ရန်ကုန်ညဈေး ဂယက်

ရန်ကုန်ညဈေး ဂယက်
Published 4 December 2016
ဆန်းမိုးထွန်း

စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မှာ လမ်းဘေးဈေးသည်တွေနဲ့ ပတ်သက်လို့ ခေတ်အဆက်ဆက် အစိုးရတွေက စီမံချက်နဲ့ဖမ်းဆီးခြင်း၊ ဖယ်ရှားခိုင်းခြင်းတွေ ပြုလုပ်ခဲ့ပေမယ့် လမ်းဘေးဈေးသည် ဦးရေဟာ လျော့နည်းမသွားဘဲ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာခဲ့ပါတယ်။
အစိုးရတစ်ဆက်ပြီး တစ်ဆက်သာ ပြောင်းလဲခဲ့ပေမယ့် ရန်ကုန်မြို့က လမ်းဘေးဈေးသည် ပြဿ နာကိုတော့ ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ခြင်း မရှိပါဘူး။
စီမံချက်ရှိတဲ့အချိန် ဒါမှမဟုတ် လူကြီးလမ်းကြောင်းရှိတဲ့ အချိန်မှသာ လမ်းဘေးဈေးသည်တွေကို မတွေ့ရပေမယ့် အချိန်တန်တော့လည်း ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ လမ်းဘေးဈေးသည်တွေက ရောင်းမြဲ၊ ရောင်းဆဲ၊ ရောင်းလျက်ပါပဲ။
ဒီလိုရောင်းချလာခဲ့ရာကနေ စည်းကမ်းမဲ့တဲ့ တချို့ဈေးသည်တွေက ပလက်ဖောင်းနဲ့ ကားလမ်းမပေါ်အထိ ဆိုင်ခင်းပြီး ရောင်းချလာတဲ့အတွက် ပလက်ဖောင်း လူသွားလမ်းမရှိတော့သလို ယာဉ်ကြောကျပ်တည်းမှုတွေလည်း ဖြစ်ပေါ်လာခဲ့ပါတယ်။
အဲဒီဒုက္ခကို ပြည်သူတွေတော်တော် ခံစားခဲ့ရပါတယ်။ လူသွားလမ်း ပလက်ဖောင်းမှာ ဈေးသည်တွေနဲ့ ပြည့်နေတဲ့အတွက် လမ်းသွားလမ်းလာပြည်သူတွေဟာ ကားလမ်းမပေါ်တက်ပြီး လမ်းလျှောက်ရပါတယ်။ ဒါ့ပြင်ကားလမ်းမပေါ်မှာ လမ်းသွားလမ်းလာတွေနဲ့ ဈေးသည်တွေက ဆိုင်တွေခင်းပြီး ရောင်းချနေတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်လာတာကြောင့် အချိန်ကြန့်ကြာမှုတွေကို ခရီးသွားပြည်သူတွေက ခံစားခဲ့ရပါတယ်။
ဒီပြဿနာတွေက သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှာ ပိုပြီးအသံကျယ်လာတာပါ။ ဒါပေမဲ့ ဦးသိန်းစိန်လက်ထက်မှာလည်း ဒီပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါဘူး။
အစိုးရသစ်စတက်ချိန်မှာ ရန်ကုန်မြို့ လမ်းဘေးဈေးသည်စာရင်းကို အကြမ်းကောက်ယူခဲ့ပြီး ရန်ကုန်မြို့တွင်း လေးမြို့နယ်ဖြစ်တဲ့ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်တွေက လမ်းဘေးဈေးသည်တွေကို ဓာတ်ပုံရိုက်မှတ်ပုံတင်ကာ စာရင်းထပ်မံကောက်ယူမှုကို စက်တင်ဘာ ၂၂ ရက်က စတင်လုပ်ဆောင်ခဲ့တာပါ။
လမ်းဘေးဈေးသည်စာရင်း ကြိုတင်ကောက်ယူခဲ့တုန်းက ရန်ကုန်မြို့တွင်း လေးမြို့နယ်ဖြစ်တဲ့ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်တွေမှာ လမ်းဘေးဈေးသည် ဦးရေ ၅၅၀၀ လောက်ရှိခဲ့ပြီး ကျောက်တံတားမြို့နယ်မှာဈေးသည် ၁၃၀၀၊ ပန်းဘဲတန်းမြို့နယ်မှာ ၂၀၀၀၊ လသာမြို့နယ်မှာ ၁၄၀၀ နဲ့ လမ်းမတော်မြို့နယ်မှာ ၈၀၀ လောက် ရှိခဲ့ပါတယ်။ ရန်ကုန်တစ်မြို့လုံးမှာတော့ ခန့်မှန်းခြေ ဈေးသည်အရေအတွက် ၃၀၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
အဲဒီလို လမ်းဘေးဈေးသည် စာရင်းကောက်တုန်းကတည်းက ဈေးသည်တွေမှာ စိုးရိမ်မှုတွေ ရှိခဲ့ကြပါတယ်။ နေရာအဆင်မပြေမှုဖြစ်တာမျိုးနဲ့ လူအသွားအလာမရှိတဲ့ နေရာတွေမှာ သွားရောင်းခိုင်းမှာကို စိုးထိတ်နေခဲ့ကြတာပါ။
“အန်တီတို့ကို သီးသန့်နေရာပေးတယ်ဆိုရင်တော့ နေရာအရမ်းကျဉ်းကျဉ်းလေးပေးရင်လည်း အန်တီတို့ အဆင်မပြေနိုင်ဘူး။ လူမစည်တဲ့ နေရာမျိုးပေးရင်လည်း အန်တီတို့ ရောင်းလို့ဝယ်လို့ ဘယ်လိုမှ မကောင်းနိုင်ဘူး။ ဒါကြောင့် အစိုးရအနေနဲ့ လမ်းဘေးဈေးသည်တွေကို သက်သက်ညှာညှာ စဉ်းစားပေးပါလို့” လို့ မြို့တော်ခန်းမအနီး လမ်းဘေးဈေးရောင်းချသူ တစ်ဦးက ပြောပါတယ်။
မေးခွန်းမေးခဲ့တယ်
ရန်ကုန်မြို့တွင်းရှိ လမ်းဘေးဈေးသည်တွေကို မှတ်ပုံတင်ကတ်ပြား ထုတ်ပေးပြီး သတ်မှတ်အခွန်ကောက်ခံကာ စနစ်တကျ ရောင်းချခွင့်ပြုမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အောက်တိုဘာ ၁၄ ရက်ကပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
လသာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်ရဲ့ “အများပြည်သူပိုင်မြေများ၊ ဈေးပတ်ဝန်းကျင်များ၊ လမ်းများနံဘေးတွင် ရောင်းချနေသော ဈေးသည်များကို စည်းကမ်းသတ်မှတ်ချက်များထားရှိကာ အခွန်အခများ ပေးဆောင်စေသည့် လိုင်စင်များချမှတ်ပေးပြီး စနစ်တကျရောင်းချစေရန် ရန်ကုန်တိုင်းအစိုးရက ဆောင်ရွက်မည့် အစီအစဉ်များ ရှိ၊ မရှိ” မေးမြန်းမှုအပေါ် ရန်ကုန်မြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့တာပါ။
ဒီလိုလွှတ်တော်ကိုယ်စားလှယ် တင်ပြတဲ့အတိုင်း လုပ်ဆောင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ အစီအစဉ်တွေရှိပြီး ရှေးဦးစွာ ရန်ကုန်မြို့တွင်း လေးမြို့နယ်ဖြစ်တဲ့ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်တွေကို နေရာသတ်မှတ် ရောင်းချစေမှာဖြစ်ပြီး ဈေးသည်တွေကို မှတ်ပုံတင်ကတ်ပြားတွေ ထုတ်ပေးမှာပါ။
“မှတ်ပုံတင်ကတ်ပြားတွေလည်း လုပ်ပြီးနေပါပြီ။ ဈေးသည်တွေကို သတ်မှတ်တဲ့အခွန်အခ ကောက်ခံပြီး စနစ်တကျတည်ခင်း ရောင်းချခွင့်ပြုမှာဖြစ်ပါတယ်” လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။
ဒါ့ပြင် လမ်းဘေးဈေးသည်တွေအတွက် ညဈေးတန်းတွေကိုလည်း Public Area တွေမှာ သတ်မှတ်ရောင်းခွင့်ပေးမှာဖြစ်ပြီး သူတို့အတွက် ရေနဲ့လျှပ်စစ်မီးများ ပေးဖို့ဆောင်ရွက်နေတယ်လို့ ရန်ကုန်မြို့တော်ဝန်က ဆက်လက်ပြောကြားခဲ့ပါတယ်။
အရင်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်က ရန်ကုန်မြို့ရှိ လမ်းဘေးဈေးသည်တွေ လျော့နည်းသွားစေဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ပါဘူး။ အဲဒီအချိန်ကစလို့ လမ်းဘေးဈေးသည်တွေဆီကနေ ဈေးကောက်အခွန်တွေ မကောက်ခံတော့ဘဲ အခုမှသာ အခွန်ပြန်လည်ကောက်ခံဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
အဆိုတင်ခဲ့တယ်
“ရန်ကုန်မြို့အတွင်း အများပြည်သူပိုင် လမ်းများပေါ်၌ ဈေးရောင်း၍ အသက်မွေးနေသော ဈေးသည်များအား စနစ်တကျ ဈေးရောင်းချနိုင်ရန် ကောင်းမွန်သည့် အစီအမံများ လုပ်ဆောင်ပေးရန်” အဆိုကို နိုဝင်ဘာ ၄ ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။
ဒီအဆိုကို ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက တင်သွင်းခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးက ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။
ပြည်သူပိုင်လမ်းများ၊ ပလက်ဖောင်းများပေါ်တွင် ဈေးရောင်း၍ ဘဝရပ်တည်နေသူများအတွက် စည်းကမ်းနှင့်အညီ အချိန်ပိုင်း ဈေးရောင်းချမည့်နေရာ၊ မိမိရောင်းချသည့်ပစ္စည်းများမှ ထွက်ရှိသော အမှိုက်များကို စည်းကမ်းတကျ စွန့်ပစ်ရမည့်နေရာများကို စီစဉ်ဆောင်ရွက်ပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် တာဝန်ရှိကြောင်းနှင့် ယခုကဲ့သို့ စည်းကမ်းမဲ့အခြေအနေ ဖြစ်နေရခြင်းမှာ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ တာဝန်ပျက်ကွက်မှုကြောင့်ဖြစ်ကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆွေးနွေးခဲ့ပါတယ်။
လမ်းဘေးဈေးသည်များသည် လူသွားပလက်ဖောင်းများပေါ်တွင် ဈေးရောင်းချမှုများ ရှိနေခြင်းကြောင့် လမ်းသွားလမ်းလာများအတွက် အဆင်မပြေကြောင်း၊ လမ်းဘေးဈေးသည်များအား ဖယ်ရှားသင့်သော်လည်း ၎င်းတို့၏ စားဝတ်နေရေးကိုလည်း ထည့်သွင်းစဉ်းစားကာ စနစ်တကျလုပ်ဆောင်ပေးသင့်ကြောင်း လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းကလည်း ဆက်လက်ဆွေးနွေးခဲ့ပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းများ မရှာပေးနိုင်မီ လမ်းဘေးဈေးသည်များအား စနစ်တကျလုပ်ပေးသင့်ကြောင်း မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဆွေးနွေးခဲ့သလို လမ်းဘေးဈေးသည်ကိစ္စသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီး အလုပ်အကိုင်ဖန်တီးပေးနိုင်မှု အားနည်းခြင်းကြောင့် ယခင်လမ်းဘေးဈေးသည်မရှိသည့် နေရာများ၌ပင် ဈေးသည်များရောက်ရှိလာကြောင်း လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက ဆွေးနွေးခဲ့ပါတယ်။
