မသန်ပေမယ့် စွမ်းတဲ့ဘခက်

မသန်ပေမယ့် စွမ်းတဲ့ဘခက်
Published 11 December 2016
■ထွန်းဝင်းလတ် (မော်လူး)

(၁)
အထက်မြန်မာပြည်မှ တောသား ကျွန်တော် မန္တလေးရွှေမြို့တော်ကြီးသို့ ရောက်လေတိုင်း မြို့ထဲတွင် မနေတတ်...။ ကားရှုပ်ရှုပ် လူရှုပ်ရှုပ်တွေက ကျွန်တော့်ကို မျက်စိတွေ ရောနားတွေပါ ရှုပ်စေရုံသာမက စိတ်ကိုပါ မွန်းကျပ်စေသည်။ မြို့ပြ၏ စုဖွဲ့မှုကို ကျွန်တော် မနှစ်သက်...။ ဒီတော့ နားအေးပါးအေးရှိမည့် နေရာကို ရှာဖွေမိသည်။ အစ်မ၏ ယောကျ်ား ... ကျွန်တော်၏ ရွှေယောက်ဖ ဈေးဆိုင်ဖွင့်ထားသည့် ရွာကလေး ....။ မန္တလေးမြို့တွင်း ဖြစ်သည့် လမ်း ၃၀ အတိုင်း တက်လာလျှင် မန္တလေး-ပြင်ဦးလွင် ကားလမ်းမကြီးမှာ အဆုံးသတ်ပြီး ပြင်ဦးလွင်ဘက်သို့ ဦးတည်လိုက်ကာ လမ်း၏အရှေ့ ခြမ်းတွင် ရေတံခွန်တောင်သို့ ဟူသော ဆိုင်းဘုတ်ငယ်ကိုတွေ့လျှင် ချိုးကွေ့ဝင်လိုက်ကာ အရှေ့စူးစူးသို့ ဆက်ပြီးသွားရသည်။ လမ်းဘေးဝဲယာတွင်ကား လယ်ကွင်းများ ရွာလေးတစ်ရွာကို ဖြတ်ကာ ဆက်သွားသော် လမ်းမြောက်ဘက်တွင် လယ်ကွင်းများ၏ ဟိုမှာဘက်တွင် ရန်ကင်းတောင်ကို မြင်ရ၏။ လမ်းဘေးဝဲယာတွင်ကား အညာဒေသ၏ ပေါက်ပင်ဖြစ်သည့် တမာပင်များက အစီအရီ .... ထိုမှတစ်ဖန် ရေကြည်ရွာလေးသို့ ဝင်တော့မည်ဆိုလျှင်ကား လမ်းဘေးဝဲယာတွင် စိန်ပန်းပင်များ ..... ရွာလေးကိုဖြတ်သန်းပြီး ... ရွာထိပ် ရေကြည်ချောင်းဘောင်လမ်း ဘယ်ဘက်ကို ကွေ့ဝင်လိုက်လျှင် ရေကြည်ချောင်း တာရိုးဘေးမှာ ရွှေယောက်ဖ၏ ဈေးဆိုင်....။ တည့်တည့်သွားလျှင်ကား ရေတံခွန်တောင်သို့ ရောက်ပေမည်။ မြို့ကြီးနှင့် မဝေးလှပေမယ့် ကျေးလက်ဆန်ဆန်ရွာကလေး ....။  မန္တလေးရောက်လေတိုင်း အမြဲလိုလို ရောက်ဖြစ်သည့် နေရာလေးပင် ....။
 ရွှေယောက်ဖ၏ ဆိုင်နှင့်ကပ်လျက်ကား အနှီကိုဘခက်၏ ‘ရောင်ခြည်ဦး’ တီဗွီအောက်စက်ပြင်ဆိုင်....။ မျက်လုံးပြူးပြူး နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးစစ အသားညိုညို အရပ်ပုပုနှင့် ကိုဘခက် ...။ ရွှေယောက်ဖနှင့် ခင်နေသည်မို့ ကျွန်တော်နှင့်လည်း ခင်မင်သွားသည်မှာ မဆန်း ...။ အလုပ်ချိန်တွင် သူ့ဆိုင်ခန်းအတွင်း တီဗွီ အောက်စက်ပန်ကာ လျှပ်စစ်ထမင်းအိုး ဟင်းအိုးစသည့် ပစ္စည်းပုံများကြား စားပွဲတစ်ခုတွင် အလုပ်ထိုင်လုပ်နေသည်ကို တွေ့ရတတ်သည်။ ကျွန်တော်တို့ သုံးယောက် နေ့လယ်နေ့ခင်း အလုပ်ပါးချိန် ဈေးရောင်းပါးချိန်များတွင် ရေကြည်ချောင်း တာရိုးအတိုင်း မြောက်ဘက်သို့ သွားလျှင်ရောက်သည့် နည်းပညာတ္ကသိုလ် ကျောင်းအဝင်လမ်းဘေးရှိ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောဖြစ်ကြသည်။ သူ့ကိုကျွန်တော်က ကိုဘခက်လို့ခေါ်ပြီး သူကတော့ ကျွန်တော့်ကို အာစိ (အာစရိအတိုကောက်ဆိုလား) ဟုခေါ်သည်။ ခင်မင်မှုသက်တမ်းက မကြာပေမယ့် ...