စင်ပေါ်ရောက်လာတဲ့ လက်ခစား အထည်ချုပ်လုပ်ငန်းများနဲ့ အလုပ်သမားတွေအတွက် အခွင့်အရေး

စင်ပေါ်ရောက်လာတဲ့ လက်ခစား အထည်ချုပ်လုပ်ငန်းများနဲ့ အလုပ်သမားတွေအတွက် အခွင့်အရေး
Published 4 December 2016
နီလာ

မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်တင်ပို့မှုမှာ တန်ဖိုးအများဆုံးကဏ္ဍဟာ သဘာဝဓာတ်ငွေ့တင်ပို့မှု တန်ဖိုးဖြစ်ပြီးတော့ ဒုတိယအများဆုံးကတော့ CMP လက်ခစား အထည်ချုပ်လုပ်ငန်း ပို့ကုန်တန်ဖိုးပဲ ဖြစ်ပါတယ်။
CMP အထည်ချုပ်ပို့ကုန်တန်ဖိုး
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် နိုဝင်ဘာ ၁၁ ရက်အထိ မြန်မာနိုင်ငံရဲ့ CMP လက်ခစားစနစ်နဲ့ အထည်ချုပ်လုပ်ငန်းများ ပြည်ပသို့တင်ပို့မှုက အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၆၉၀ ကျော် ပိုမိုရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။
၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်ကာလတူက ဒေါ်လာ ၄၀၈ ဒသမ ၈၃၉ သန်းသာ ရရှိခဲ့တဲ့အတွက် ယခုနှစ်အတွင်းမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၆၃၉ ကျော် ပိုမိုရရှိထားခြင်းဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ CMP အထည်ချုပ်လုပ်ငန်းများမှ ပြည်ပတင်ပို့မှုအခြေအနေမှာ ဂျပန်နိုင်ငံဈေးကွက်သို့ ၃၃ ရာခိုင်နှုန်း၊ အီးယူဈေးကွက် အထူးသဖြင့် ဂျာမနီနိုင်ငံသို့ ၂၅ ရာခိုင်နှုန်း၊ ကိုရီးယားနိုင်ငံသို့ ၂၅ ရာခိုင်နှုန်း၊ အမေရိကားဈေးကွက်သို့ ၂ ဒသမ ၄ ရာခိုင်နှုန်းနဲ့ တရုတ်ဈေးကွက်သို့လည်း ၂ ဒသမ ၄ ရာခိုင်နှုန်းခန့် တင်ပို့နေခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းက သိရပါတယ်။
လက်ရှိအချိန်မှာ လည်ပတ်နေတဲ့ အထည်ချုပ်စက်ရုံ ၄၀၀ ကျော်ရှိနေပြီး အဆိုပါစက်ရုံများမှာ လုပ်ကိုင်နေတဲ့ အထည်ချုပ်လုပ်သား လေးသိန်းရှိနေပါတယ်။
ရှေ့ပြေးအသံအဖွဲ့ရဲ့ အနိမ့်ဆုံးကို မြှင့်တင်ပေးခြင်း အစီရင်ခံစာ
မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းများဟာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်ကဲ့သို့ အဓိကထုတ်လုပ်သူများနဲ့ အရွယ်အစားအရ နှိုင်းယှဉ်ပါက သေးငယ်သော်လည်း တရှိန်ထိုးကြီးထွားနေသော နိုင်ငံ၏စက်မှုဇုန်များရှိ စက်ရုံ ၃၅၀ ကျော်မှ တစ်ဆင့်ခံမှာယူ ထုတ်လုပ်သူ ပြည်ပကုမ္ပဏီများ များသထက် များလာနေပါတယ်။ အလုပ်အကိုင် ပိုမိုများလာသော်လည်း အလုပ်သမားစံနှုန်းများမှာ နိမ့်ကျနေသေးတယ်လို့ ရှေ့ပြေးအသံက ထုတ်ပြန်တဲ့အနိမ့်ဆုံးကို မြှင့်တင်ပေးခြင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း အခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
“အခုလောလောဆယ် အထည်ချုပ်လုပ်ငန်းက အရှိန်အဟုန်နဲ့ ကြီးထွားနေပါတယ်။ ကြီးထွားနေတဲ့အပြင်ကို ဆက်ပြီးကြီးထွားဖို့လည်း ရှိနေတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ပြီးတော့ဝင်လာဖို့လည်းရှိတယ်။ အဲဒီအခြေအနေမှာ ကျွန်တော်တို့ကြားသိနေရတဲ့ အလုပ်ရှင်အလုပ်သမား ပြဿနာတွေ၊ လုပ်ငန်းခွင်အခြေအနေနဲ့ ပတ်သက်ပြီးတော့ ရှေ့လျှောက်ဝင်လာမယ့် ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို ဘယ်လိုအကောင်းဆုံး လက်ခံရင်ဆိုင်ကြမလဲဆိုတဲ့ အတွေးနဲ့ ဒီသုတေသနကို လုပ်ရခြင်းဖြစ်ပါတယ်” လို့ရှေ့ပြေးအသံ၊ ယာယီတာဝန်ခံ ကိုအောင်ခိုင်မင်းက ဆိုပါတယ်။
