ပယောဂနှင့် MPI

ပယောဂနှင့် MPI
Published 1 December 2016
ဇင်မြင့်

သရဲဝင်ပူးနေသည်ဟုဆိုပြီး ပယောဂဆရာ ဆိုသူမှရိုက်နှက်၍ ကလေးသုံးဦး အသက်ဆုံးရှုံးခဲ့ရပြီး တစ်ဦးဒဏ်ရာရခဲ့သည်။ ဒါပဲလားဆိုတော့မက။ ရွာကျောင်းတစ်ကျောင်းတွင် ကျောင်းသူကလေးများ အများအပြား သရဲပူးသည်ဆိုသည့် Video တွေ Facebook မှာ တွေ့ရသည်။
နားလည်ရန်ခက်ခဲသော အကြောင်းအရာတစ်ခု ပေါ်ပေါက်လာပါက ဟိုလိုလိုဒီလိုလို ဟုတ်နိုးနိုး ထင်မြင်ယူဆမှုများ ပေါ်ပေါက်လာတတ်သည်မှာ သဘာဝဖြစ်ပါသည်။ ပယောဂ၊ အထက်လမ်း စသည့် ပညာရပ်များကို လိုက်စားသူတို့ကလည်း သူတို့ရှုထောင့်မှအမြင်ကို ပြောဆိုခွင့်ရှိရမည်သာ ဖြစ်ပါသည်။
ဒါဆို ဒီလိုသရဲဝင်ပူးသလို ဖြစ်နေတာတွေကို မင်းက သိပ္ပံနည်းကျရှင်းပြနိုင်ပါသလားဟု မေးလာပါလျှင် သိပ္ပံပညာတွင်လည်း ထိုကဲ့သို့ အဖြစ်အပျက်မျိုးကို လေ့လာကာ သူ့နည်းသူ့ဟန်ဖြင့် ကောက်ချက်ချမှုများ ရှိပါသည်။ ထိုသို့ဆို၍ ငါတို့သိပ္ပံပညာအမြင်က မှ အမှန်ဖြစ်သည်။ ပယောဂတွေ ဘာတွေက အလကားဟု မဆိုလိုပါ။ ထိုကဲ့သို့ အဖြစ်အပျက်များကို သိပ္ပံပညာတွင် မည်သို့ သဘောထားကြသည်ကို ဗဟုသုတအနေနှင့် မျှဝေလိုခြင်းသာ ဖြစ်ပါသည်။
သိပ္ပံပညာတွင်လည်း သူ၏ အားနည်းချက် အားသာချက်များ ရှိပါသည်။ အားသာချက်မှာ သိပ္ပံပညာရပ်ဆိုင်ရာ ကောက်ချက်ချမှုများကို ဘယ်တော့မှ ရမ်းပြီးစိတ်မှန်းနှင့် လုပ်လေ့မရှိပါ။ လူအများလက်ခံနိုင်သည့် ရှုထောင့်အဘက်ဘက်မှ အထပ်ထပ်စမ်းသပ်ပြီးမှသာ ဒီအဆိုမှန်ကြောင်း အတည်ပြုကြ လေ့ရှိပါသည်။ တိုတိုပြောရလျှင် အစမ်းသပ်ခံနိုင်ကြသည်။ ထိုအားသာချက်ကြောင့်ပင်လျှင် လူအများစု အားကိုးအားထား ပြုကြခြင်း ဖြစ်ပါသည်။ အားနည်းချက်ကတော့ ကိုင်တွယ်စမ်းသပ်ခြင်း မပြုနိုင်သော၊ လူအများကို လက်တွေ့မျက်မြင်သက်သေနှင့်တကွ ရှင်းပြရန်ခက်ခဲသော စိတ်နှင့်ပတ်သက်သည့် အရာများတွင်တော့ သိပ္ပံပညာ မသိသေးတာတွေ လက်တွေ့သက်သေ မပြနိုင်သေးတာတွေ အများကြီးရှိသေးလေသည်။