။ တစ်ယောက်နဲ့ တစ်ယောက် ပြောမနာဆိုမနာ .....။ ဒီတော့ သူ့ဘဝအကြောင်းကို ကျွန်တော် စပ်စုကြည့်မိသည်။
(၂)
“ဘခက်ရဲ့  ရာဇဝင်မှာ မရဘူးဆိုတာ မရှိစေရဘူး”
“ဟာ . . . တယ်ဆိုတဲ့ စာပါလားဗျ”
“ဒီလိုပဲလေ . . . အာစိရ ဒီစကားလုံးနဲ့ လုပ်စားနေရတာပဲဗျ . . .” ရယ်ကျဲကျဲနှင့် ပြန်ဖြေ၏။
“နို့ နေပါဦး ကိုဘခက်ရ . . . ခင်ဗျား ဒီပညာကို သင်ခဲ့ရပုံနဲ့ ဒီရွာမှာအခြေချဖြစ် ပုံလေး ကျွန်တော့်ကို ပြောပြစမ်းပါဦး”
“ဟား ဟား အာစိရာ ပြောရရင်အရှည်ကြီးပါ။ ကျုပ်မိဘတွေက မိတ္ထီလာနယ်ဘက်ကဗျ . . .။  အဖေက ယာဉ်ထိန်းရဲ . . . ကျုပ် ငါးနှစ်သားလောက်မှာ ခြေထောက်တစ်ဖက်က မကောင်းဖြစ်တော့ အလှူလုပ်ရင် ပျောက်မယ်လို့ အခါပေးတယ် . . .။ အမေက ဗေဒင်တွေ ယတြာတွေ ယုံတယ်လေ . . .။ အလှူပေးလိုက် တယ်။ ကျုပ်တို့ သင်္ကန်းဝတ်နေတုန်း အဖေ့ကို လာဘ်စားလို့ အလှူလုပ်နိုင်တာဆိုပြီး ယာဉ်ထိန်းကနေ ရိုးရိုးရဲအဖြစ် ပျဉ်းမနားဘက်ကို တာဝန်ချလိုက်တယ်။ အဲ့ဒီမှာ အဖေက ငှက်ဖျားဖြစ်ပြီး ဆုံးပါလေရော။ အဖေဆုံးတော့ အမေက ကျုပ်တို့ မောင်နှမလေးယောက်နဲ့ ရွာကိုပြန်လာခဲ့တာပေါ့။ ရွာမှာ နှစ်နှစ်လောက် နေတယ်ထင်တယ်။ အဲဒီကနေ မန္တလေး နည်းပညာတက္ကသိုလ်မှာ အဆောက်အအုံ ဆောက်တဲ့ဆီကို ပန်းရန်သမအနေနဲ့ အလုပ်လိုက်လာတယ်။ ကျုပ်တို့မောင်နှမတွေက အဲဒီနားက ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းရွာကျောင်းမှာ ကျောင်းတက်ပေါ့။ အဖေသုံးနှစ်ပြည့်တော့ အဖေ့အတွက် ကောင်းမှုဖြစ်အောင်ဆိုပြီး အမေက ကျုပ်ကိုသင်္ကန်းဝတ်ခိုင်းတယ်။ ကျုပ်လည်း သင်္ကန်းဝတ်လိုက်တယ်။ မန္တလေးမြို့ ရေတံခွန်တောင်ဘက်က ဘုန်းကြီးကျောင်းမှာပဲဗျ။ သင်္ကန်းဝတ်နဲ့ တော်တော်ကြာကြာနေခဲ့တာ။ အသက် ၁၉ နှစ်ကျော်တော့ ရဟန်းခံရမယ့်အချိန်မှာ ပြဿနာစတာပဲ။ ကျုပ်ခြေထောက်တစ်ဘက်က မသန်တော့ သိမ်ဝင်လို့မရဘူး။ ရဟန်းမဖြစ်တော့ဘူးပေါ့။ တစ်သက်လုံး ကိုရင်ကြီး ဘဝနဲ့ နေရမယ့်အဖြစ်ဆိုပါတော့ ...