ဒါ့ပြင် လမ်းဘေးဈေးသည်ကိစ္စက ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ် ကိုကိုးကျွန်းမြို့နယ်ကလွဲလို့ ကျန် ၄၄ မြို့နယ်မှာ ဖြစ်ပွားနေပြီး စိန်ခေါ်မှုတစ်ခုဖြစ်နေတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့ပါတယ်။
အဆိုကိုအတည်ပြုရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေက သဘောတူခဲ့တာကြောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
ဈေးမရောင်းရနယ်မြေ သတ်မှတ်
ရန်ကုန်မြို့လယ်ရှိ လမ်းမကြီး ၁၁ လမ်းကို လမ်းဘေးဈေးသည် ဈေးမရောင်းရနယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး ဒီလမ်းမကြီးတွေမှာ ရောင်းချပါက ရန်ကုန်မြို့တော်စည်ပင်ဥပဒေနဲ့ အရေးယူမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနကနေ စုံစမ်းသိရှိရပါတယ်။
ဒီလို ဈေးမရောင်းရနယ်မြေအဖြစ် သတ်မှတ်လိုက်တဲ့ လမ်းတွေကတော့ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ ပန်းဆိုးတန်းလမ်း၊ ကုန်သည်လမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ဆူးလေဘုရားလမ်း၊ လသာလမ်း၊ လမ်းမတော်လမ်း၊ ဘုန်းကြီးလမ်းနဲ့ ကမ်းနားလမ်း စတဲ့လမ်းမကြီးတွေ ဖြစ်ပါတယ်။
“လမ်းဘေးဈေးသည် မရောင်းရနယ်မြေအဖြစ် လမ်း ၁၁ လမ်း သတ်မှတ်လိုက်တယ်။ အဲဒီမှာရောင်းရင် အရေးယူမှာပေါ့။ ကမ်းနားလမ်းမှာက ဈေးသည် ၁၆၀၀ လောက်ကိုပဲထည့်မှာ။ ကျန်တဲ့ ဈေးသည်တွေကတော့ အတွင်းလမ်းတွေထဲမှာ ရောင်းရမှာ။ ခုနက ၁၁ လမ်းကိုတော့ ဈေးရောင်းချခွင့် မပေးတော့ဘူး။ အဲဒီလမ်းတွေက အဓိကပိတ်နေတဲ့ လမ်းတွေဖြစ်နေတယ်။ အဲဒီလမ်းမကြီး ၁၁ လမ်းမှာ ဈေးရောင်းရင် စည်ပင်ဥပဒေပုဒ်မ ၆၈၊ ၇၀ စတာတွေနဲ့ အရေးယူမယ်” လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ တာဝန်ရှိသူတစ်ယောက်က ဆိုပါတယ်။
ရန်ကုန်မြို့တွင်း လေးမြို့နယ်ဖြစ်တဲ့ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာနဲ့ လမ်းမတော်မြို့နယ်အတွင်းရှိ လမ်းမကြီးတွေပေါ်က ဈေးရောင်းနေတဲ့ လမ်းဘေးဈေးသည် ၆၀၀၀ ကျော်ထဲကနေ အစားအသောက်နဲ့ သစ်သီးရောင်းချသူ ၁၆၀၀ ကို ကမ်းနားလမ်းမှာ ဖွင့်လှစ်မယ့် ညဈေးတန်းထံ ပြောင်းရွှေ့စေမှာဖြစ်ပါတယ်။ ကျန်ရှိတဲ့ဈေးသည် ၄၀၀၀ ကျော်ကို ရန်ကုန်မြို့တွင်းက နံပါတ်တပ်လမ်းတွေရဲ့ အတွင်းမှာ ထည့်သွင်းမှာဖြစ်တာကြောင့် လမ်းမကြီး (၁၁) လမ်းကို လမ်းဘေးဈေးမရောင်းရ နယ်မြေအဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ညဈေး စတင်ဖွင့်လှစ်
ရန်ကုန်မြို့ရဲ့ ကမ်းနားလမ်း တစ်လျှောက် ဈေးဆိုင်ခန်းပေါင်း ၁၆၀၀ ပါဝင်တဲ့ ညဈေးတန်းတစ်ခုကို နိုဝင်ဘာ၂၃ ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။
အရင်မြို့တော်ဝန်တွေကပြောပြီး အကောင်အထည်မဖော်နိုင်ခဲ့တဲ့ ညဈေးတန်းဖွင့်လှစ်မယ့် အစီအစဉ်ကို လက်ရှိရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြီး စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။