မကြာသေးမီက သုတေသနပြုချက်အရ အထည်ချုပ်လုပ်ငန်း အပါအဝင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးအခန်းကဏ္ဍမှ အလုပ်သမားများဟာ ဆိုးရွားလှတဲ့ အလုပ်ခွင်အခြေအနေများအောက် အလုပ်ချိန်ကြာရှည်စွာ လုပ်နေကြရပြီး ၎င်းတို့အလုပ်ခွင် အခြေအနေများ တိုးတက်ရေးတောင်းဆိုကြရာမှာ စိန်ခေါ်မှုအများအပြား ရင်ဆိုင်နေကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အထည်ချုပ်စက်ရုံလုပ်ငန်းခွင်မှာ အလုပ်ချိန်က တစ်နေ့ကို ရှစ်နာရီနဲ့ ပုံမှန်အားဖြင့် တစ်ပတ်ခြောက်ရက် အလုပ်လုပ်ကြရပါတယ်။ ရှစ်နာရီထက်ပိုပြီး အလုပ်လုပ်ရ၊ တစ်နည်းအားဖြင့် အချိန်ပိုဆင်းရပြီဆိုရင်  တစ်နာရီကို အိုတီကြေးနှစ်ဆပေးတယ်လို့ သိရပါတယ်။ တခြားအာဆီယံနိုင်ငံတွေမှာတော့ အချိန်ပိုကြေး၊ အိုတီကြေးကို တစ်ဆခွဲသာပေးပြီး မြန်မာနိုင်ငံကတော့ နှစ်ဆပေးတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တွေက ဆိုပါတယ်။
အလုပ်ချိန်က တစ်နေ့ကို ရှစ်နာရီဆိုပေမယ့် အလုပ်သမားထုဟာ အချိန်ပိုမဆင်းဖို့ ငြင်းဆန်နိုင်ခြင်း မရှိကြပါဘူး။ နေ့စဉ် စား၊ ဝတ်၊ နေ၊ ရေးအပြင် လူနေထိုင်မှုစရိတ် မြင့်တက်လာတာ၊ အချိန်ပိုလုပ်ခလစာ လိုအပ်တာအပြင် အခြားအကြောင်းအရာမျိုးစုံကြောင့် အလုပ်သမားအများစုက အချိန်ပိုတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ အတင်းအကျပ်စေခိုင်းခံရခြင်း၊ ခြိမ်းခြောက် အနိုင်ကျင့်ခံရခြင်းတွေကြောင့်လည်း အချိန်ပိုတွေဆင်းကြရပါတယ်။
ဒါ့အပြင် ခွင့်ရက်မယူဖို့ မန်နေဂျာတွေ၊ စက်ရုံပိုင်ရှင်တွေက ဖိအားပေးလေ့ရှိပြီး ခွင့်ယူရင်အများစုမှာ လစာဖြတ်တောက်ခံရပါတယ်။ အလုပ်သမားတစ်ဦးအတွက် အနည်းဆုံးအခကြေးငွေမှာ တစ်ရက်ကို ကျပ် ၃၆၀၀ ဖြစ်ပြီး ခွင့်တစ်ရက်ယူရင် ဒဏ်ကြေးက ကျပ် ၅၀၀၀ နဲ့ အထက် ဖြတ်တောက်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပြစ်ဒဏ်အနေနဲ့သော် လည်းကောင်း၊ နောင်ကြဉ်စေရန် အဟန့်အတား အဖြစ်သော်လည်းကောင်း ဖြတ်တောက်မှုမှာ ကျပ်နှစ်သောင်းပင် ကျော်တယ်လို့လည်း အချို့အလုပ်သမားများက ဆိုပါတယ်။
မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများဟာ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေအတွက် စိတ်ဝင်စားဖွယ်၊ ယှဉ်ပြိုင်ချင်ဖွယ်၊ ရွေးချယ်စရာအဖြစ် တည်ရှိနေတဲ့တစ်ချိန်တည်းမှာ အလုပ်ရှင် - အလုပ်သမားကြား အပြုသဘောဆောင်တဲ့ ကောင်းမွန်သောဆက်ဆံရေး၊ နိုင်ငံတကာ အလုပ်သမားစံနှုန်းများနဲ့ ကိုက်ညီမှုမရှိတဲ့ ရေရှည်ဖွံ့ဖြိုးတဲ့ လုပ်ငန်းအဖြစ် စံနမူနာကောင်းဖြစ်ရန် အလားအလာရှိနေပါတယ်။