။ ကျုပ်က ရဟန်းဘဝမရဘူးဆိုရင် သာသနာ့ဘောင်မှာ မနေတော့ဘူးဆိုပြီး လူထွက်လိုက်တယ်။ လူထွက်ပြီး မန္တလေးကနေ မိုင်းရှူးဘက်ကို ထွက်လာခဲ့တာ။ မိုင်းရှူးမှာ ဦးလေးတွေ ရှိတယ်လေ။ အဲဒီမှာ ရေဒီယိုကက် ဆက်ပြင်သင်တယ်။ အလုပ်က လုပ်ရတယ်။ ဒါပေမဲ့ အလုပ်သမားတွေက ဆေးစွဲနေတဲ့သူ တွေများတော့ အခြေအနေက မကောင်းဘူးပေါ့။ မိုင်းရှူးမှာ တစ်နှစ်နီးပါးနေပြီး အမေ့ရွာကို ပြန်လာ...။  ရေဒီယို ကက်ဆက်ပြင်ဆိုင်လေး ဖွင့်တယ်။ မိုင်းရှူး ဖိုးချိုဆိုတဲ့ နာမည်နဲ့ပေါ့။ ခြောက်လ ခုနစ်လလောက်ရှိတော့ ရွှေတောတင်ရွှေဆိုတဲ့လူက ကျုပ်တို့ဆီမှာ ဆိုင်လာဖွင့်တယ်။ သူက တီဗွီတွေပါ ပြင်တတ်တော့ ကျုပ်ဖောက်သည်တွေ သူ့ဆီရောက်ကုန်တာပေါ့။ ကျုပ်က ရေဒီယို ကက်ဆက်လောက် ပဲရတာလေ။ အမယ်ကျုပ်အမျိုးတွေကအစ ကျုပ်ဆိုင်မလာတော့ဘူးရယ်။ အကုန် ရွှေတောတင်ရွှေဆီပဲ သွားပြင်ကြတော့တာ။ ဒီပုံအတိုင်းဆို မဖြစ်တော့ဘူးဆိုပြီး ဘာဆက်လုပ်ရမလဲ တွေးရတော့တာပေါ့။ လူဆိုတာ ဖြစ်ချိန်တန်ရင် ဘယ်လိုမှ တားဆီးမရဘူး ဆိုတာအာစိယုံလား။ တကယ်နော် အာစိ ဖြစ်ချိန်တန်ရင် တကယ်ကို ဖြစ်လာတာ။ ဒီလိုနဲ့တစ်ရက်ကျတော့ ကျုပ်သင်္ကန်းဝတ်ခဲ့တဲ့ ကျောင်းက ဦးပဉ္စင်းကျုပ်ဆီရောက်လာတယ်။ ဘဝတစ်ဆစ်ချိုးက အဲဒီမှာ စတာပဲ . . . ” စကားပြောနေရင်း မောလာဟန်ရှိသည့် ကိုဘခက် သူ့ရှေ့အကြမ်းပန်ကန်ထဲမှ လက်ဖက်ရည်ကြမ်းကို တစ်မော့သောက်လိုက်သည်။ ဘေးမှ နားထောင်နေမိသည့် ကျွန်တော်ကတော့ ပင့်သက်မောတစ်ချက် မှုတ်ထုတ်လိုက်မိသည်။
ခဏကြာတော့ ....“ကိုဘခက် ဆက်ပြောပါ ဦးဗျ .... ခင်ဗျားရဲ့ ဇာတ်လမ်းလေးက နားထောင်ရတာ ကောင်းလို့ပါ” ဟု ကျွန်တော် စကားဆက်ပြောဖို့ တွန်းအားပေးတော့ .... ကိုဘခက်မှာ သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး ....။
ဦးပဉ္စင်း ကျုပ်ရဲ့ ကက်ဆက်ရေဒီယို ပြင်ဆိုင်လေးကို ရောက်လာပြီး ... ပစ္စည်းတွေ က ပုံနေတာမြင်တော့ ... “ဟကောင် ... မင်း ဆိုင်လေးက ဘယ်ဆိုးလို့လဲ ပြင်ရသားပဲ” ဆို ပြီး ပြောတယ်။ ကျုပ်က “သိပ်အထင်မကြီးနဲ့ ဘုရား ... အရင်ကတော့ ဟုတ်တယ် ... အခုတော့ မပြင်ရတော့ဘူး။ ရွာမှာ တပည့်တော်ထက် တော်တဲ့ကောင် တစ်ကောင် ရောက်လာပြီ။ တပည့်တော်ဆိုင် အခြေအနေမကောင်းဘူး။ သူ့ထက်သာအောင်လုပ်မှ ဖြစ်တော့မှာ ဘုရား။ ဦးဇင်း မန္တလေးပြန်ရင် တပည့်တော် လိုက်ခဲ့ချင်တယ် ဘုရား။ တပည့်တော် ရေဒီယို ကက်ဆက်ပြင်တာအပြင် တီဗွီအပေါ် စက်အောက်စက်ပြင်တာကိုပါ သင်ချင်တာ...။ ဦးဇင်းမှာ အသိရှိရင် အပ်ပေးဦး” လို့ လျှောက်ရတာပေါ့။ ဦးဇင်းက တစ်ချက်စဉ်းစားပြီး . . .