စိတ်ပညာဟုခေါ်သော Psychology ပညာရပ်တွင် ဤသို့ သရဲပူးသလို အစုလိုက် အပြုံလိုက် ဖြစ်မှုများကို လေ့လာမှုများရှိပါသည်။ ထိုသို့ တစ်ဦးဖြစ်လျှင် အခြားသူအချို့ပါ အကျိုးအကြောင်း တိတိကျကျပြနိုင်သည့် မည်သည့်ဆက်စပ်မှုမျှ မရှိပါဘဲလျက် ကူးစက်သလို ဖြစ်ခြင်းမျိုးကို အရင်ကတော့ “mass hysteria”ဟု ခေါ်ခဲ့ကြ၍ ယခုတော့ “Mass Psychogenic Illness (MPI)” သို့ မဟုတ် “Mass Sociogenic Illness” ဟူ၍ လည်း ခေါ်ကြပါသည်။ ထိုသို့ဆို၍ လက်ရှိ ကျွန်တော်တို့တွေ့နေကြရသော သရဲပူးသည် ဆိုသည့်အရာများသည် MPI ကြောင့်ဖြစ်သည်ဟု တထစ်ချဆိုလိုခြင်း မဟုတ်ပါ။ ကျွန်တော်တို့ ထံတွင်ဖြစ်သောပုံစံမျိုး အခြားနိုင်ငံများတွင်လည်း ဖြစ်တတ်သည်ဆိုသည်ကို အသိပေး မျှဝေလိုခြင်းဖြစ်ပြီး ဤအဖြစ်အပျက်များကို သိပ္ပံပညာရှုထောင့်က မည်သို့မည်ပုံ လေ့လာအဖြေရှာလျက်ရှိသည်ကို တင်ပြလိုခြင်းသာ ဖြစ်ပါသည်။
MPI ဘာ့ကြောင့်ဖြစ်ရသလဲဆိုသည့် အဖြေကို ယနေ့တိုင် သိပ္ပံပညာရှုထောင့်မှ လူအများကျေနပ်အောင် ဖြေဆိုနိုင်ခြင်း မရှိသေးပါ။ ဖြစ်နိုင်စရာရှိသော အကြောင်းများ (ကျွန်တော်တို့ နားမလည်သေးသော ဓာတ်ငွေ့တစ်မျိုးမျိုးကို ရှူရှိုက်မိခြင်း၊ အဆိပ်တစ်ခုခု သင့်ခြင်း၊ စိတ်လှိုင်းများ၏ ဆက်နွှယ် ပတ်သက်မှု စသည့်) ကိုတော့ အစဉ်မပြတ် သုတေသနပြုဆဲပင် ဖြစ်ပါသည်။ အကြောင်းရင်းကို မသိသေးသော်လည်း အခြားအရေးပါသော အချက်အလက်များဖြစ်သည့် မည်ကဲ့သို့သော လူများတွင် အဖြစ်များသည်ဆိုသော အချက်နှင့် မည်သို့သော အခြေအနေ၊ အသက်အရွယ်တွင် အဖြစ်များသည်ကို လည်းကောင်း၊ မည်သည့်လက္ခဏာများ ဖြစ်လေ့ရှိသည် ကိုလည်းကောင်း၊ မည်သို့ပြုစု ကုသနိုင်သည်ကိုလည်းကောင်း လေ့လာလျက်ရှိပါသည်။
ထိုလေ့လာသုတေသနပြုမှုများမှ သိရသော အချက်အလက်အချို့မှာ MPI သည်
- ဆယ်ကျော်သက်အရွယ် မိန်းကလေးများတွင် အဖြစ်များခြင်း၊
- အကြောဆွဲသလိုဖြစ်ခြင်း။ တက်ခြင်းများ ဖြစ်တတ်သလို ဗိုက်နာခြင်း၊ ခေါင်းကိုက်ခြင်းများလည်း ဖြစ်နိုင်ခြင်း၊
- Stress များသောသူ၊ ကြောက်လန့် အားငယ်တတ်သူများတွင် အဖြစ်များခြင်း၊
- အခြေအမြစ်မရှိသည့် ကောလာဟလများက ပိုဆိုးအောင်တွန်းအားပေးခြင်း၊
- ဘာသာရေး အယူသီးမှုများကြောင့် ပိုဆိုးရွားနိုင်ခြင်း၊
- ချက်ချင်းကုသမှုအနေနှင့် လေကောင်း လေသန့်ရှိရာကို ရွှေ့ပြောင်းထားရှိခြင်း၊ ရေရှည်အနေနှင့် စိတ်ဓာတ်ခိုင်မာအောင် လေ့ကျင့်ပေးခြင်းနှင့် ပျော်ရွှင်ကျန်းမာသော ပတ်ဝန်းကျင်တစ်ခု ဖြစ်လာအောင် ပြောင်းလဲပေးခြင်းတို့ ဖြစ်သည်။