“ရှေ့လျှောက် ရင်းနှီးမြှုပ်နှံမှုတွေဝင်လာတဲ့အခါ လုပ်ငန်းခွင်အခြေအနေတွေ ဆိုးရွားနေတယ်ဆိုရင် အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ကိုယ့်ဘက်က ထိထိရောက်ရောက် ကာကွယ်မပေးနိုင်ဘူးဆိုရင် အဲဒီလိုအခြေအနေတွေကို ခေါင်းပုံဖြတ်မယ့် ကျင့်ဝတ်သိက္ခာနဲ့မညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပဲ ဝင်လာဖို့များပါတယ်။ တကယ်လို့များ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မယ်၊ အလုပ်အကိုင် အခြေအနေတွေ မြှင့်တင်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ကျင့်ဝတ်သိက္ခာနဲ့ညီတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို မျှော်လင့်နိုင်မှာဖြစ်ပါတယ်” လို့ ကိုအောင်ခိုင်မင်းက ဆိုပါတယ်။
ဒါ့အပြင် တရားဥပဒေစိုးမိုးမှု အားနည်းနေဆဲဖြစ်ကာ အလုပ်သမားဥပဒေများမှာလည်း ခေတ်နောက်ကျနေခြင်း သို့မဟုတ် မကြာမီက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေများဆိုလျှင် ဟာကွက်များစွာရှိနေသဖြင့် အလုပ်သမားများ သင့်တင့်လုပ်ခလစာ၊ လုပ်ငန်းခွင်အခြေအနေနဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် တောင်းဆိုရာမှာ လုံလောက်သော ကာကွယ်မှုမပေးနိုင်ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
“နောက်တစ်ခုက ကျွန်တော်တို့တွေ့ရှိချက်အရ စက်ရုံတချို့က စည်းမျဉ်းစည်းကမ်းတွေ ဥပဒေတွေကို လိုက်နာကြတယ်။ ဒါပေမဲ့ စက်ရုံတော်တော်များများက လိုက်နာတာ မတွေ့ရပါဘူး။ အချိန်ပိုအရဖြစ်ဖြစ်၊ လုပ်ခအရဖြစ်ဖြစ် နည်းမျိုးစုံနဲ့ ခေါင်းပုံဖြတ်ဖို့ ကြိုးစားတာကို တွေ့ရပါတယ်။ အဲဒီတော့ လိုအပ်နေတာဘာလဲဆိုတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ အဲဒီလိုခေါင်းပုံဖြတ်တဲ့ အမူအကျင့်တွေကို ရပ်တန့်နိုင်ဖို့ ဥပဒေအရ ခိုင်ခိုင်မာမာတားဆီးပေးဖို့ လိုအပ်လာပါတယ်” လို့ ကိုအောင်ခိုင်မင်းက ပြောပါတယ်။
အနည်းဆုံးအခကြေးငွေဥပဒေ
၂၀၁၂ ခုနှစ်က အလုပ်သမားများ သောင်းနှင့်ချီ၍ လစာတိုးပေးရေးအပါအဝင် အလုပ်ခွင်အခြေအနေ တိုးတက်ရေးတောင်းဆိုရန် သပိတ်မှောက်ခဲ့တဲ့ အလုပ်သမားလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် အစိုးရက ၂၀၁၃ ခုနှစ် မတ် ၂၂ ရက်တွင် အနည်းဆုံးအခကြေးငွေ ဥပဒေကိုပြဋ္ဌာန်းခဲ့သဖြင့် အလုပ်သမားများ၏ လှုပ်ရှားမှုများအတွက် အောင်မြင်မှုတစ်ခုရခဲ့ပါတယ်။
ယင်းဥပဒေအရ မြန်မာနိုင်ငံ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီကို တည်ထောင်ခဲ့ရာ အစိုးရ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ သုံးပွင့်ဆိုင်ပါဝင်ပြီး ကော်မတီသည် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရန် အခွင့်အာဏာရှိခဲ့ပါတယ်။ နှစ်နှစ်ကျော်ညှိနှိုင်း ဆွေးနွေးခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် ဇွန် ၂၉ ရက်တွင် အနည်းဆုံးလုပ်ခလစာအား တစ်နာရီလျှင် ကျပ်  ၄၅၀ နှင့် ရှစ်နာရီအလုပ်ချိန်ကို အခြေခံသော တစ်ရက်အတွက် ကျပ် ၃၆၀၀ သတ်မှတ်ခဲ့ကာ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် အသက်ဝင်လာခဲ့ပါတယ်။