ဖွင့်ပွဲအခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကျွန်တော်တို့ အခုတည်ထောင်လိုက်တဲ့ ညဈေးတန်းကတော့ အစိုးရကနေ စနစ်တကျတည်ဆောက်ပေးတဲ့ ညဈေးတန်း ဖြစ်ပါတယ်။ ဒီညဈေးတန်းမှာ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့အတွက် ရေတို့၊ သန့်ရှင်းရေးအတွက် ရေလောင်းအိမ်သာတို့ ပါဝင်ဖို့အတွက် ကမန်တော်တို့ ပြင်ဆင်ထားပါတယ်။ လုံခြုံရေးအရလည်း ကျွန်တော်တို့ ဒီနေရာတွေကို CCTV ကင်မရာများနဲ့ လုံခြုံရေးကောင်းမွန်ဖို့အတွက် ကျွန်တော်တို့ကြိုးစားထားပါတယ်။ ဒီအခြေအနေတွေကို ကျွန်တော်တို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ တာဝန်ယူပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ညဈေးတန်းမှာ ဈေးရောင်းမယ့်သူတွေက ရန်ကုန်မြို့လယ် လေးမြို့နယ်မှာ လမ်းဘေးမှာဈေးရောင်းနေကြတဲ့ ဈေးရောင်းနေသူတွေကို ကျွန်တော်တို့ စနစ်တကျ ရောင်းဝယ်နိုင်ဖို့အတွက် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သူတို့ကိုစနစ်တကျ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် ဆိုင်ခန်းတွေကို သတ်မှတ်ပေးမယ်။ သူတို့ရောင်းရမယ့် ကုန်ပစ္စည်းတွေကို စနစ်တကျထားပေးပါတယ်။ အစားအသောက်ဆိုရင်လည်း ကျန်းမာရေးနဲ့ ညီညွတ်နိုင်တဲ့ အစားအသောက်မျိုး ဖြစ်နိုင်စေဖို့အတွက် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ညဈေးတန်းတွေမှာ နိုင်ငံတကာကလာတဲ့ ဧည့်သည်တွေ စားသောက်မယ်ဆိုရင်လည်း ကျန်းမာရေးနဲ့ ညီညွတ်နိုင်တဲ့ ညဈေးတန်းများဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီနေရာဟာ ကျွန်တော်တို့ရန်ကုန်မှာ လူတန်းစား အလွှာအသီးသီးလာရောက်ပြီး အပန်းဖြေနိုင်တဲ့ ညဈေးတန်းများ ကျွန်တော်တို့ ဖြစ်စေချင်ပါတယ်။ ဒါကြောင့်မို့ ဒီညဈေးတန်းကို စတင်ပြီးဖွင့်လှစ်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မြို့တော်စည်ပင်သာယာကော်မတီတို့ တိုင်ပင်ပြီး ဒီနေရာကို ကျွန်တော်တို့ စနစ်တကျ ပြင်ဆင်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
“အစိုးရသစ်လက်ထက်မှာတော့ ရန်ကုန်မြိုကတော် စည်ပင်သာယာရေးအတွက် ကိုယ်ရဖို့တင်ပဲ ကိုယ်ကြည့်တာ မဟုတ်ပါဘူး။ တစ်ဖက်က ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့  ပြည်သူလူထုဘက်ကလည်း ကျွန်မတို့ကြည့်ပါတယ်။ အဲဒီအခါမှာ ဈေးသည်တွေ ရောင်းဝယ်ဖောက်ကားနေတဲ့သူတွေ တစ်ဖက်ကဘယ်လိုအဆင်ပြေအောင် ကျွန်မတို့ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုနဲ့ ကျွန်မတို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ယူပြီးတော့မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများအားလုံး ပူးပေါင်းပြီးတော့မှ ဈေးသည်တွေအတွက် နေရာထိုင်ခင်း ရေ၊ မီး အဆင်ပြေအောင် သူတို့အတွက် ဂုဏ်သိက္ခာရှိရှိ ရောင်းဝယ်စားသောက်နိုင်အောင် ကျွန်မတို့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင် (၅) ဒေါ်သန်းမြင့်အောင်က ပြောကြားခဲ့ပါတယ်။
ညဈေးတန်း စတင်ဖွင့်လှစ်ချိန်မှာပဲ ဆိုင်ခန်းနေရာ အကျယ်အဝန်း သတ်မှတ်ပေးမှုအပေါ် ဈေးရောင်းချသူအချို့က မကျေနပ်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
“အခက်အခဲက နေရာဖြစ်ပါတယ်။ လူတိုင်းက တန်းတူရည်တူ အခွင့်အရေးရထိုက်တယ်။ တချို့က ရှစ်ပေရတယ်။ တချို့က လေးပေရတယ်။ ဆိုင်ချင်းအတူတူ အထမ်းသမား ဆီးသီးသည်က ရှစ်ပေရတယ်။ မဖြစ်သင့်ဘူး။ အန်တီတို့ဆိုင်ကြီးသမား လေးပေရတယ်။ လုံးဝမဖြစ်သင့်ဘူး။ မဲနှိုက်တာ မမှန်ကန်ဘူးလို့ ပြောချင်တယ်။ တချို့မဲမနှိုက်ဘဲ ရတဲ့သူတွေရှိတယ်။ မှန်မှန်ကန်ကန်နဲ့ ဈေးရောင်းတဲ့သူတွေအတွက် အများကြီးနစ်နာတယ်။ နာမည်လည်းတူပါရဲ့ ဓာတ်ပုံရိုက်ထားတာလည်းတူပါရဲ့ ဆိုင်ခန်းမရတဲ့သူတွေရှိတယ်။ သက်သေနဲ့ ပြောလို့ရတယ်။ စနစ်မကျလို့ အများကြီးနစ်နာမှုတွေရှိတယ်” လို့ အအေးနဲ့ အသုပ်ရောင်းချသူ လသာမြို့နယ်နေ ဒေါ်အေးအေးလှိုင်က ဆိုပါတယ်။
