ ဈေးနှုန်း အခြေအနေကတော့ ငွေကြေးဖောင်းပွမှုနှုန်း ၁၂ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်နေပြီး ဒေါ်လာဈေးနှုန်းတွေ မြင့်မားနေတာကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေနဲ့ အထွေထွေ ကုန်ကျစရိတ် မြင့်တက်မှုတွေ ရှိနေပါတယ်။
လက်ရှိမြန်မာကျပ်ငွေ တန်ဖိုးဟာ ပိုမိုကျဆင်းကာ တစ်ဒေါ်လာ ကျပ် ၁၅၀၀ အထိ ဖြစ်မယ်ဆိုပြီး ကောလာဟလတွေနဲ့အတူ ဒေါ်လာလိုက်လံ ဝယ်ယူလာမှုတွေနဲ့ ဒေါ်လာဈေး ကစားနေမှုကို ဗဟိုဘဏ်က ဟန့်တားမယ်ဆိုရင် သင့်တော်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံဘဏ်များ အသင်းဥက္ကဋ္ဌ၊ သမဝါယမဘဏ်နဲ့ မြန်မာအသေးစား ငွေရေးကြေးရေးဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဒီဇင်ဘာ ၁ ရက်မှာ ပြုလုပ်တဲ့ ဒုတိယသမ္မတနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံတဲ့ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
“စံချိန်တင်မြင့်တက်လာခဲ့တဲ့ ဒေါ်လာငွေတန်ဖိုးကြောင့် မြန်မာကျပ်ငွေ စံချိန်တင် တန်ဖိုးကျဆင်းလာတဲ့ ဖြစ်စဉ်မှာ မြန်မာငွေပို ကျဆင်းမယ်ဆိုပြီး လိုက်ဝယ်တာကြောင့်လည်း ပါတယ်။ ဘာမှမဟုတ်တဲ့ လူကအစ ဒေါ်လာဈေး တက်တော့မယ်ဆိုပြီး လိုက်ဝယ်တာကြောင့် ဝယ်လိုအား မြင့်တက်တာကြောင့်လည်း ပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီး ငွေကြေး ဈေးကစားသူတွေက ဈေးကွက်ကို ကစားနေတာတွေလည်း ပါပါတယ်။ ဗဟိုဘဏ်ကထွက်ပြီး ဟန့်လိုက်ရင် သင့်တော်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်”လို့ ဦးခင်မောင်အေးက ဆိုပါတယ်။
မြန်မာနိုင်ငံရှိ စီးပွားရေးကဏ္ဍကို ထိန်းကျောင်းနေတဲ့ မူဝါဒတွေဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုမူဝါဒ၊ ကုန်သွယ်မှုမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ ကဏ္ဍတွေ ရှိနေတယ်လို့ ဦးခင်မောင်အေးက ပြောပါတယ်။ အဲဒီမူဝါဒတွေမှာ ကုန်သွယ်မှုကဏ္ဍမှာ သွင်းကုန်ပို့ကုန်ညီမျှဖို့ အထူးလိုအပ်နေပြီး မြန်မာနိုင်ငံမှာ ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်နေတဲ့ကိစ္စ၊ ပို့ကုန်များများ ပို့နိုင်ရေးအတွက် မြှင့်တင်ဖို့ကိစ္စ၊ ပို့ကုန်တွေအတွက် အခွန်ကင်းလွတ်ခွင့်ပေးဖို့ကိစ္စနဲ့ ပို့ကုန်မြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေး ကိစ္စတွေကို ဦးခင်မောင်အေးက တိုက်တွန်းပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုလိုက်ပေမယ့် ပစ္စည်းတွေပဲ ပါလာပြီး မြန်မာ့ဘဏ်တွေကို နိုင်ငံခြားငွေ မရောက်ဖြစ်နေတာကြောင့် ငွေကြေးလည်ပတ်မှု ရှိမရှိ စောင့်ကြည့်ဖို့ လိုအပ်နေတယ်လို့ ဦးခင်မောင်အေးက ပြောကြားထားပါတယ်။