အခြားဒေသတွင်း နိုင်ငံတွေမှာတော့ အနည်းဆုံးလုပ်ခလစာက တစ်ရက်ကို ထိုင်းနိုင်ငံမှာ ၈ ဒသမ ၈ ဒေါ်လာနဲ့ အများဆုံးဖြစ်ပါတယ်။ ကမ္ဘောဒီးယားက ၅ ဒသမ ၃ ဒေါ်လာ၊ ဗီယက်နမ်က လေးဒေါ်လာနဲ့ မြန်မာကတော့ သုံးဒေါ်လာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကတော့ ၂ ဒသမ ၈ ဒေါ်လာပဲ ရှိတယ်လို့ သိရပါတယ်။
အနည်းဆုံး အခကြေးငွေသတ်မှတ်ပြီး နောက်ပိုင်းအလုပ်သမားထု အခြေအနေ
အလုပ်ချိန်က စက်ရုံအများစုမှာ တစ်နေ့ကို အလုပ်ချိန် ရှစ်နာရီ၊ အချိန်ပိုအပါအဝင် တစ်နေ့ကို ၁၀ နာရီ၊ ၁၁ နာရီ အလုပ်လုပ်နေရပါတယ်။ အဲဒီလို ၁၀ နာရီ၊ ၁၁ နာရီ အလုပ်လုပ်နေရပေမယ့် အချိန်ပိုကြေး အပြည့်အဝမရတဲ့ ပြဿနာ တွေလည်း ရှိနေတယ်လို့ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့မှ ညွှန်ကြးရေးမှူး ကိုပြည်ပိုင်ကိုကို (ခေါ်) ကိုသစ်က ပြောကြားခဲ့ပါတယ်။
“အလုပ်သမားထုရဲ့ အလုပ်ချိန်တွေထဲမှာ လုပ်အားတွေညှစ်ထုတ်ပြီး လုပ်အားတွေကို အမြတ်ထုတ်နေတာ တွေ့ရပါတယ်။ ဘယ်လိုပုံစံမျိုးလဲဆိုရင် တစ်နေ့မှာ အလုပ်ချိန်ရှစ်နာရီရှိမယ်။ ထမင်းစားချိန် နာရီဝက်ရှိမယ်။ အဲဒီထမင်းစားတဲ့အချိန်ကို အပြည့်အဝမပေးတဲ့ အခြေအနေတွေရှိပါတယ်။ အချိန်ပိုကို ဆက်ခေါ်မယ်ဆိုရင် နားချိန်ပေးရမယ် ဆိုပေမယ့်လည်း နားချိန်ကို အပြည့်အဝမပေးဘဲ အလုပ်ချိန်ကို တစ်ဆက်တည်း လုပ်ခိုင်းတာတွေ တွေ့ရပါတယ်။ ဒီနေရာမှာ ဘာကိုသွားတွေ့လဲဆိုတော့ တစ်နေ့ကိုလုပ်အားခရော အလုပ်ချိန်ကိုရော တစ်နာရီလောက်ကို အချိန်ပိုကြေးမရရှိဘဲ လုပ်အားကို အမြတ်ထုတ်ခြင်း၊ အလုပ်ချိန်ကို အမြတ်ထုတ်ခြင်းတွေ ကျွန်တော်တို့ တွေ့ရှိရပါတယ်” လို့ ကိုပြည်ပိုင်ကိုကိုက ဆိုပါတယ်။
စက်ရုံအများစု အထူးသဖြင့် အလုပ်သမား ရာထောင်ချီရှိနေတဲ့ စက်ရုံတွေမှာဆိုရင် တစ်နေ့ကို အလုပ်ချိန်ရာထောင်ချီပြီး အလုပ်ရှင်တွေက သူတို့ရဲ့အပေါ်က အမြတ်ထုတ်တာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ပြီးတဲ့နောက်မှာ အလုပ်ရှင်တွေက အများဆုံးအခကြေးငွေအဖြစ် အသုံးပြုနေတာတွေလည်း ရှိတယ်လို့သိရပါတယ်။ ဥပမာ - အနည်းဆုံးအခကြေးငွေ သတ်မှတ်ပြီးတဲ့ နောက်မှာ စက်ရုံတွေမှာ အစမ်းခန့်၊ အလုပ်သင်၊ အမြဲတမ်းအလုပ်သမားဆိုပြီး သုံးမျိုးရှိတယ်။ A,B,C ဆိုပြီးသုံးမျိုးခွဲထားတယ်။ ဆိုတော့ အလုပ်သင်က အနည်းဆုံးအခကြေး ငွေကျပ် ၃၆၀၀ ရဲ့ ရာခိုင်နှုန်း ၅၀ ဖြစ်တဲ့ ၁၈၀၀ ကို စရပါတယ်။ အစမ်းခန့်သုံးလက အနည်းဆုံးအခကြေးငွေ ၃၆၀၀ ရဲ့ ၇၅ ရာခိုင်နှုန်း ကျပ်၂၇၀၀ ကို ရရှိပါတယ်။ ဆိုတော့ ခြောက်လပြည့်တဲ့ အချိန်ကိုရောက်မှ အမြဲတမ်းဝန်ထမ်းဖြစ်ပြီး ကျပ် ၃၆၀၀ ကို စတင်ရရှိတာဖြစ်ပါတယ်။
တစ်ဆက်တည်းမှာ အနည်းဆုံးအခကြေးငွေ သတ်မှတ်ပြီးနောက်ပိုင်းမှာ အလုပ်သမားတွေဟာ အနည်းဆုံးအခကြေးငွေ မသတ်မှတ်ခင် သူတို့ရရှိတဲ့ ဖယ်ရီခ၊ ထမင်းစရိတ် စသဖြင့် ရှားပါးစရိတ်တွေနဲ့ ပတ်သက်ပြီး တစ်ခုမှမရတော့ဘူးလို့လည်း သိရပါတယ်။