“အေးကွ ... ပုသိမ်ကြီးထဲမှာ ငါနဲ့သိတဲ့ စက်ပြင်ဆရာတစ်ယောက်တော့ရှိတယ်။ လိုက်ခဲ့ကွာ ... ငါပြောပြီး မင်းကိုအပ်ပေးပါမယ်” လို့ ပြောတော့... ကျုပ်ပျော်လိုက်တာ ပြောမနေနဲ့တော့ ...။ စိတ်ထဲကလည်း ပြန်လာခဲ့ရင် တွေ့ကြသေးတာပေါ့ ရွှေတောတင်ရွှေရေလို့ ကြိမ်းဝါးနေမိတာ။ ဦးဇင်း မန္တလေးပြန်ကြွတော့ ကျုပ်လွယ်အိတ်လေး တစ်လုံးထဲကို အဝတ်အစားလေး သုံးစုံလောက်ထည့်ပြီး လိုက်ချလာတာ...။  မန္တလေးရောက်တော့ ဦးဇင်းက သူ့အသိဆရာဆီမှာ အပ်ပေးတယ်။ ဆရာက ဦးဇင်းကို ... “တပည့်တော် တပည့်မမွေးချင်ဘူး ဘုရား။ တပည့်တွေက ပညာလေးနည်းနည်းတတ်လာရင် ဆရာရင်ကို စုန်ကန်သွား ကြတာများတယ်” လို့ လျှောက်တော့ ... ဦးဇင်း က “ဒီကောင့်ကို ငါတာဝန်ယူတယ်။ ငါသေဆို သေရှင်ဆို ရှင်မယ့်ကောင်ပါကွာ စိတ်ချစမ်းပါ” ဆိုပြီးပြောတော့ဆရာက “ဒါဆိုလည်း တပည့်တော် ဒီကောင်ကို အခြေအနေစောင့်ကြည့်ဦးမယ်ဘုရား .. မနက်ဖြန်ဆိုင်ကို လွှတ်ခဲ့လိုက်ပါ” ဆိုပြီး လက်ခံလိုက်တယ် ဆိုပါတော့ဗျာ။  ဦးဇင်းရဲ့ကျေးဇူးတွေ မနည်းဘူးဗျ။ မနက်ပိုင်း ၅ နာရီခွဲဆို အိပ်ရာမထသေးတဲ့ ကျုပ်ကို လာနှိုး ထမင်းချိုင့်လေးထည့်ပေးပြီး ဆိုင်သွားဖို့ လာလာပြောတာ...။ ကျုပ်နေတာက ရေတံခွန်တောင်နားက ဘုန်းကြီးကျောင်းဗျာ... ပုသိမ်ကြီးအထိ စက်ဘီးလေးနင်းပြီး သွားရတာ။ ဆရာက တစ်လလောက် ကျုပ်ကို စကားလည်း မပြောဘူး။ ဘာပညာမှလည်း မသင်ပေးဘူး...။ မနက်ခင်းဆိုင်ရောက်သွား ဆိုင်လေးဖွင့်ပြီးရင် ဆိုင်ရှေ့က အပင်လေးအောက်မှာ ငုတ်တုတ်လေးထိုင် ညနေဆိုင်ပိတ်ရင် ပြန်လာနဲ့ တစ်လကျော်လောက်ရှိမယ်...။ ဆရာကတော်က ဆရာ့ကို “ရှင့်ဟာက ကလေးကို ပညာသင်ပေးရင်လည်းပေး မပေးရင်လည်း ပြန်လွှတ်လိုက်တော့” လို့ ပြောတယ်တဲ့။
ဒါက နောက်ပိုင်းမှ ဆရာကတော်က ကျုပ်ကို ပြန်ပြောပြတာ။ ဆရာကကျုပ်ကို မေးတယ်။ “မင်းအချိန်ဘယ်လောက်ရသလဲ” တဲ့။ ကျုပ်က ‘သုံးလ’ လို့ ပြောတော့ ... ‘မင်းသုံး လနဲ့တော့ ဒီပညာကို ဘယ်လိုတတ်ပါ့မလဲ’  ပြောတယ်။ အဲဒီအချိန်က “ကျုပ်စိတ်ထဲမှာ ရွာက ရွှေတောတင်ရွှေဆိုတဲ့ လူထက်သာချင် တာပဲရှိတာလေ။ ကျန်တာတွေ သိပ်ပြီး ခေါင်းထဲမှာ မရှိဘူး” ဟု ပြောနေရင်း ....