လက်ရှိကာလမှာ နိုင်ငံခြားငွေလဲနှုန်းတွေ မြင့်တက်နေပြီး အဲဒီလိုဖြစ်ပေါ်ခဲ့တဲ့ အကြောင်းရင်းတွေမှာ Re-export ရငွေတွေ ပြည်တွင်းကို ပြန်မဝင်တာ၊ ပို့ကုန်ရငွေ တချို့ကို ပြည်ပမှာထားရှိတာ၊ နိုင်ငံခြားငွေတွေကို စာရင်းပြောင်းနည်းနဲ့ ရောင်းချတာ၊ ပို့ကုန်သွင်းကုန် ပမာဏ အလျှော့အတင်း ပြုလုပ်တာ၊ ပြည်တွင်းမှာ နိုင်ငံခြားငွေနဲ့ ငွေပေးချေမှုများတာ  စတာတွေ ပါဝင်တယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားထားပြီး အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ ပြည်တွင်းဘဏ်တွေကိုလည်း ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
အခုအချိန်မှာ တခြားငွေကြေးတွေနည်းတူ မြန်မာကျပ်ငွေဟာ ဒေါ်လာနှင့် နှိုင်းယှဉ်မယ်ဆိုရင် ကျဆင်းနေပြီး ကုန်သွယ်မှုကဏ္ဍမှာ သွင်းကုန်ပမာဏက ပို့ကုန်ပမာဏထက် ပိုမိုများပြားပြီး ကုန်သွယ်ရေး လိုငွေပြမှု ကာလကြာရှည်စွာ ဖြစ်ပေါ်နေမှုကြောင့် ဒေါ်လာဝယ်လိုအား မြင့်တက်စေပြီး နိုင်ငံ့ငွေတန်ဖိုးကို ကျဆင်းစေပါတယ်။
လက်ရှိအခြေအနေအရ နိုင်ငံခြားငွေ စီးဝင်မှုတွေ အေးနေချိန်မှာ သွင်းကုန်ပမာဏက ပို့ကုန်ပမာဏထက် ပိုမိုများပြားနေတဲ့အပြင် သွင်းကုန်ပစ္စည်းတွေထဲမှာ စက်သုံးဆီ၊ သကြားစတာတွေကို Re-export အဖြစ် အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့နေတာ ဖြစ်ပါတယ်။ အဲဒီကုန်ပစ္စည်းတွေ တင်သွင်းတဲ့အတွက် ဒေါ်လာတွေ ပြည်ပကို စီးထွက်သွားပေမယ့် Re-export ပြုလုပ်ရာမှာ တရားဝင်လမ်းကြောင်းကနေ အမေရိကန်ဒေါ်လာ ပြန်လည်ဝင်ရောက်မှုမရှိဘဲ တရုတ်ယွမ်နဲ့ ကျပ်ငွေတွေပဲ ပြန်လည်ရရှိတာကြောင့် အဲဒီအချက်ဟာ ပြည်တွင်းဈေးကွက်မှာ ဒေါ်လာအပေါ် ဝယ်လိုအားမြင့် တက်စေခြင်း တစ်ရပ်ဖြစ်တယ်လို့  ဦးဝင်းသော်က ထောက်ပြပါတယ်။
ဒါ့ပြင် မြန်မာဘဏ်တွေမှာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသူတွေဟာ သူတို့ရဲ့ဘဏ်စာရင်းက နိုင်ငံခြားငွေတွေကို ဘဏ်ကို ပြန်လည်မရောင်းချဘဲ နိုင်ငံခြားငွေ လိုအပ်သူတွေကို စာရင်းပြောင်းနည်းနဲ့ ရောင်းခွင့်ရှိနေတာကလည်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းစေခြင်းအကြောင်း တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ဘဏ်တွေအနေနဲ့လည်း ရောင်းဈေး၊ ဝယ်ဈေးကွာဟမှုကို ပိုမိုကွာဟထားတဲ့အတွက် ဘဏ်တွေကို နိုင်ငံခြားငွေ ပြန်လည်ရောင်းချဖို့ စိတ်ဝင်စားမှုနည်းတယ်လို့ ဦးဝင်းသော်က သုံးသပ်ပါတယ်။