ဒါ့အပြင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ပြီးတဲ့နောက် အဆိုးဆုံးအခြေအနေကတော့ အလုပ်သမားတွေရဲ့စံနှုန်းကို တိုးတောင်းလာတဲ့ ပြဿနာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီစံနှုန်းတွေကတော့  ဥပမာ - တစ်နေ့ကို အလုပ်သမားတစ်ဦးက အထည် ၅၀ ချုပ်နိုင်မယ့် အခြေအနေမှာ အလုပ်ရှင်တွေက အထည် ၇၀ တိုးတောင်းတယ်။ တိုးတောင်းတဲ့အခါမှာ ပြည့်အောင် ချုပ်ပေးရတယ်။ အဲဒီလိုမချုပ်ပေးနိုင်ဘူးဆိုရင် လုပ်အားခထဲကဖြတ်တာတွေ အလုပ်ကထုတ်တဲ့ အခြေအနေတွေ ရှိနေတယ်။ ဒါကဘာကိုသွားတွေ့ရလဲဆိုတော့ အလုပ်ရှင်တွေက အလုပ်သမားတွေ သဘောတူတူ မတူတူ အလုပ်သမားတွေရဲ့ စံချိန်ကို တိုးတောင်းပြီးတော့ အလုပ်သမားတွေရဲ့ လုပ်အားကို အတင်းအဓမ္မ စေခိုင်းတာတွေ တွေ့ရပါတယ်လို့ ကိုပြည်ပိုင်ကိုကိုက ဆက်လက်ပြောကြားခဲ့ပါတယ်။
လုပ်ငန်းခွင် ဘာသာစကားအခက်အခဲ
လုပ်ငန်းခွင်တွေမှာ ဘာသာစကား အခက်အခဲကလည်း ပြဿ နာတစ်ခု ဖြစ်နေပါတယ်။ ဘာသာစကား ပြဿနာရပ်ကြောင့် ဖြစ်လာတဲ့ကိစ္စတွေက လစာ Payslip တွေမှာ မြန်မာစာမပါတာ။ အဲဒီလို မြန်မာစာမပါတာတွေ တချို့စက်ရုံတွေမှာ ရှိနေပါတယ်။ ဆိုတော့ လစာခိုးတဲ့ကိစ္စတွေ ဖြစ်လာတယ်။ အချိန်ပိုတွေကို အလုပ်သမားက များသောအားဖြင့် မှတ်မထားကြဘူး။ အဲဒီလိုအခြေအနေမှာ တရားဝင် အချိန်ပိုကြေးတွေမှာ ခိုးတာ။ တစ်လလုံး နာရီ ၇၀ ဆင်းထားရမယ်။ ဒါပေမဲ့ တကယ်တမ်းမှာ နာရီ ၆၀ လောက်ပဲ ပြထားတယ်။ မှတ်ထားတဲ့သူက သိတော့သိတယ်။ ဒါပေမဲ့ Payslip တွေမှာ မြန်မာစာနဲ့မဟုတ်တဲ့အခါကျတော့ သူတို့ အခက်အခဲတွေရှိပါတယ်လို့ ရှေ့ပြေးအသံအဖွဲ့ရဲ့ အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများအဖွဲ့ ညွှန်ကြားရေးမှူး ကိုသူရိန်အောင်က ပြောပါတယ်။
နောက်တစ်ခုက အုပ်ချုပ်ရေးပိုင်းမှာ နိုင်ငံခြားသားက တိုက်ရိုက်အုပ်ချုပ်တယ်။ စကားပြန်မသုံးဘူး။ ဒါမှမဟုတ်ရင်လည်း လုံလောက်တဲ့ စကားပြန်အရေအတွက်မရှိဘူး။ အဲဒီအတွက် သူတို့ကြားထဲမှာ ပြဿနာတွေရှိကြတယ်။ အဲဒါကြောင့် ဆန္ဒပြတဲ့တချို့ကိစ္စရပ်တွေမှာ ဘာသာစကားပြဿနာကြောင့် ဖြစ်တယ်ဆိုတဲ့ဟာမျိုးတွေ တွေ့ရပါတယ်လို့လည်း ကိုသူရိန်အောင်က ဆိုပါတယ်။
အလုပ်သမားတွေ၊ အလုပ်သမား အခွင့်အရေးလှုပ်ရှားသူတွေက လုပ်ငန်းခွင်မှာ အလုပ်သမားတွေရဲ့ အခွင့်အရေး ခေါင်းပုံဖြတ်မှုတွေရှိနေတယ်လို့ ပြောဆိုနေချိန်မှာ အလုပ်ရှင်တွေနဲ့ အထည်ချုပ်အသင်း ဘက်ကတော့ ဥပဒေနဲ့အညီ ဆောင်ရွက်လျက်ရှိနေပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းမရှိရင် အရေးယူဆောင်ရွက်မယ်လို့လည်း သိရပါတယ်။    
“စက်ရုံတွေက ခေါင်းပုံဖြတ်တယ်ဆိုရင် စက်ရုံတွေဟာ ဥပဒေနဲ့အညီ လုပ်မနေရင် အရေးယူလို့ရပါတယ်။ ဘယ်သူမှ ထွက်ပြေးလို့မရဘူး။ ဥပဒေနဲ့ညီတယ်မညီဘူးဆိုတာ ကြည့်ဖို့ရာအတွက် INGO တွေကလည်း ဒီထဲမှာရောက်နေပြီ။ အလုပ်သမားသမဂ္ဂဆိုတာလည်း ဒါလုပ်ဖို့ဖွဲ့ထားတာကိုး။ ဆန္ဒပြဖို့တောင်းဆိုဖို့တင် မဟုတ်ပါဘူး။ အလုပ်သမား အခွင့်အရေးရအောင်လည်း သူတို့လုပ်ရမှာကိုး” လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားခဲ့ပါတယ်။
တာဝန်ခံမှု၊ တာဝန်ယူမှုရှိအောင် ဘယ်လိုလုပ်ကြမလဲ