နောက်ထပ်ဈေးသည် တစ်ယောက်ကတော့ “နေရာကျတော့လည်း ရှစ်ပေသာပြောတာ လမ်းကလည်း အကျယ်အဝန်းက မတူဘူး။ တခြားနေရာတွေက ကျယ်တဲ့ဟာက ကျယ်တယ်။ ကျွန်မတို့ဘက်မှာ ကျဉ်းနေတယ်။ ဆိုင်ပစ္စည်းတွေထားဖို့က အရမ်းဒုက္ခရောက်တယ်။ ပစ္စည်းထားဖို့ ဒုက္ခရောက်တဲ့အတွက် အိမ်ကနေဆိုက္ကားနဲ့ သယ်ရတယ်။ အခုဆိုရင်ပဲ အသွားအပြန် ၆၀၀၀ လောက်ကုန်သွားပြီ။ ဒါက တစ်နေ့ ၆၀၀၀ နော်။ သူတို့ကတစ်နေ့ကို ၁၃၀၀ နှုန်းကောက်မယ်လို့တော့ ပြောတာပဲ။ ဒီရေတွေ၊ မီးတွေ သုံးတဲ့အတွက်ပေါ့။ ဘယ်လိုဆက်လုပ်ရမလဲတောင် မသိတော့ဘူး” လို့ပြောပါတယ်။
ဒီညဈေးတန်းမှာ ဈေးဆိုင်တွေကို ရှစ်ပေပတ်လည်၊ ခြောက်ပေပတ်လည်နဲ့ လေးပေဆိုင်ခန်းဆိုပြီး သတ်မှတ်ပေးထားပါတယ်။ ဒီလိုသတ်မှတ်ထားတဲ့အပေါ်မှာ ဈေးဆိုင်နေရာ လေးပေဆိုင်ခန်း ရရှိတဲ့ ဈေးသည်တချို့က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လိုက်လံကြည့်ရှုတဲ့အခါမှာ မကျေနပ်မှုတွေကို ပြောကြားခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
ညဈေးတန်းမှာ သုံးစွဲတဲ့ ရေ၊ မီး၊ သန့်ရှင်းရေး အခကြေးငွေတွေနဲ့ ပတ်သက်လို့ မှတ်ပုံတင်ခ ကျပ် ၅၀၀၊ ရေဖိုးက တစ်နေ့ကို ဆိုင်အကြီးအသေးအလိုက် ကျပ် ၁၅၀ ကနေ ကျပ် ၃၀၀ အထိ၊ သန့်ရှင်းရေးအတွက် ကျပ် ၁၅၀ ကနေ ကျပ် ၃၀၀ အထိ၊ မီးသုံးစွဲခအတွက် တစ်လကို ကျပ် ၇၀၀ အထိ ကောက်ခံမှာ ဖြစ်ပါတယ်။
လက်ရှိဖွင့်လှစ်လိုက်တဲ့ ညဈေးတန်းက နေ့စဉ် ညနေ ၃ နာရီကနေ ည ၁၁ နာရီအထိ ရောင်းချခွင့်ပြုထားတာဖြစ်ပြီး မြို့နယ်လေးမြို့နယ်က ဈေးသည် ၆၀၄၁ ယောက်ရှိတဲ့အနက် ဈေးသည် ၁၆၀၀ ကိုသာ ရောင်းချခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။ ဒီညဈေးတန်းမှာ သစ်သီးဝလံရောင်းချသူတွေနဲ့ အစားအသောက် ရောင်းချသူတွေကို ဦးစားပေးနေရာချထားတာ ဖြစ်ပါတယ်။
ညဈေးတန်းမှာ မီးနဲ့ရေသွယ်တန်းခြင်း၊ လမ်းဘေးမီးတိုင်များထားရှိခြင်း၊ လုံခြုံရေးကင်မရာများ တပ်ဆင်ခြင်းစတဲ့ ပစ္စည်းတွေအတွက် ကျပ်သိန်း ၇၀၀၀ လောက် အကုန်အကျခံ တည်ဆောက်တပ်ဆင်ခဲ့တယ်လို့ သိရပါတယ်။
ကမ်းနားလမ်း ညဈေးဖွင့်လှစ်ပြီးနောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ မြို့တွင်းမြို့နယ်လေးခုရှိ အဓိကလမ်းမကြီး ၁၁ ခုပေါ်က ဈေးရောင်းချမှုတွေကို ဖယ်ရှားရှင်းလင်းမှာဖြစ်ပြီး ညဈေးမှာ ပြောင်းရွှေ့ခွင့်မရရှိတဲ့ ဈေးသည် ၄၀၀၀ ကျော်ကို သင့်လျော်ရာအဆင်ပြေတဲ့ နံပါတ်တပ်လမ်းတွေအတွင်း ဝင်ရောက်ရောင်းချဖို့ အသိပေးကြေညာထားပါတယ်။။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လိုက်လံဖြန့်ဝေထားတဲ့ စာထဲမှာဈေးသည်တွေအားလုံး နိုဝင်ဘာလကုန် နောက်ဆုံးထားပြောင်းရွှေ့ရမှာဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်မှစကာ စည်ပင်ဥပဒေနဲ့အညီ ဖယ်ရှားမယ်လို့ ပါရှိတာကြောင့် ညဈေးတန်းပြောင်းရွှေ့ ရောင်းချခွင့်မရတဲ့ ဈေးသည် ၄၀၀၀ ကျော်ဟာ အခက်တွေ့နေပါတယ်။ ညဈေးတန်းကို ပြောင်းရွှေ့ခွင့်မရတဲ့ ဈေးသည်တွေက နံပါတ်တပ်လမ်းတွေထဲမှာ ဈေးရောင်းချဖို့ မလွယ်ကူတာကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်လာနိုင်သလို လမ်းအတွင်း နေထိုင်သူတွေနဲ့ ပြဿနာတက်လာနိုင်ပါတယ်။
“သူတို့စာရင်းတွေ စကောက်တုန်းကတော့ သစ်သီးနဲ့ စားသောက်ဆိုင်တွေကို အဓိကပေးမယ်ဆိုပြီး ပြောပြီးကောက်ခဲ့တာ မဟုတ်ဘူး။ အခုတကယ်ရောင်းရတော့ သစ်သီးသည်နဲ့ စားသောက်ဆိုင်တွေကိုပဲ ရောင်းခွင့်ပေးခဲ့တယ်။ အစ်မတို့ကျတော့ ရောင်းလို့မရဘူးဆိုတော့ ဘယ်လိုလုပ်မလဲ။ လမ်းထဲသွားရောင်းရအောင်ကလည်း ကားပါကင်ကိစ္စနဲ့ အိမ်ရှင်တွေက သူတို့အိမ်ရှေ့မှာ ပေးရောင်းတာမဟုတ်ဘူး။ အစ်မတို့က တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေပါ။ အစ်မမှာ သားသမီးသုံးယောက်ရဲ့ ပညာရေးကလည်း ရှိသေးတယ်။ ဈေးမရောင်းရဘူးဆိုရင်တော့ မလွယ်ဘူး” လို့ ကျောက်တံတားမြို့နယ်က လမ်းဘေးဈေးသည် တစ်ယောက်က ဆိုပါတယ်။