မြန်မာစီးပွားရေး လုပ်ငန်းရှင်တချို့ကလည်း ပြည်ပမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ လုပ်ကိုင်ပြီး ပြည်ပဘဏ်တွေမှာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားရှိကာ ပို့ကုန်သွင်းကုန် ပမာဏတွေကို အလျှော့အတင်းပြုလုပ်ပြီး ကုန်အမှာစာတွေ အတိုးအလျှော့တွေ ပြုလုပ်တာ၊ ဟွန်ဒီအရောင်းအဝယ် ပြုလုပ်ပြီး ဒေါ်လာဈေး ကစားခြင်းပြုလုပ်တာကို တွေ့ရှိရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ ပြည်ပမှာ ဘဏ်စာရင်း ဖွင့်လှစ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မှုတို့အတွက် ဗဟိုဘဏ်ဆီက ခွင့်ပြုချက် ရယူရမှာဖြစ်ပြီး သူတို့ရဲ့နိုင်ငံခြား ဘဏ်စာရင်းအသုံးပြုမှု အခြေအနေကိုလည်း ဗဟိုဘဏ်ကို လစဉ်တင်ပြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေကို ဥပဒေနဲ့အညီ ဗဟိုဘဏ်ကို တင်ပြသတင်းပို့စေတာ၊ ပြည်ပရှိ နိုင်ငံခြားဘဏ်တွေမှာ စာရင်းဖွင့်လှစ်မှုအစား ပြည်တွင်းရှိ နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲတွေမှာ စာရင်းဖွင့်လှစ်ဖို့ တွန်းအားပေး ဆောင်ရွက်သင့်တယ်လို့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ်က သုံးသပ်ထားပါတယ်။
အဲဒီလို ပြည်ပနိုင်ငံခြား ဘဏ်စာရင်းကနေ နိုင်ငံခြားငွေတွေ ပြည်တွင်းကို ပြောင်းရွှေ့ရောက် ရှိလာမယ်ဆိုရင် နိုင်ငံခြားငွေအပေါ် ရောင်းလိုအားများပြားပြီး ကျပ်ငွေတန်ဖိုး ပြန်လည်မြင့်တက်စေနိုင်တယ်လို့ သိရပါတယ်။
ဒါ့ပြင် ကျပ်ငွေတန်ဖိုး ကျဆင်းစေတဲ့ အကြောင်းတစ်ခုမှာ ဒေါ်လာဝယ်လိုအားကို မြင့်တက်စေနိုင်တဲ့ ပြည်တွင်းပေးချေမှုတွေမှာ နိုင်ငံခြားငွေနဲ့ လက်ခံနေတာကြောင့်လည်း ပါဝင်ပါတယ်။
ဟိုတယ်၊ စားသောက်ဆိုင်၊ လေယာဉ်လက်မှတ် အေဂျင်စီ၊ နိုင်ငံတကာ စာသင်ကျောင်း စတာတွေမှာ မြန်မာကျပ်ငွေနဲ့ ဈေးနှုန်းသတ်မှတ်ပြီး ပေးချေမှုတွေ ပြုလုပ်ရမှာ ဖြစ်ပေမယ့် ဒေါ်လာနဲ့ ပေးချေတဲ့အတွက် ဒေါ်လာအပေါ် ဝယ်လိုအား မြင့်တက်မှုက တစ်ဆင့် ကျပ်ငွေတန်ဖိုး ကျဆင်းမှုတွေ ဖြစ်ပေါ်စေတာကြောင့် ကျပ်ငွေနဲ့ ငွေပေးချေတဲ့စနစ်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သင့်တယ်လို့ ဦးဝင်းသော်က ထင်မြင်သုံးသပ်ထားပါတယ်။