“တောင်းဆိုလို့ရပါတယ်။ အားလုံးက ဥပဒေနဲ့ညီအောင်လုပ်ဖို့ရာအတွက် တာဝန်ရှိတယ်။ စက်ရုံတွေမှာရော အလုပ်သမားတွေမှာရော။ ညီခြင်းမညီခြင်းကို စက်ရုံဘက်ကို စက်ရုံဘက်က အသင်းအဖွဲ့တွေက ထိန်းကျောင်းရမှာဖြစ်သလို အစိုးရဌာနတွေကလည်း ထိန်းကျောင်းရမှာ ဖြစ်ပါတယ်။ အလုပ်သမားတွေဆိုရင်လည်း သူတို့မညီဘူးဆိုရင် အလုပ်သမားတွေကိုယ်တိုင်ကလည်း သိဖို့ရာအတွက် အလုပ်သမားသမဂ္ဂတွေက သင်တန်းပေးဖို့လိုပါတယ်။ အလုပ်သမားသမဂ္ဂတွေကလည်း မညီညွတ်တဲ့ဟာကို ဖော်ထုတ်ပြီး အရေးယူနိုင်အောင် ဆောင်ရွက်စရာ တာဝန်ရှိပါတယ်။ ဒါက အားလုံးဝိုင်းလုပ်ရမှာ ဖြစ်ပါတယ်။ အားလုံးသည် လူလိမ္မာတွေချည်း မဟုတ်ပါဘူး။ အားလုံးသည် ဥပဒေလိုက်နာတဲ့သူတွေချည်း မဟုတ်ပါဘူး။ ဒါကြောင့် ရဲစခန်း၊ တရားရုံးတို့ ဥပဒေတွေ ပြဋ္ဌာန်းရတယ်လို့ ယူဆပါတယ်” ဟု မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက သုံးသပ်ပြောကြားခဲ့ပါတယ်။
လုပ်ငန်းရှင်တွေရဲ့ အခက်အခဲ
အထည်ချုပ်လုပ်ငန်းရှင်တွေဟာ ရင်းနှီးမြှုပ်နှံဖို့ ငွေကြေးရနိုင်မှု အခက်အခဲကို ကြီးမားစွာရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ လက်ရှိမှာ စက်အဟောင်းတွေနဲ့သာ လုပ်ငန်းလည်ပတ်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆန်ရှင်ထိထားတဲ့အတွက် လုပ်ငန်းရှင်တွေရော အလုပ်သမားတွေပါ အခက်အခဲမျိုးစုံ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ စက်တွေက ဟောင်းနွမ်းစုတ်ပြတ်နေပြီး လက်ရှိအော်ဒါများချိန် အလုပ်တွေလုပ်တော့မယ် ဆိုတဲ့အချိန်မှာ အဲဒီစက်တွေက အလုပ်မဖြစ်တော့ပါဘူး။ စက်အသစ်လည်း မဝယ်နိုင်သေးဘူး။ ငွေကြေးချေးမယ့် ငှားမယ့်သူလည်းမရှိဘူး။ ဘယ်ဟာပေါင်မှ အိမ်တိုင်ချွတ်ပေါင်မှ ၃၀ ရာခိုင်နှုန်းပေးမယ်၊ ၅၀ ရာခိုင်နှုန်းပေးမယ်ဆိုတာတွေ ဖြစ်တယ်။
အခုက CMP လက်ခစားစနစ်သာဖြစ်တဲ့အတွက် FOB စနစ်ကို သွားချင်တယ်။ ဒီစနစ်ကို အကောင်အထည်ဖော်ဖို့ရာလည်း ခုချိန်အထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။ ကြယ်သီး၊ အပ်ချည်ကအစ ဝယ်ပြီးသွင်းနေရတဲ့ ဒုက္ခတွေရှိတာကိုလည်း မလုပ်နိုင်သေးပါဘူး။
အထည်ချုပ်လုပ်ငန်းတွင် World Atlas Data အရ မြန်မာနိုင်ငံမှာ ၂၀၁၅ - ၂၀၁၆ တွင် ကမ္ဘာကိုတင်ပို့ခဲ့တဲ့ ကုန်ချောတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၁၆၀၀ ကျော်ဖိုးရှိကြောင်း၊ အဆိုပါသန်း ၁၆၀၀ ကျော်ဖိုးမှာ မြန်မာနိုင်ငံ၏ ဝင်ငွေမဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဝင်ငွေအနေဖြင့်မူ အဆိုပါသန်း ၁၆၀၀ ၏ ၁၀ ရာခိုင်နှုန်း ဝန်းကျင်ကိုသာ ရရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ချုပ်ခအနေဖြင့်သာ ရရှိခြင်းကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