လမ်းတွေက လက်မခံ
ရန်ကုန်မြို့တွင်း လေးမြို့နယ်ရှိ လမ်းဘေးဈေးသည်တွေအနက် ၁၆၀၀ သာ ကမ်းနားလမ်းရှိ ညဈေးတန်းမှာ ရောင်းချခွင့်ပြုပြီး ကျန်တဲ့ဈေးသည်တွေကို မြို့တွင်းနံပါတ်တပ် လမ်းတွေထဲမှာ ရောင်းချခွင့်ပြုဖို့ စီစဉ်နေတာကို အဲဒီလမ်းတွေထဲမှာ နေထိုင်သူတွေက လက်မခံဘူးလို့ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဆိုပါတယ်။
ရန်ကုန်မြို့ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် စတဲ့ လေးမြို့နယ်က ဈေးသည် ၆၀၀၀ ကျော်အနက် အစားအသောက်နဲ့ သစ်သီးရောင်းချသူ ဈေးသည် ၁၆၀၀ သာ ကမ်းနားလမ်းရှိ ညဈေးတန်းကို ပြောင်းရွှေ့ရောင်းချခွင့် ပြုခဲ့တာပါ။
ဒါကြောင့် ကျန်ရှိတဲ့ဈေးသည် ၄၀၀၀ ကျော်ကို ရန်ကုန်မြို့တွင်းရှိ နံပါတ်တပ်လမ်းတွေထဲမှာ ဈေးရောင်းချခွင့်ပြုဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စီစဉ်ထားပေမယ့် အဲဒီလမ်းတွေမှာ နေထိုင်သူတွေက Complain တက်နေတယ်လို့ ဒေါ်ကြည်ပြာက ပြောပါတယ်။
“စည်ပင်က အစ်မတို့မြို့တွင်း လေးမြို့နယ်နဲ့ ဆိပ်ကမ်းအပါအဝင်ဆို ငါးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးကို ခေါ်တွေ့ပြီး လမ်းဘေးဈေးသည်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုအစီအစဉ်တွေ လုပ်ထားတယ်။ ဘယ်သူတွေကို အရင်ရွှေ့မယ်ဆိုတာမျိုး ခေါ်ရှင်းပြတယ်။ မြို့တွင်းလေးမြို့နယ်မှာ ဈေးသည် ၆၀၀၀ ကျော်မှာ ၁၆၀၀ ပဲရွှေ့မှာ။ ၁၆၀၀ ရွှေ့မယ်ဆိုတဲ့ အခါကျတော့ ပြဿနာကဈေးသည်တွေက Complain မဟုတ်ဘူး။ ပြည်သူတွေက Complain တက်တာ။ ကျန်တဲ့ဈေးသည်တွေကို လမ်းမကြီးတွေမှာ မရောင်းရတော့ နံပါတ်တပ်လမ်းတွေကိုထည့်မှာ။ နံပါတ်လမ်းတွေထဲက လက်မခံနိုင်ဘူးဆိုတဲ့ အနေအထားမျိုးတွေပေါ့” လို့ ဒေါ်ကြည်ပြာက ဆိုပါတယ်။
“အစ်မတို့မြို့ထဲမှာ အခုတောင် ကားပါကင်ကျပ်တယ်။ အဲဒါကို နံပါတ်တပ်လမ်းထဲမှာ မြေညီထပ်ကအိမ်ရှင်က လက်ခံလိုက်တယ်ဆိုရင်တောင် ကားပိတ်တာ၊ ကားပါကင်ထိုးမရရင် အားလုံးမကျေမနပ်ဖြစ်မှာလေ။ တစ်တိုက်လုံးက မကျေမနပ်ဖြစ်မှာ။ အဲဒါလေးကတော့ လတ်တလောမှာ ပြဿနာဖြစ်နေတာပေါ့” လို့ ဒေါ်ကြည်ပြာက ဆက်လက်ပြောပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့တွင်းရှိ လမ်းမကြီး ၁၁ လမ်းကို လမ်းဘေးဈေး မရောင်းရလမ်းတွေအဖြစ် သတ်မှတ်လိုက်တာကြောင့် ဈေးသည်တွေကို နံပါတ်တပ်လမ်းတွေထဲမှာ ထည့်သွင်းရောင်းချခွင့်ပြုဖို့ စီစဉ်ခဲ့ပေမယ့် လမ်းသူလမ်းသားတွေက ကန့်ကွက်နေ့လို့ ဈေးသည်တွေမှာ အဆင်မပြေမှုတွေ ရှိလာပါတယ်။
“နံပါတ်တပ်လမ်းထဲမှာ ဈေးရောင်းချခွင့် မရဘူးဆိုရင် ဈေးသည်တွေအတွက်က လမ်းထဲလည်း ဝင်ရောင်းလို့မရ၊ လမ်းမကြီးပေါ်လည်း တက်ရောင်းလို့မရရင်တော့ ပြဿနာရှိတယ်။ အစကတည်းက ဖြစ်စေချင်တာ ပန်းဆိုးတန်းတို့၊ ဘားလမ်းတို့က လမ်းအကျယ်ကြီးတွေ၊ လိုင်းကားလည်း မသွားဘူး။ အဲဒီမှာစနစ်တကျ နေရာချပေးရင် အဆင်ပြေမှာ။ အခုဟာက အနော်ရထာလမ်းတို့၊ မဟာဗန္ဓုလလမ်းတို့၊ ပန်းဆိုးတန်းလမ်းတို့ အကုန်လုံးကို ဈေးရောင်းချခွင့် ပိတ်လိုက်တော့ အဆင်မပြေဘူးလေ” လို့ ဒေါ်ကြည်ပြာက ဆိုပါတယ်။
ဒါ့ပြင် ကမ်းနားလမ်းညဈေးတန်းမှာ ကျပ်သန်းပေါင်းများစွာ အကုန်အကျခံပြီး လုပ်ထားတာကြောင့် ရေရှည်အောင်မြင်ဖို့လိုတယ်လို့ သူကဆက်ပြောပါတယ်။
“ဒီလမ်းဘေးဈေးသည်တွေအတွက် ညဈေးတန်းအစီအစဉ်က သန်းပေါင်းများစွာ ကုန်ထားတယ်။ ရေရှည်အောင်မြင်ဖို့ အရေးကြီးတယ်။ ရေရှည်တည်တံ့ဖို့ အစ်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ထပ်ပြီးအကြံပေးခဲ့တယ်။ ဈေးသည်တွေက ငါတို့တစ်ပတ်ပဲရွှေ့မယ်။ ပြီးရင်ပြန်သွားမယ်ဆိုတဲ့ ကိစ္စတွေအတွက်ဆိုရင် စနစ်တကျလေး ဟိုဘက်မှာလည်း ရောင်းချင်အောင်လို့ စီစဉ်ပေးရမယ်” လို့ ဒေါ်ကြည်ပြာက ဆိုပါတယ်။