ကိုဘခက်ဘေးမှ တယ်လီဖုန်းလေးက မြည်လာသည်။ ကိုဘခက် သူ့ဖုန်းကို ကောက်ကိုင်ပြီး ‘ဟယ်လို .... သြော် ... ဟုတ်ကဲ့ ... ကျွန်တော် ခုလောလောဆယ်ဆယ် အပြင်ရောက်နေလို့ ... အော်... ဟုတ်ကဲ့ ... ထားခဲ့လိုက်ပါ... ရတယ်.... ရပါတယ်ဗျာ.. မကြာပါဘူး.. ခဏနေပြန်လာတော့မှာ ... အင်းပါ ... ပြင်ထားလိုက်ပါ့မယ်...။ ညပိုင်းလာယူလိုက်ပါ...။ စိတ်ချစမ်းပါဗျာ...။ ဘခက်ပါဗျ ...။ ဟုတ်ပါပြီဗျာ.. ဟုတ်ပါပြီ..။ ဒါဆို ဒါပဲနော်...။ ကျေးဇူးပါဗျာ...”ဟုဆိုပြီး ဖုန်းကိုချလိုက်ကာ....
“အာစိရေ ... အပြင်ခဏ လက်ဖက်ရည် သောက်ထွက်လာတာ စက်တစ်လုံး လာအပ်လာတာ ထားခဲ့ခိုင်းလိုက်တယ်” ကျွန်တော့် ဘက်လှည့်ကာ ရှင်းပြသလိုပြောပြီး ....
အေးနေပြီဖြစ်သည့် လက်ကျန်လက် ဖက်ရည်ကို မော့သောက်လိုက်သည်။ ပြီးနောက် ရေနွေးဓာတ်ဘူးကိုကိုင်ကာ  သူ့လက်ဖက်ရည်ခွက်ထဲသို့ လက်ဖက်ရည်ကြမ်း အနည်းငယ်ထည့်ကာခွက်ကို လှုပ်ခါပြီး စားပွဲအောက်မှ အမှိုက်ခြင်းလေးထဲသို့ သွန်ချလိုက်သည်။
(၃)
“အင်း  . .. ခုနက စကားလေး ဆက်ပြောပြပါဦးဗျ” ကျွန်တော် စကားဆက်ဖို့ ပြောလိုက်တော့...။ လက်ဖက်ရည်ခွက်ထဲမှ ရေနွေးပူကို မှုတ်လိုက်ပြီး တစ်ကျိုက်မော့သောက်၏။ “အင်း ... ဆက်ပြောပါ့မယ် ... အာစိရယ်..... ဒီနေ့အပြီး ပြောပြပါ့မယ်ဗျ....” ။ ကျုပ်က သုံးလပဲ အချိန်ရတယ်လို့ပြောတာကို ဆရာက “သုံးလနဲ့တော့ မဖြစ်ဘူး” ဆိုပြီး ပြောတယ်။ အင်း ... အဲဒီနေ့ကစပြီး ကျုပ်ကို ဆရာအလုပ်တွေ စခိုင်းစသင်ပေးတယ်။ ဆရာကပညာမှာ တော်တော်ကိုတော်တဲ့ ဆရာပါ။ အနေအထိုင်ကအစ ရိုးတယ် အေးတယ်။ အစက သုံးလပဲနေပြီး ရွာပြန်မယ် ကြံထားတဲ့ ကျုပ်သုံးလနဲ့ ဘယ်ပြန်ဖြစ်ပါ့မလဲ။ ခြောက်လ လောက်ကြာလာတော့ ဆရာကဆိုင်မှာ ကျုပ်ကို တစ်ယောက်တည်းထားခဲ့ပြီး နေပြည်တော်က အဆောက်အအုံတွေကို ဝိုင်ယာရိန်းချိတ်ဆက်တဲ့ အလုပ်တွေ အော်ဒါရလို့ထွက်သွားတာ။ နေပြည်တော်မှာ အဆောက်အအုံတွေ ဆောက်ပြီးချိန်ပေါ့။  အင်း.... ဆရာမရှိတော့မှ ကျုပ်ကောင်းကောင်း ရွာလည်တော့တာ။ ပစ္စည်းတွေက လာအပ်ကြ ... ကျုပ်ကလည်း ကျွမ်းကျွမ်းကျင်ကျင် မရှိသေးတော့ ... ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်တော့တာပေါ့။ အခုခေတ်လို အဆက်အသွယ်ကလည်း မကောင်းဘူးလေ။  ကြာတာကအရေးမကြီးဘူး ... ကောင်းသွားဖို့ပဲ လိုတာပါဆိုတဲ့သူမျိုးတွေ ချည်းပဲ။ အခက်အခဲတွေတွေ့ရင် ဆရာ့ဆီ ဖုန်းဆက်မေး သူကရှင်းပြ။ ဆိုင်သိမ်းပြီဆိုရင် လက်စမပြတ်သေးတဲ့ ပစ္စည်းတွေကို ဘုန်းကြီးကျောင်းကို သယ်သွားတာပဲ။ ကျောင်းကကိုယ်နေတဲ့ အခန်းလေးထဲမှာ ညပိုင်းပြင်ပေါ့။ မကျွမ်းကျင်ဘူးဆိုတော့ ပစ္စည်းတွေတပ်ခဲဆော် ... ကွဲတာပေါ့... ဖောင်း ..ဒိုင်း ....နဲ့လေ။ ညပိုင်းတိတ်နေတဲ့ အချိန်ဆိုတော့ ရယ်စစ်စတာ၊ ကက်စ်စီတာ၊ ကွန်ဒက်ဆာလေးတွေ ပေါက်တဲ့အသံကတော်တော်မြည်တာ။ နောက်ပိုင်း ကိုယ့်အခန်းကို အသံလုံအောင် အတတ်နိုင်ဆုံး လုပ်ရတော့တာ။ ဦးပဉ္စင်းက ‘ဒီကောင် ခြေထောက်တစ်ဖက် မသန်ရာကနေ မျက်လုံးတွေပါ ကန်းကုန်တော့မှာပါကွာ” ဆိုပြီး မှတ်ချက်ပေးတဲ့အထိပေါ့။ “တော်တော် ခက်ခဲတဲ့ ကာလလို့ပြောရမှာပေါ့နော့။ တော်တော်လည်း စိတ်ညစ်ရမှာပဲ...။ ဒီလိုတွေ ဖြစ်လာတော့ ပြန်ပြေးချင်စိတ်တွေ မပေါက်လာဘူး ကိုဘခက်ရ...” ဟု ကျွန်တော်က စကားထောက်တော့ .....
“ပြန်ပြေးချင်စိတ်တော့ မပေါက်ဘူးရယ်။ ကိုယ့်ပညာအခြေအနေကို ကိုယ်သိလိုက်တယ်လေ။ ဒီလိုပုံစံနဲ့ လုပ်စားလို့ မဖြစ်သေး ဘူးဆိုတာကို ...။
ပိုကြိုးစားရမယ်ဆိုတာလည်း သိလာတယ်။ အခက်အခဲက အခွင့်အရေးလည်း ဖြစ်နိုင်တယ်ဆိုတာ တကယ်မှန်တဲ့ စကားပဲအာစိရ ...။ ကျုပ်စာအုပ်တွေ ဝယ်ဖတ်တယ်။ လိုတဲ့ ပစ္စည်းတွေကို ဆိုင်မှာ သွားဝယ်တဲ့အခါ ရောင်းတဲ့သူကိုလည်းမေးတယ်။ ပစ္စည်းလာ ဝယ်ရင်းဆုံတဲ့ တခြားဆရာသမားတွေကို လည်းမေးတယ်။ သူတို့ကို လက်ဖက်ရည်ဆိုင်ကိုခေါ် လက်ဖက်ရည်တိုက်ပြီး မေးရမြန်းရတာပေါ့။ ဒီလိုနဲ့ တဖြည်းဖြည်း အဆင်ပြေလာတယ်။  ဆရာက ကျုပ်ကို နှစ်နှစ်လောက် ဆိုင်နဲ့ ထားပစ်ခဲ့တဲ့ အတောအတွင်း တော်တော်လေးကို ပညာတွေရလိုက်တာ။ နှစ်နှစ်ကျော်တော့ ဆရာ ပြန်ရောက်လာပြီး သူ့ဆီက ပညာတွေ ထပ်သင်ပေးထပ်ရပေါ့။ သုံးနှစ်ကျော် လေးနှစ်လောက်ရောက်တော့ ...