ငွေလဲနှုန်းဟာ ကုန်ဈေးနှုန်း၊ ရွှေဈေးနှုန်းတို့လို အဓိကကုန်စည်တွေရဲ့ ဈေးနှုန်းအပေါ်သက်ရောက်မှု များပြားပြီး နိုင်ငံလုံးဆိုင်ရာ စီးပွားရေး တည်ငြိမ်မှုရဲ့မျှခြေကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ငွေလဲနှုန်း အတက်အကျကြမ်းရင် စီးပွားရေး အခြေအနေတွေလည်း ကမောက်ကမဖြစ်စေပြီး ရှိရင်းစွဲ စီးပွားရေးတည်ငြိမ်မှုကို ထိခိုက်စေမှာပါ။ ဒေါ်လာဈေး မြင့်တက်မှုကြောင့် ပို့ကုန်ကို အားကောင်းစေတယ်လို့ ပြောနိုင်ပေမယ့် သွင်းကုန်ဈေးနှုန်းတွေ ကြီးမြင့်မှုကြောင့် ပြည်တွင်းစားသုံးသူတွေအတွက် ထိခိုက်မှုတွေ ရှိပါတယ်။ ဈေးနှုန်းတွေ မတည်မငြိမ် ဖြစ်ပေါ်မှုဟာ စီးပွားရေး အဝန်းအဝိုင်းတစ်ခုလုံးအတွက် မှန်းဆရခက်ခဲတဲ့ အခြေအနေကို တွန်းပို့နေတာ ဖြစ်ပါတယ်။
“ဒေါ်လာဈေး ကမောက်ကမ ဖြစ်တယ်ဆိုရာမှာ အဓိကအားဖြင့် ဒေါ်လာပြန်ဝင်လာဖို့ လိုပါတယ်။ ဒေါ်လာပြန်ဝင်တယ်ဆိုရာမှာ Export နည်းနဲ့ပြန်ဝင်ဖို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပြန်ဝင်ဖို့လိုပါတယ်”လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒု - ဥက္ကဋ္ဌ ဦးဆက်အောင်က ဒု - သမ္မတနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
မြန်မာငွေတန်ဖိုး တည်ငြိမ်ခိုင်မာရေးဆိုင်ရာ ကိစ္စရပ်တွေကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်တဲ့ ဘဏ္ဍာရေးမူဝါဒ၊ ငွေရေးကြေးရေး မူဝါဒတို့နဲ့ စပ်လျဉ်းပြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့  မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်းမူဝါဒတွေ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ‘ပူးတွဲညှိနှိုင်းရေး ကော်မတီ (National Economic Coordination Committe - NECC)’ ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက်မယ့် ပူးတွဲကော်မတီဟာ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုဆိုင်ရာတွေ၊ နိုင်ငံခြားသုံးငွေ အပေးအယူဆိုင်ရာ ကိစ္စရပ်တွေ၊ ဘဏ္ဍာငွေ သယ်ယူပို့ဆောင်မှုဆိုင်ရာ ကိစ္စရပ်တွေ၊ ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း လိုငွေဖြည့်ဆည်းခြင်း ကိစ္စရပ်တွေ၊ အစိုးရငွေချေး သက်သေခံလက်မှတ်များဆိုင်ရာ ကိစ္စရပ်တွေ၊ မြန်မာငွေတန်ဖိုး တည်ငြိမ်ခိုင်မာရေးဆိုင်ရာ ကိစ္စရပ်တွေ၊ အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ အာဆီယံ ဘဏ္ဍာရေးနဲ့ ငွေရေးကြေးဆိုင်ရာ ကိစ္စရပ်တွေ၊ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်တဲ့ ကိစ္စရပ်တွေကို လုပ်ငန်းတာဝန်အဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ငွေလဲနှုန်းစနစ်ဟာ စီမံခန့်ခွဲထားတဲ့ နှုန်းရှင်ငွေလဲနှုန်းစနစ် ဖြစ်တာကြောင့် ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေးလဲနှုန်းတွေ တည်ငြိမ်အောင် ထိန်းညှိနိုင်ဖို့အတွက် ဗဟိုဘဏ်မှာ အဓိကတာဝန်ရှိပြီး ဈေးကွက်အခြေအနေကို စဉ်ဆက်မပြတ် ထုတ်ပြန်ဖို့နဲ့ အခြေအနေမှန်ကို အများပြည်သူ သိရှိနားလည်အောင် ဆောင်ရွက်ဖို့လိုပါတယ်။