လက်ရှိညဈေးတန်းမှာ ရောင်းချခွင့်ပြုထားတဲ့ ဈေးသည် ၁၆၀၀ အနက် ဈေးသည် ၃၀၀၊ ၄၀၀ လောက် သာလာရောက်ရောင်းချမှု ရှိနေတယ်လို့သိရပါတယ်။
ညဈေးတန်းကို ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ လမ်းမတော်လေးမြို့နယ် ဖြတ်သန်းပြုလုပ်ထားပေမယ့် ကျောက်တံတားနဲ့ ပန်းဘဲတန်းမြို့နယ်ဘက်အခြမ်းမှာ လာရောက်ရောင်းချတဲ့ ဈေးသည်အရေအတွက် နည်းနေပြီး လသာနဲ့ လမ်းမတော်မြို့နယ်ဘက်မှာတော့ များတယ်လို့ ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။
“ညဈေးတန်းမှာ ဈေးသည် ၁၆၀၀ ရောင်းချခွင့်ပြုတာ။ မနေ့က ညဈေးတန်း ဖွင့်တဲ့အချိန်မှာ အစ်ကိုမှန်းသလောက်ပေါ့ ၃၀၀၊ ၄၀၀ လောက်ပဲ လာရောင်းသေးတာတွေ့တယ်။ ဒါကလည်း စဖွင့်ဖွင့်ချင်းဆိုတော့လေ။ နောက်ပိုင်းတော့ တဖြည်းဖြည်းများလာမှာပေါ့။ အဲဒီမှာက သစ်သီးနဲ့အစားအသောက် ရောင်းတဲ့သူတွေကိုပဲ ရောင်းချခွင့်ပြုထားတာပါ” လို့ သူကဆိုပါတယ်။
ဒါ့ပြင် ညဈေးတန်းမှာ ရောင်းချနေတဲ့ဈေးသည်တစ်ချို့က လသာမြို့နယ်မှာ နေထိုင်ပေမယ့် ကျောက်တံတားမြို့နယ်မှာ ရောင်းချခွင့် မဲပေါက်တာတွေရှိနေတဲ့အတွက် ဒီကိစ္စကို ပြန်လည်ညှိနှိုင်းပေးဖို့ သက်ဆိုင်ရာကို တင်ပြထားတယ်လို့ ဦးသန်းနိုင်ဦးက ပြောပါတယ်။
အရေးယူမယ်
ကမ်းနားလမ်းညဈေးကို ပြောင်းရွှေ့ရောင်းချခြင်းမရှိတဲ့ ဈေးသည်တွေကို အရေးယူမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနကနေ သိရပါတယ်။
ကမ်းနားလမ်းညဈေးကို နိုဝင်ဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မြို့တွင်းက ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် လေးမြို့နယ်ရှိ အစားအသောက်နဲ့ သစ်သီးရောင်းချသူ ၁၆၀၀ ကို ရောင်းချခွင့်ပြုထားပေမယ့် ဈေးသည်အချို့သာ ညဈေးတန်းကို ပြောင်းရွှေ့ရောင်းချမှုရှိတာကြောင့် ပြောင်းရွှေ့ရောင်းချခြင်းမရှိတဲ့ ဈေးသည်တွေကို အရေးယူမှာဖြစ်ပါတယ်။
“ဈေးသည်တွေကို ကမ်းနားလမ်းညဈေးကို ဒီရက်ပိုင်းမှာ အပြီးပြောင်းဖို့ ပြောထားပြီးပါပြီ။ မရောင်းရင် အရေးယူတော့မှာပါ” လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကမ်းနားလမ်း ညဈေးတန်းမှာ ရောင်းချခွင့်ပြုထားတဲ့ ဈေးသည် ၁၆၀၀ အနက် ဈေးသည် ၃၀၀ လောက်သာ လာရောက်ရောင်းချမှုရှိနေပြီး ဈေးသည်အချို့က အရောင်းအဝယ်မကောင်းမှာကို စိုးရိမ်လို့ သွားရောက်ရောင်းချခြင်းမရှိဘူးလို့ ဈေးသည်တစ်ချို့က ပြောပါတယ်။
ဈေးသည်တွေရဲ့ သတင်းစာရှင်းလင်းပွဲ
ညဈေးတန်းမှာ ပြည်သူလူထုအကျိုးအတွက် ပြုလုပ်တည်ထောင်တယ်ဆိုပေမယ့် ညဈေးတန်းမှာ ရောင်းချခွင့်မရရှိသေးတဲ့ ဈေးသည် ၄,၀၀၀ ကျော်အတွက် ရေရာတိကျသော ဖြေရှင်းချက် တစ်စုံတစ်ရာပြောဆိုနိုင်ခြင်း မရှိတာကြောင့် အစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့တော်စည်ပင်မှာ ဝေဖန်မှုတွေကို ရင်ဆိုင်နေရပါတယ်။
ကမ်းနားလမ်း ညဈေးတန်းမှာနေရာမရရှိတဲ့ ဈေးသည် ၃၀၀ ကျော်ကိုယ်စား ဈေးသည်အချို့က နိုဝင်ဘာ ၂၈ ရက်က ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ ပန်းဘဲတန်း စတဲ့လေးမြို့နယ်ရှိ ဈေးသည်တွေကို ကမ်းနားလမ်းမှာ နေရာချထားမှုနဲ့ ပတ်သက်လို့ နေရာမရရှိတဲ့ ဈေးသည်တွေက ရှင်းလင်းပွဲလုပ်ခဲ့တာပါ။
“ကျွန်တော်တို့ ညဈေးတန်းကို ကြိုဆိုပါတယ်။ ဒါပေမဲ့နေရာမလောက်ပါဘူး။ ဈေးသည် ၁၀၀၀ ကျော်ပဲ ရောင်းလို့ရပါတယ်။ ကျွန်တော်တို့ကို ဥပဒေနဲ့ညီအောင် ဘယ်သူလုပ်ပေးမှာလဲ။ စနစ်တကျ ဈေးရောင်းခွင့်ပြုစေချင်တယ်။ သူတို့ချပေးတဲ့ ညဈေးတန်းနေရာကို ကြိုက်တယ်။ ဒါပေမဲ့ စနစ်တကျမဖြစ်ဘူး။ ဒီနေ့လုပ်တဲ့ပွဲက အဲဒီညဈေးတန်းမှာ နေရာမရတဲ့ဈေးသည် ၃၀၀ ကျော်ရဲ့ သဘောထားပါ” လို့ ရှင်းလင်းပွဲမှာ လမ်းဘေးဈေးသည် ကိုအောင်က ပြောပါတယ်။