ဆရာက ‘ဟေ့ကောင် ... မင်းဆိုင်ခွဲရင် လည်းခွဲတော့’ လို့ပြောတယ်။ ကျုပ်လည်း ‘မခွဲ သေးပါဘူး ဆရာရယ်... ဆရာ့ကို အလုပ်အကျွေးပြုပါဦးမယ်’ ဆိုပြီး နောက်ထပ် နှစ်နှစ်ကျော်နေပေးခဲ့တာ။ နောက်ပိုင်းတော့ ဆရာက ကျုပ်ကို သူ့ဆိုင်က ပစ္စည်းတွေအကုန်ပေးလိုက်တာ... သူက ပြင်ဆိုင်မဖွင့်တော့ဘဲ အိမ်တွင်း ဝိုင်ယာရိန်းရိုက် မီးဆင်တဲ့လုပ်ငန်းဘက်ကို ပြောင်းသွားတော့တာလေ။ ကျုပ်က လောလောဆယ်ဆယ်လည်း ဆိုင်မဖွင့်နိုင်သေး တော့ ... ပစ္စည်းတွေကို ဘုန်းကြီးကျောင်းကို သယ်လာပြီး ကျောင်းအောက်မှာ ပုံထားလိုက်တာ...။ ကျောင်းမှာအောင်းပြီး အနီးနားက လာအပ်တဲ့ ပစ္စည်းတွေကို ပြင်တာပေါ့။
အဲဒီလိုနေလာပြီး တစ်နှစ်ခွဲလောက်ကြာတော့ ‘ငါဒီအတိုင်း ဆက်သွားလို့ မဖြစ်ဘူး ဆိုင်တော့ဖွင့်မှ ဖြစ်မယ်’ ဆိုပြီး ဆိုင်ဖွင့်ဖို့ ကြံတယ်။ ခက်တာက ကျုပ်လက်ထဲမှာ ဆိုင်ဖွင့်နိုင်လောက်အောင် ငွေကြေးမပြည့်စုံဘူး။ ကံကောင်းချင်တော့ ကျုပ်နေတဲ့ ကျောင်းက ဆရာတော်က ဆိုင်ဖွင့်နိုင်ဖို့ ငွေကိုအတိုးမဲ့ ချေးပေးတယ်။ ဒါနဲ့ ကျုပ်ဒီရွာလေးမှာ တီဗွီပြင်ဆိုင်လေး ဖွင့်ဖြစ်တာပဲ ...။ ဆိုင်ခန်းငှား ပြီးတော့ပေါ့။ အခုနေရာမဟုတ်သေးဘူး။ အရင်က ရွာလယ်ပိုင်းမှာ ... ဆိုင်ခန်းငှားခက ဈေးများလာတော့ ... သက်သာမယ့် နေရာလေးရဖို့ ကြံရင်းဖန်ရင်း အခုဒီနေရာကို ရတာပဲ။ ဒီနေရာလေးကတော့ လစဉ်ကြေးပေး ရတာပေါ့။ အဲ ... ပြောဖို့ကျန်သွားတာရှိတယ်။ ဒီရွာလေးထဲရောက်ပြီး တစ်နှစ်လောက်နေတော့ ကျုပ်အခုမိန်းမနဲ့ ညားတာပဲဗျ... ဟဲဟဲ။ အင်း ... အခုတော့ သားလေးတစ်ယောက်ပါ အဖတ်တင်ပြီး အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ ကိုယ့်ဆိုင်လေးနဲ့ကိုယ်၊ ကိုယ့်မိသားစုလေးနဲ့ ကိုယ် ...ဆိုတော့လေ” ဟုတ်ပါပြီဗျာ ...ကျွန်တော် အခုခင်ဗျား အမျိုးသမီးနဲ့ ဘယ်လိုတွေ့ပြီး လက်ထပ်ဖြစ်လဲဆိုတာကို သိချင်တယ်။ နောက်ပြီး ကိုဘခက်ဆိုတာက ခင်ဗျား နာမည်အရင်း မဟုတ်ဘူးနော်... ဒီရွာက လူတွေပေးထားတာလား ဘာလို့ဒီနာမည် တွင်တာလဲဆိုတာလေးတော့ ပြောပြဦး “ဟားဟား အာစိရာ ... အထူးအဆန်းကြီးမဟုတ်ပါဘူး။ ရိုးရိုးလေးပါပဲ။ ပြောပြရင် ဆုံးနိုင်မှာ မဟုတ်လို့ ထားလိုက်ပါစို့ ...။  ဟုတ်တယ် ... ဘခက်ဆိုတာက ကျုပ်နာမည်အရင်းမဟုတ်ဘူး ... ဒီနာမည်က ဒီရွာက လူတွေပေးတာလည်း မဟုတ်ဘူး အာစိရ ....။ ကျုပ်ရေဒီယို ကက်ဆက်ပြင်တဲ့ အချိန်က အမြဲဖွင့်တဲ့ ကက်ဆက် ဇာတ်လမ်းလေး အာစိကြားဘူးမလားတော့ မသိဘူး ... ‘ယုနဲ့ ဘခက်’ ဆိုတဲ့ ကက်ဆက် ဇာတ်လမ်းလေးလေ ... အဲဒီဇာတ်လမ်းထဲက ဇာတ်ကောင် ဘခက်ဆိုတာကို သဘောကျလို့ ကိုယ့်ဟာကိုယ် ဘခက်လို့ နာမည်ပေးထားတာပါ” စကားပြောနေကြရင်း သူ့ဖုန်းလေးက မြည်လာပြန်သည်။