မြန်မာနိုင်ငံထဲကို နိုင်ငံခြားငွေတွေ လုံလုံလောက်လောက် စီးဝင်လာမယ်ဆိုရင် နိုင်ငံခြားငွေ ရောင်းချလိုတဲ့ ပမာဏများပြားလာပြီး နိုင်ငံခြားငွေအပေါ် ဝယ်လိုအားနဲ့ ရောင်းလိုအားတို့ ညီမျှကာ ငွေလဲလှယ်နှုန်းတွေလည်း တည်ငြိမ်သွားနိုင်တာကြောင့် နိုင်ငံအတွင်းကို နိုင်ငံခြားငွေတွေ လုံလုံလောက်လောက် စီးဝင်စေဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးနေတယ်လို့ ဦးဝင်းသော်က ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံကို နိုင်ငံခြားငွေတွေ လုံလုံလောက်လောက် စီးဝင်လာဖို့အတွက် ငွေတန်ဖိုးတက်လွန်း၊ ကျလွန်းမဖြစ်ဘဲ တည်ငြိမ်တဲ့နှုန်းဖြစ်ဖို့ လိုပါတယ်။ လက်ရှိအချိန်အထိတော့ အဓိကနိုင်ငံခြားငွေ စီးဝင်မှုလမ်းကြောင်းဖြစ်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုကတော့ အရင်ဘဏ္ဍာနှစ်တွေနဲ့ယှဉ်ရင် ကျဆင်းနေပါတယ်။ ကုန်သွယ်ရေး ပိုငွေပြဖို့၊ ပို့ကုန်တိုးတက်ဖို့ အတွက်လည်း အချိန်ယူရဦးမယ့် အနေအထား ဖြစ်နေပါတယ်။ ပြည်တွင်းဈေးကွက်ကို ကြည့်ရင်လည်း ငွေကြေးဖောင်းပွမှုနှုန်း မြင့်တာကြောင့် ကုန်ဈေးနှုန်းတွေ တက်နေတဲ့အချိန်မှာ နိုင်ငံခြားငွေလဲနှုန်းကပါ အဆမတန် ဆက်တိုက်ခုန်တက်နေတော့ အခြေခံစားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းတွေလည်း ဆက်မြင့်လာဦးမှာပါ။
အခုလို ဒေါ်လာလဲနှုန်း မြင့်တက်တဲ့အခါ စီးပွားရေးလုပ်ငန်းရှင်တွေအားလုံး အခက်အခဲဖြစ်ပေါ်နေပြီး နောက်ဆက်တွဲအနေနဲ့ ဈေးကွက်ထဲမှာ ကုန်ဈေးနှုန်းနဲ့ ကုန်ကျစရိတ် မြင့်မားမှုဒဏ်တွေ ရိုက်ခတ်လာနိုင်ပါတယ်။ လုပ်ငန်းရှင်တွေ ခက်ခဲရင် ဝင်ငွေနည်းပြည်သူတွေ ကျပ်တည်းစေမှာပါ။ အခုအချိန်မှာတော့ နိုင်ငံခြားငွေလဲနှုန်းအပေါ် လက်ရှိအစိုးရက အာရုံစိုက်လာတာတွေ့ရပြီး တာဝန်အရှိဆုံး အစိုးရအဖွဲ့အစည်းဖြစ်တဲ့ နိုင်ငံတော်ဗဟိုဘဏ် တာဝန်ရှိသူတွေရဲ့ မူဝါဒပိုင်း ထုတ်ဖော်ပြောဆိုမှုတွေ ရှိလာပါတယ်။ ဒါပေမဲ့ အဲဒီလိုပြောနေရင်းကပဲ ဒေါ်လာဈေးနှုန်းက တစ်နေ့ထက် တစ်နေ့ မြင့်တက်နေဆဲ ဖြစ်တာကြောင့် အကျိုးသက်ရောက်မှု အားကောင်းတဲ့ မူဝါဒတွေဖြစ်လာဖို့ အစိုးရက ဘယ်လိုချမှတ် ကိုင်တွယ်နေသလဲဆိုတာ ပြည်သူပြည်သားတွေက စောင့်ကြည့်နေရဆဲပဲ ဖြစ်ပါတယ်။                                    

Most Read

Most Recent