“ညဈေးတန်းမှာ လေးပေရတဲ့ဆိုင်ရှိတယ်။ ရှစ်ပေရတဲ့ဆိုင်ရှိတယ်။ ရှစ်ပေပေးရင် အကုန်လုံးကိုပေးရမှာ။ အခုဟာက မမျှတဘူး။ အဲဒီမှာ စားသောက်ဆိုင်တစ်ဆိုင်က နေရာအကျယ်ကြီး ယူထားတယ်။ သွားပြောတော့ သူ့နားဆိုင်တွေကမထွက်သေးလို့ သူခင်းရောင်းနေတာဆိုပြီး။ အဲဒါကလည်း နေ့တိုင်းနီးပါးကို ထွက်နေတာ။ အခုညဈေးတန်းမှာ နေရာမရတဲ့သူတွေ ဘာလုပ်စားမလဲ။ နောက်မှာမိသားစုတွေ အများကြီး။ ပြီးတော့ သစ်သီးရောင်းတဲ့သူတွေက လူစည်ကားတဲ့နေရာမှာ ရောင်းရတာ။ ညဈေးတန်းမှာ သစ်သီးရောင်း ဘယ်သူမှလာမဝယ်ဘူး” လို့ သစ်သီးရောင်းချသူ ကိုသန်းဦးက ဆိုပါတယ်။
ဒါ့ပြင် ညဈေးတန်းမှာ နေရာချထားပေးတဲ့အကြောင်း သက်ဆိုင်ရာက အစည်းအဝေးလုပ်ကာ ခေါ်ယူပြောကြားခဲ့ခြင်းမရှိဘူးလို့ ဈေးသည်အချို့က ပြောပါတယ်။
“ဆင်းရဲသားပြည်သူတွေကို မတရားဖိနှိပ်မယ်ဆိုရင် ဘယ်အစိုးရဖြစ်ဖြစ် လက်မခံပါဘူး။ ဆင်းရဲသားအောက်ခြေကို ပြန်ကြည့်ပါ။ အောက်ခြေကိုကြည့်ပြီး ဆုံးဖြတ်ပေးပါလို့ ပြောချင်ပါတယ်”လို့ ရှင်းလင်းပွဲမှာပါဝင်တဲ့ ဦးမိုးသူက ပြောပါတယ်။
မူလနေရာမှာ ပြန်လည်ရောင်းချခွင့်ပြုဖို့ ညဈေးတန်းက ဈေးသည်ရာချီလောက်ကစုပြီး နိုဝင်ဘာ ၂၉ ရက်က မြို့တော်ဝန်ထံ အသနားခံစာတင်တာတွေလည်း လုပ်နေကြပါတယ်။
ဆန္ဒထုတ်ဖော်မယ်
လက်ရှိဖွင့်လှစ်ခဲ့တဲ့ ကမ်းနားလမ်း ညဈေးတန်းမှာရောင်းချတဲ့ ဈေးသည်အချို့မှာ အရင်းပြုတ်ခြင်း၊ ရောင်းချရမှုနည်းခြင်း၊ ပစ္စည်းများ သိမ်းဆည်းဖို့နေရာ အခက်အခဲတွေရှိနေတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တင်ပြမှာဖြစ်ပြီး ဖြေရှင်းပေးခြင်းမရှိပါက ဆန္ဒထုတ်ဖော်သွားမယ်လို့ ဈေးသည်တွေက ပြောပါတယ်။
လက်ရှိအချိန်မှာ အဆင်မပြေမှုတွေကို သက်ဆိုင်ရာတာဝန်ရှိသူများထံ ပေးပို့ဖို့လက်မှတ်တွေ ကောက်ခံထားတယ်လို့ သိရပါတယ်။          
ဒီကိစ္စနဲ့ပတ်သက်လို့ ညဈေးမှာ ဈေးရောင်းနေတဲ့ ဦးကိုကိုနိုင်က “ကျွန်တော်တို့ကို စာတင်ခိုင်းထားတယ်ခင်ဗျ။ ဈေးများဌာနက တာဝန်မှူးတွေရော၊ တာဝန်ခံတွေရော တွေ့ရတယ်လေ။ မနေ့က ၁၂ ခွဲလောက်မှာ တွေ့ကြတာ။ သူတို့က စာတင်လိုက်ပါတဲ့။ သူတို့လည်း ကောင်းဖို့လုပ်တာပေါ့နော်။ ဒါပေမဲ့ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းက ဈေးသည်တွေရဲ့ ပြောစကားတွေက တစ်နေ့တစ်နေ့ ထွက်လာမှာပဲပေါ့နော်။ အဲဒါကိုတော့ နားစွင့်နေပါတယ်ပေါ့။ အဲဒါကို တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည် ရောင်းချပေးကြည့်စေချင်တယ်ပေါ့။ အဲဒါတွေတော့ ပြောသွားတယ်။ အဲဒါတော့ ကျွန်တော်တို့က သောကြာနေ့ကို အပြီးစာတင်မယ်။ သူတို့ စာတင်ခိုင်းထားတဲ့အတိုင်း နိုင်ငံတော်သမ္မတအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေဆီ စာတင်မယ်။ နောက်ပြီးတော့ စည်ပင်သာယာရေး ဝန်ကြီးဆီ စာတင်မယ်ခင်ဗျ။ ဝန်ကြီးချုပ်ကိုလည်း စာတင်မယ်။ တင်ပြီးသွားရင် တစ်ပတ်တန်သည် နှစ်ပတ်တန်သည် စောင့်မယ်။ တစ်ပတ်တန်သည် နှစ်ပတ်တန်သည် ရောင်းချကြည့်မယ်။ အဲဒါမှ အဆင်မပြေဘူးဆိုရင်၊ ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင် ကျွန်တော်တို့ဆန္ဒကို ဒီငါးမြို့နယ်ပေါင်းပြီးတော့ ဆန္ဒပြမယ်။ ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ လမ်းမတော် စတဲ့ ငါးမြို့နယ်ဖြစ်သွားပြီလေ။ ကျွန်တော်က ဈေးသည်တွေကို ပြန်ချပြတယ်။ သူတို့ပြောတဲ့အတိုင်း လုပ်ကြည့်လိုက် အကောင်အထည် မအောင်မြင်ဘူးဆိုရင် ဒီလမ်းကြောင်းပဲ ဆက်သွားမယ်ဆိုရင်၊ ပြည်သူ့အသံကို နားမထောင်ဘူးဆိုရင် ကျွန်တော်တို့က ဆန္ဒပြမှာဖြစ်ပါတယ်”လို့ပြောပါတယ်။             

Most Read

Most Recent