ဖုန်းကိုကောက်ကိုင်လိုက်ရင်း ‘အာစိရေ ... ကျုပ်ရဲ့ ယုဖုန်းခေါ်လာပြီ ..... ပြန်မှ ဖြစ်တော့မယ်’ ကျွန်တော့်ဘက်လှည့်ပြောရင်း ..‘အင်း ... ပြော ... မိန်းမ .... သြော် .... အေးအေး ... လာပြီ ... မကြာဘူး ခဏပဲ ... အေးပါ ...အေးပါ’ ဟု ပြောကာဖုန်းချလိုက်သည် ‘ကဲ ... အာစိ ... သွားကြစို့ ....ကျုပ်ကို မိန်းမ ကြောက်တဲ့ကောင်လို့ မထင်နဲ့နော် ... မိန်းမကို ချစ်တဲ့ကောင်ပါ ... ဟဲ ဟဲ ’ ရယ်ကျဲကျဲနှင့် ပြော၏။
(၄)
မသန်ပေမယ့် စွမ်းသူများဆိုသည့် စာလေးကို ကျွန်တော်ကြားသိ မှတ်သားဖူးသည်။ ဟုတ်ပေသည်။ ကိုယ်လက်အင်္ဂါ မသန်စွမ်းသော်လည်း လောကအလယ်တွင် အခက်အခဲ ဒုက္ခ သုက္ခတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်ဖြတ်ရင်း ဘဝကို တည်ဆောက်ပြီး ဖြတ်ကျော်နေထိုင်နိုင်သူများစွာ ရှိနေသေးသည်။ ထိုသူများထဲတွင် ကိုဘခက်သည်လည်း တစ်ဦးအပါ အဝင်မဟုတ်ပါလား။ သူ့မှာ ညာဘက်ခြေထောက်တစ်ဖက် မသန်ပါ။ သို့သော် ထိုမသန်မှုကို အားငယ်မနေ ... စိတ်ပျက်မနေဘဲ ... ဘဝကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်ရင်း ဘဝကို စိတ်တိုင်းကျ ပုံဖော်နေနိုင်သူ တစ်ဦးဖြစ်နေပေပြီ။ သူ့မှာ ဝမ်းရေးအတွက် နေ့စဉ်ဝင်ငွေရမည့် ပညာရပ်ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်လုပ်ကိုင်နေနိုင်သူတစ်ဦး ဖြစ်သလို လူသားတစ်ဦးဖြစ်သည့်အလျောက် လူသားတာဝန်ကို ကျေပွန်သည့် သားကောင်းဖခင် တစ်ဦးလည်း ဖြစ်နေပေပြီ။ သူတွေ့ ကြုံဖြတ်သန်းခဲ့သည့် ဘဝအတွေ့အကြုံများကလည်း နောက်ထပ်တွေ့ကြုံလာမည့် အခက်အခဲတွေကိုလည်း ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်လိမ့်မည်ဆို တာကလည်း မြေကြီးလက်ခတ်မလွဲပင်။ မသန်ပေမဲ့စွမ်းသူ ကိုဘခက် သူချစ်သောဇနီး၊ သားလေး ထို့ပြင် နောက်ထပ်တိုးပွားလာဦးမည့် သားသမီးရတနာတွေနှင့် ပျော်ရွှင်နိုင်ပါစေဟု ဆုတောင်းရင်း ...... မသန်ပေမယ့် စွမ်းသူကိုဘခက်အား ဂုဏ်ယူလေးစားစွာ ဒီစာလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်.......။ပျော်ရွှင် ချမ်းမြေ့ကြပါစေ ......   

Most Read

Most Recent