ဘာသာရေး အယူသီးမှုများနှင့် ဆက်နွှယ်တွေးတောမှုများက ကျွန်တော်တို့နိုင်ငံမှာတင် ရှိတာမဟုတ်၊ အခြားနိုင်ငံများတွင်လည်း အရင်ကရှိခဲ့ကြသည်။ ၁၀၂၁ ခုနှစ်က ဂျာမနီနိုင်ငံ၏ တောမြို့လေးတစ်မြို့တွင် ခရစ်စမတ်ည သီချင်းဆိုကာ ကခုန်ကြသော လူငယ်တစ်စုကို အနီးအနားရှိ Church မှ ဘုန်းတော်ကြီးက တားမြစ်တာကို မရတာကြောင့် ဘုန်းကြီးက ‘တစ်နှစ်ပတ်လုံး အမြဲမပြတ် ဆိုကနေကြပါစေ’ လို့ ကျိန်စာတိုက် လိုက်သဖြင့် အခြားဘုန်းကြီးနှစ်ပါးက ကယ်လိုက်မှပဲ သူတို့ခမျာဆိုတာ ကတာရပ်သွားရသည်ဟု ဆိုသည်။ သို့သော် ထိုအဖြစ်အပျက် တကယ် ဟုတ်မဟုတ်ကို ယနေ့ခေတ်တွင် ယုံကြည်သူ ဘယ်လောက်ရှိနိုင်သလဲ ဆိုသည်ကိုတော့ မေးခွန်းထုတ်စရာဖြစ်သည်။
သိပ္ပံပညာက အခြားအယူအဆများထက် သာသော နောက်အချက်တစ်ချက်မှာ ထိုသို့ခံစားနေရသော ဝေဒနာသည်များအတွက် အန္တရာယ်မရှိသော (သို့မဟုတ်) အန္တရာယ်ဘေးထွက် ဆိုးကျိုး အနည်းဆုံးဖြစ်သော (သို့မဟုတ်) အကျိုးနှင့်အဆိုးတွင် အကျိုးပြုမှုက ပိုသောကုသမှု နည်းလမ်းများကိုသာ ညွှန်ပြခြင်းဖြစ်သည်။ ကျွန်တော်တို့ကြုံခဲ့ရသည့်ပယောဂဆရာ (အတုအယောင်လည်း ဖြစ်နိုင်သည်) လို ပါးနားရိုက်၊ ကန်ကျောက်ကာ သေလောက်အောင် ကုသခြင်းများ သိပ္ပံပညာတွင် မရှိပါ။ ဟိုးအရင်ခေတ်များက ဗိုက်ထဲတွင် ဆံပင်များစသည်တို့ကို တွေ့သောကြောင့် ပြုစားသည် စသည့်ယုံကြည်မှုများသည်လည်း သိပ္ပံပညာက ရှင်းပြသော “teratoma” tum- ours”  အကြောင်းများကြောင့် ယခုအခါ ကျွန်တော်တို့ အမှန်ကိုသိခဲ့ကြရပြီ ဖြစ်သည်။
အမှန်တော့ စိတ်နှင့်ပတ်သက်သော အရာများသည် အလွန်သိမ်မွေ့လှပါသည်။ အထူးသဖြင့် အုပ်စုလိုက် ဖြစ်ပွားတတ်သော စိတ်ခံစားမှုပိုင်းဆိုင်ရာ ခံစားမှု ကူးစက်ခြင်းများကို အကြောင်းအရာ (Cause) တစ်ခု တည်းဖြင့် ရှင်းပြရန်လုံလောက်မည် မထင်ပါ။ ထိုသို့ဖြစ်ပွားသောဒေသ၏ လူမှုရေးဆိုင်ရာ အလေ့အထများ၊ ယုံကြည်မှုများ၊ ရာသီဥတုနှင့် နယ်မြေဒေသဆိုင်ရာ အချက်အလက်များ၊ ထိုဒေသတွင် နေထိုင်သူများ၏ စိတ်ခံစားမှုများ၊ ရိုးရာအစဉ်အဆက် လက်ခံလာခဲ့ကြသော အယူသီးမှုများ၊ ကျန်းမာရေး အခြေအနေ၊ နေထိုင်စားသောက်ပုံ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ စသည့်အချက်များကိုလည်း ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်သည်။ ထို့အပြင် Psychosomatics ဟု ခေါ်သော ဥပါဒါန်ကြောင့် ဥပဒ်ရောက်မှုများ၊ အုပ်စုစိတ်စသည့် စိတ်ပညာနှင့်ဆိုင်သော အချက်အလက်များကိုလည်း ထည့်သွင်းလေ့လာကြရမှာ ဖြစ်သည်။
ထိုသို့ဖြစ်ပွားမှုများကို ပျောက်ကင်းအောင်၊ သက်သာရာရအောင် ပြုလုပ်ရာတွင်လည်း ကာယကံရှင်၏ အသက်အန္တရာယ်၊ အရှက်တရား၊ ဥပဒေရေးရာနှင့် လူမှုရေးရာ စောင့်စည်းရမှုများ စသည်တို့ကို ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်သည်။ မိမိ၏ တတ်ယောင် ကားလုပ်ခြင်းသည် ဘာသာတရားတစ်ခုကို အထင်အမြင် မလွဲမှားအောင်လည်း သတိပြုသင့်သည်။ ဘာ့ကြောင့် ထိုကဲ့သို့ အဖြစ်အပျက်များမှာ အုပ်စုစိတ်ကြီးမားကာ တူညီဝတ်စုံ ဝတ်လေ့ရှိသော ကျောင်း၊ စက်ရုံစသည့် နေရာတို့တွင် အဖြစ်များရသနည်း၊ ဘာကြောင့် အားနွဲ့သော ဆယ်ကျော်သက် မိန်းကလေးများတွင် အဖြစ်များရသနည်း၊ များသောအားဖြင့် ဖြစ်ပွားသောသူတို့တွင် (ဥပမာ - စာမေးပွဲ၊ အလုပ်တွင် လူလျှော့ခြင်း စသည့်) Stress တစ်ခုခု ရှိနေရသနည်း၊ ထိုသို့ဖြစ်ပွား သည့်နေရာဌာနတွင် နဂိုကတည်းက တမလွန်လောကနှင့် ပတ်သက်သော ကောလာဟလတို့ ပျံ့နှံ့နေလေ့ရှိရသနည်း စသည့်အချက်အလက်များကို စိတ်ပညာရှုထောင့်၊ လူမှုသိပ္ပံပညာ၊ မနုဿဗေဒနှင့် ဆေးပညာ ရှုထောင့်များမှလည်း လေ့လာသင့်လှပါသည်။
လူ့လောက၊ လူ့သဘာဝတွင် ကျွန်တော်တို့ လူသားတွေ နားလည်နိုင်စွမ်းမရှိသေးသောအရာများ ဒုနှင့်ဒေးရှိနေသေးသည်ကိုက သဘာဝတစ်ခုဖြစ်သည်။ သိပ္ပံပညာဆိုသည်မှာလည်း ကန့်သတ်ချက်တွေ Limitတွေ ရှိမြဲဖြစ်ပြီး သိပ္ပံပညာနှင့် ရှင်းမပြနိုင်သော အရာများလည်း များစွာရှိနေသေးသည်။ အရေးကြီးသည်မှာ မည်သည့်ပညာရပ်မဆို လူ့ဘောင်လောက၏ အချို့အခက်အခဲများ၊ ပြဿနာများ၏ အကြောင်းရင်းကို မသိနိုင်သေးလျှင်တောင်မှ remady ဟုခေါ်သည့် သက်သာစေသည့် (အထူးသဖြင့် ပိုမဆိုးသွား စေသည့်) နည်းလမ်းများဖြင့် လောကကောင်းကျိုးကို သယ်ပိုးကြရမည် ဖြစ်ပါသည်။
(Ref: Mass Psychogenic Illness – A Social Psychological Analysis By Michael J. Colligan)

Most Read

Most Recent