“အဲဒီချုပ်ခထဲမှာမှ အမှန်အတိုင်းပြောရရင် ဒီချုပ်ခက အလုပ်ရှင်က ရတာမဟုတ်ဘူးနော်။ အလုပ်ရုံက ရသွားတာပေါ့။ အဲဒီချုပ်ခထဲမှာ ဘာကိုသုံးရသလဲဆိုတော့ ဒီမှာဆိပ်ကမ်းကပ်တာနဲ့ သင်္ဘောပေါ်ကချတာ။ Custom Clearance လုပ်တာ၊ ကုန်တင်ကားငှားတာ၊ ဒီကားကို ကိုယ့်စက်ရုံရောက်သည်အထိ ဝေးရင်ဝေးသလို ပေးရတာ။ ပြီးရင် စက်ရုံရောက်တဲ့အထိ ဖြတ်၊ ညှပ်၊ ကပ်ထုတ်တဲ့ဟာလုပ်ရတာ၊ နောက်ဆုံးသင်္ဘောပေါ် ပြန်တင်တဲ့အချိန်အထိ စရိတ်ကပါတယ်။ ဆိုတော့ ချုပ်ခလို့ပြောတဲ့ဟာမှာ အလုပ်သမားတွေရဲ့ လစာတွေလည်းပါတယ်။ အကောက်ခွန်မှာ စရိတ်တွေလည်းပါတယ်။ ပြီးရင် ကားငှားတာလည်း အကုန်လုံးပါတယ်။ အဲဒါအပြင် စက်ရုံရဲ့အသုံးစရိတ် အကုန်လုံးလည်းပါတယ်။ ရေဖိုး၊ မီးဖိုး၊ လျှပ်စစ်မီးဖိုး၊ အလုပ်သမားတွေ ထမင်းစရိတ်၊ ဖယ်ရီစရိတ်တွေ ဒါတွေအားလုံးက ဒီအထဲကသုံးရတာ။ ဒါကြောင့် အထည်ချုပ်မှာ ပြဿနာတွေအများကြီး ကြားရတယ်ဆိုတာ အဲဒါကြောင့်လေ။ ဝင်တဲ့ဝင်ငွေက အမှန်အတိုင်းပြောရရင် ပုံသေလိုဖြစ်နေတာ။ မြန်မာပြည်တစ်ခုတည်း ဒီလိုပေးတာမဟုတ်ဘူးလေ။ လက်ခစားစနစ်နဲ့လုပ်တဲ့ တိုင်းပြည်တွေ အကုန်လုံးက ဒီလိုပဲရတာ” ဟု အထည်ချုပ်စက်ရုံ လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် CMP လက်ခစားစနစ်ဖြင့် လုပ်ငန်းများ လုပ်ကိုင်နေသည်မှာ နှစ်၂၀ ကျော်ရှိပြီ ဖြစ်သော်လည်း လက်ရှိအချိန်အထိ CMP လက်ခံစားစနစ်မှ FOB တင်ပို့နိုင်သည့်စနစ်သို့ ပြောင်းလဲလုပ်ကိုင်နိုင်ခြင်း မရှိသေးပေ။
အလုပ်ရှင်၊ အလုပ်သမားပြဿနာ
“သူတို့မှာလည်း သူတို့ဒုက္ခက မသေးဘူး။ ရတဲ့ဝင်ငွေက မလောက်ဘူးလေ။ ဒါပေမဲ့အခုတော့လည်း လောက်လောက်မှာပါ။ ဒါပေမဲ့ တစ်မိသားစုလုံး တွက်လို့မရဘူးပေါ့။ လူတစ်ယောက်ရှာပြီး ငါးယောက်လောက် ကျွေးချင်တာတော့ ကမ္ဘာမှာ ဘယ်မှာမှရှာမရတော့ဘူး။ ဒါပေမဲ့ ခုနကပြောသလို အပြင်ကစရိတ်က ကြီးလာတာကိုး။ ဆန်ဈေး၊ အိမ်ဈေး၊ အခန်းဈေးဆို ပိုတောင်ဆိုးသေးတယ်နော်။ အဲဒါကြောင့် ကျွန်မကလူကြီးတွေရှေ့မှာ ပြောခဲ့တာ။ ပိုတောင်းတဲ့ အလုပ်သမားမှာလည်း အပြစ်မရှိဘူး။ မပေးနိုင်တဲ့အလုပ်ရှင်မှာလည်း အပြစ်မရှိဘူး။ ဒီဒုက္ခမှာ နားလည်သွားရင် ဘယ်သူ့အပြစ်တင်မလဲ။ ဟုတ်တယ်မဟုတ်လား။ အကုန်ဒုက္ခရှိတယ်။ ဒီတက်နေတဲ့ ကုန်ဈေးနှုန်းကို အစိုးရက ထိန်းပေးဖို့တာဝန်ရှိတယ်။ ဘာလို့လုပ်မပေးဘူးလဲ။ ဒီကုန်ဈေးနှုန်းမထိန်းဘူးဆိုရင် နောက်သုံးလ၊ ခြောက်လကြည့်လိုက် ဒီ  Minimum Wages ၃၆၀၀က မလောက်တော့ဘူး။ တက်နေမှာလေ ဒီဘက်က။ ဒီဟာကိုထပ်ပြီး မတက်စေချင်ရင် တစ်ဖက်ကို သူထိန်းထားရမယ်။ အဓိကက လူတွေလိုချင်တာဒါပဲလေ။ အိမ်ဈေးကလည်း အရင်လိုတစ်လကို တစ်ထောင်ပဲဖြစ်နေမယ်၊ ကန်စွန်းရွက်ကလည်းတစ်စည်းမှ တစ်ဆယ်နှစ်ဆယ် ဖြစ်နေမယ်ဆိုရင် သူတို့ဟာ ဒီ ၃၆၀၀ ကို မလိုချင်ဘူးပဲ။ တောင်းရကောင်းမှန်းတောင် သိမှာမဟုတ်ဘူး။ လောက်နေရင် ပိုမတောင်းဘူး။ မလောက်လို့ ပိုတောင်းတာ။ ပိုတောင်းတာကို မပေးနိုင်တဲ့အခါကျတော့ ပြဿနာဖြစ်တာ အဲဒီဟာပဲ” လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောပြပါတယ်။
“အဲဒါကြောင့် Minimum Wages ကတက်တာက တက်လို့ရတယ်တက်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ ကျန်တဲ့ဟာတွေ အကုန်လုံးကို အစိုးရက လျှော့ပေးရမယ်။ ဥပမာ - အလုပ်ရှင်တွေအတွက် ကုန်ကျစရိတ်တွေ သူဘာလျှော့ပေးမလဲ။ ဆိပ်ကမ်းနဲ့ဒီကိုလာတဲ့ တစ်ခါရှင်းလင်းစရိတ်က မကုန်ဘူးဆိုရင် အသွားအပြန်အနည်းဆုံး ၁၀ သိန်းလောက်ကုန်တယ်။ ဒါကဒီချုပ်ခထဲကပါသွားပြီ။ ဒါကို အလုပ်သမားလည်းမရ၊ အလုပ်ရှင်လည်းမရနဲ့ ဒါကိုဘယ်သူရသွားလဲ။ ဟုတ်တယ်မဟုတ်လား။ အဲဒါကြောင့် အထည်ချုပ်ခရတဲ့ပိုက်ဆံက ကိုယ်ချည်းပဲရတာမဟုတ်ဘူး။ အပြင်လူကလည်း ပေးရသေးတယ်”ဟု ၎င်းကဆက်လက်ပြောကြားပါတယ်။
ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လိုဖိတ်ခေါ်မလဲ
အထည်ချုပ်လုပ်ငန်းဆိုတာ အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်တဲ့ ကဏ္ဍတစ်ခုဖြစ်ပြီး အတတ်ပညာ လိုအပ်ချက်နည်းပါးပြီး လူတိုင်းနီးပါး အလုပ်အကိုင်ရရှိနိုင်တဲ့ ကဏ္ဍတစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအတွက် တိုးတက်ဖို့အလားအလာ အကောင်းဆုံးကဏ္ဍဟာလည်း အထည်ချုပ်လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဒီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာပြီး တိုင်းပြည်စီးပွားရေး တိုးတက်ဖို့အတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
“မြန်မာနိုင်ငံသားတွေ ကိုယ်နဲ့လက်လှမ်းမီတဲ့နေရာမှာ အလုပ်လုပ်နေကြတာ ကျေနပ်တယ်။ လုပ်နေရင်း နိုင်ငံတကာ လုပ်ခလစာရရင် ပိုပြီးကျေနပ်တယ်။ အဲဒီအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့လိုအပ်ပြီး လုပ်သာကိုင်သာရှိအောင် ဝိုင်းဝန်းထိန်းကျောင်းကြပါ။ အလုပ်အကိုင် အခွင့်အလမ်းပေါ်လာရင် အဲဒီအလုပ်အကိုင် အခွင့်အလမ်းတွေက ဥပဒေနဲ့ညီတဲ့ အလုပ်အကိုင်တွေဖြစ်ရမယ်။ ပြီးရင်လုပ်ခလစာသည်လည်း တည်ဆဲဥပဒေနဲ့အညီ ဖြစ်ဖို့ရာအတွက် အားလုံးက ထိန်းကျောင်းရမှာဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ဆိုပါတယ်။
“ကျွန်တော်တို့ကတော့ ဥပဒေနဲ့ညီအောင် ကြိုးစားတယ်။ ဖြစ်အောင်လုပ်မယ်။ ညီခြင်းမညီခြင်းဆိုတဲ့ဟာတွေကို ထိန်းကျောင်းမယ်။ မညီတဲ့သူကို အပြစ်ပေးမယ်။ ညီတဲ့သူကို လုပ်သာကိုင်သာရှိအောင် ဝိုင်းပြီး ပံ့ပိုးမယ်” လို့ ၎င်းကဆက်လက် ပြောကြားခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ရန်အတွက် နိမ့်ပါးသည့် အလုပ်သမားများ၏ အခွင့်အရေးကိုလျှော့ချခြင်းထက် မြှင့်တင်ပေးရန် လိုအပ်ကြောင်း လူ့အခွင့်အရေး ဆောင်ရွက်သည့် ရှေ့ပြေးအသံအဖွဲ့မှ ဦးအောင်ခိုင်မင်းက ပြောကြားခဲ့ပါတယ်။
“မြန်မာ့စီးပွားရေးကို ကြည့်မယ်ဆိုရင် အလုပ်သမားပိုလျှံမှုတွေကိုလည်း ကြည့်ရမယ်။ အဲဒီတော့ ခြုံပြီးပြောရမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ဖို့အတွက် အလုပ်သမားအခွင့်အရေးတွေကို လျှော့ချတာမျိုးတို့၊ ဒါမှမဟုတ် လုပ်ခတွေကိုလျှော့ချတာမျိုးတို့၊ လုပ်ငန်းခွင်အခြေအနေတွေကို လျှော့ချတာမျိုးတို့ နိမ့်သထက်နိမ့်အောင် လုပ်ပြီးတော့ ဆွဲခေါ်မယ့်အစား ဒီအနိမ့်ဆုံး အနေအထားကို ရောက်နေတဲ့အလုပ်သမားတွေ လုပ်ခလစာအရပဲဖြစ်ဖြစ် ဖွံ့ဖြိုးရေးအရဘဲဖြစ်ဖြစ် နောက်တစ်ခုက လုပ်ငန်းခွင်အခြေအနေအရပဲဖြစ်ဖြစ် နိမ့်ပါးနေတဲ့ အလုပ်သမားလူတန်းစားကို ဘယ်လိုမြှင့်တင်ပေးရမလဲ။ မြှင့်တင်ဖို့ လိုအပ်နေပါတယ်” ရှေ့ပြေးအသံ Progressive Voice ယာယီတာဝန်ခံ ဦးအောင်ခိုင်မင်းက ပြောကြားခဲ့ပါတယ်။